Skip to content

စစ်ကောင်စီဒေါက်တိုင် တရားသူကြီးများ၏ နေပြည်တော်သွား တောလား

    မောင်ကြီး

    ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးအတိုင်း တရိပ်ရိပ်ပြေးနေသော မော်ဒယ်မြင့် အိမ်စီးကားတစ်စီးပေါ်၌ တရားသူကြီးတစ်ဦးလိုက်ပါလာသည်။ ကားကို အရပ်ဝတ်ဖြင့် ကိုယ်တိုင်မောင်းလာသည်က သက်လတ်ပိုင်း အမျိုးသမီးတရားသူကြီး ဒေါ်ထိုက်သီတာဦး (အမည်လွှဲ) ဖြစ်သည်။ သူမြတ်နိုးသည့် တရားရေးအရာရှိယူနီဖောင်းကို အဝတ်သေတ္တာ၏ အောက်ဆုံးတွင် ဖိနပ်ထုပ်ကြားထဲ ဖွက်၍ ယူလာခဲ့ရသည်။ ဒီအတွက်လည်း သူ အောင့်သက်သက်ခံစားနေရသည်။ နဂိုကြည်လင်သည့် မျက်နှာသွင်ပြင်သည် တစ်စုံတစ်ရာကို စိုးထိတ်နေဟန်ဖြင့် မှုန်ကုတ်နေသည်။

    နေပြည်တော်တိုးဂိတ်ကို ကားဖြတ်ကျော်လာခဲ့ပြီးနောက် ဥတ္တရသီရိမြို့နယ်ဘက်သို့ ဦးတည်လိုက်သည်။ ထို့နောက် သီရိမဏ္ဍိုင်လမ်းသို့ ချိုးကွေ့ဝင်ရောက်လာခဲ့သည်။ မိနစ်အနည်းငယ်အကြာတွင်တော့ ကြီးမားသည့် ရုံးဌာနကြီးတစ်ခုရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည်။ ခြံနံပါတ်က (၅၄)။

    အပြင်းနှင်ခဲ့ရသည့် စိတ်မောလူမောခရီးစဉ် အဆုံးသတ်ခဲ့ပြီးနောက် သက်မမောတစ်ချက် မသိမသာခိုးချလိုက်ရင်း သူ့ရှေ့မလှမ်းမကမ်းရှိ ဧရာမ အဆောက်အဦကြီး၌ ရေးထားသည့် ဆိုင်းဘုတ်ကို လှမ်းကြည့်လိုက်သည်။

    ပြည်ထောင်စုတရားလွှတ်တော်ချုပ်

    စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသော ဒေါ်ထိုက်သီတာဦးသည် သူတာဝန်ကျရာ ရန်ကုန်မြို့တွင် ဆက်မနေရဲတော့၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ သေချာထုပ်ပိုးထားသည့် တန်ဖိုးကြီး အရက်ပုလင်းတစ်လုံးနှင့် ဟန်းမိတ် ပါတိတ်တစ်စုံထည့်ထားသော အိတ်ကလည်း ဒေါ်ထိုက်သီတာဦး၏ ကားပေါ်တွင် အသင့်ပါလာသည်။ နေပြည်တော်သို့ ပြောင်းခွင့်ရရေးသည် သူတို့ ဌာနဆိုင်ရာအသိုင်းအဝိုင်း၏ ထုံးစံအတိုင်း လက်ဗလာချည်းဆို အဆင်မပြေ၊ ရန်ကုန်မြေကို အလျှင်အမြန်စွန့်ခွာခွင့်ရရေးအတွက် အထက်လူကြီး၏ တပည့်ဖြစ်သူထံ ငွေသား ကျပ် ၁၀ သိန်းပါ ကျပ်တစ်သောင်းတန်တစ်အုပ်ကို စာအိတ်အဖြူတစ်အိတ်ဖြင့် ထည့်ပေးပြီး လမ်းကြောင်းစဖောက်ခဲ့ရသေးသည်။ အဲဒီအကြောင်းကိုတော့ ဒေါ်ထိုက်သီတာဦးက အကျယ်တဝင့် ပြောချင်ပုံမပေါ်။ ယခု ပြောင်းခွင့်ရပြီဖြစ်၍ ငွေအသပြာမဟုတ်သော လက်ဆောင်ပဏ္ဏာဖြင့် နေပြည်တော်သို့ ချီတက်ခဲ့ခြင်းဖြစ်သည်။

    ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက နေပြည်တော်သို့ ဦးတည်ထွက်ခွာလာခဲ့သည့် ခရီးစဉ်အကြောင်း ဒေါ်ထိုက်သီတာဦးက အရိပ်အမြွက် ပြန်ပြောပြနေချိန်တွင် Non-CDM တစ်ဦးပီပီ မလုံမလဲဟန်ဖြင့် စကားသံကလည်း ခပ်တိုးတိုး၊ ခပ်အုပ်အုပ်သာ။

    အမှုမစစ်ရလို့ လုံခြုံရေးစိတ်ချရတယ်

    ရန်ကုန်မြို့ကို ကျောခိုင်းခဲ့ကာ နေပြည်တော်ရပ်ဝန်းတွင် တာဝန်ထမ်းဆောင်ရမည့်ခံစားချက်ကို ဒေါ်ထိုက်သီတာဦးက ခပ်အုပ်အုပ်လေသံဖြင့် ပြောပြခဲ့သည်။

    တော်လှန်ရေးချိန်ခွင်လျှာ ပြည်သူ့ဘက်သို့ ယိမ်းလာချိန် စစ်ကောင်စီလက်အောက်မှ တရားသူကြီးများအနက် အချို့သည် ပစ်မှတ်ထား သုတ်သင်ရှင်းလင်းခံရမည်ကို ကြောက်လန့်ကာ နေပြည်တော်ရှိ တရားလွှတ်တော်ချုပ်ရုံး၌ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခွင့်ရရေး ကြိုးစား‌လာကြခြင်းဖြစ်သည်။ ထိုတရားသူကြီးများအနက် ဒေါ်ထိုက်သီတာဦးလည်း တစ်ဦးအပါအဝင်ဖြစ်သည်။

    တရားသူကြီးတွေ နေပြည်တော်ကို ဘာ့ကြောင့် မျက်စိကျလာသလဲ

    မူဆယ်မြို့နယ်တရားသူကြီး ဦးရာဇာမင်းစိုး လူမြင်ကွင်း၌ အသတ်ခံလိုက်ရသည့်ဖြစ်ရပ်က တရားရေးအသိုင်းအဝိုင်း၊ အထူးသဖြင့် တရားသူကြီးများကို အထိတ်တလန့်ဖြစ်စေခဲ့သည်။ စစ်ကောင်စီ၏ အကြီးစားဒေါက်တိုင်ဟု လူပြောများသော တရားသူကြီး ဦးရာဇာမင်းစိုးသည် မူဆယ်မြို့လယ်ခေါင်တစ်နေရာတွင် ဩဂုတ်လ ၆ ရက်နေ့ ညနေပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်။

    “တရားသူကြီးတစ်ယောက်ကို သတ်သွားတာ လွယ်လွယ်လေးဗျာ။ ကျနော်တို့ဘဝတွေ ဘယ်လိုမှ မလုံခြုံတော့ဘူး “

    ဦးရာဇာမင်းစိုး၏မိတ်ဆွေ တရားသူကြီးတစ်ဦး၏ အထိတ်တလန့် ရင်ဖွင့်စကားက ထိုသို့။ သူ့အသံက တုန်ရင်နေသည်။ သူတို့ တရားသူကြီးများအနီးသို့ အန္တရာယ်အငွေ့အသက် ရောက်လာနေပြီဟုဆိုသည်။

    စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် တရားရေးအသိုင်းအဝိုင်းမှ အနည်းအကျဉ်းသာ ပါဝင်ခဲ့သည်။ မြန်မာနိုင်ငံတွင် မြို့နယ်အဆင့်မှ ပြည်ထောင်စုအဆင့်အထိ တရားသူကြီးအရေအတွက်သည် ၄,၀၀၀ မှ ၅,၀၀၀ ကြားရှိမည်ဟု တရားရေးအသိုင်းအဝိုင်းကဆိုသည်။ သို့သော် ဒုတိယမြို့နယ်တရားသူကြီးနှင့် မြို့နယ်တရားသူကြီး ၃၀ နီးပါးသာ CDM ပြုလုပ်ခဲ့သည်။ တရားသူကြီးထဲမှ ရာထူးအမြင့်ဆုံး CDM မှာ မြို့နယ်တရားသူကြီးအဆင့်ဖြစ်သည်။

    အကြမ်းဖက်စစ်ကောင်စီ၏ ဒေါက်တိုင်များအဖြစ် ထောင်နှင့်ချီသော တရားသူကြီးများ ရပ်တည်လုပ်ဆောင်နေကြပြီး ပြည်သူနှင့်ဆန့်ကျင်ဘက်တွင် ရှိနေကြသည်။ Non-CDM တရားသူကြီးများသည် နိုင်ငံတော်ကို မီးလောင်တိုက်သွင်းနေကြသည့် အဓိက တရားခံများဟု တော်လှန်ရေးအင်အားစုများက သတ်မှတ်ထားသည်။ ထို့ကြောင့်ပင် စစ်ကောင်စီဒေါက်တိုင်များကို လိုက်လံဖြိုချသည့်အခါ တရားသူကြီးများသည်လည်း အဓိကပစ်မှတ်ထဲတွင် ပါဝင်လာခြင်းဖြစ်သည်။

    ဦးရာဇာမင်းစိုး အသတ်မခံရမီက လှည်းကူးမြို့နယ်တရားသူကြီး လုပ်ကြံခံခဲ့ရသည်။ သြဂုတ်လ ၃၀ ရက်နေ့က အင်းစိန်တရားရုံးသို့လာရောက်သည့် လှည်းကူးမြို့နယ် တရားသူကြီးနှင့် ဒုမြို့နယ်ဥပဒေအရာရှိတို့ ရန်ကုန်မြို့တစ်နေရာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရသည်။ နှစ်ဦးစလုံး ဒဏ်ရာရသွားသည်။ အပြေးမြန်၍ မသေခြင်းဖြစ်သည်။ ယင်းမတိုင်မီကလည်း တရားသူကြီးများ အစုလိုက်အပြုံလိုက် ဖမ်းဆီးခံခဲ့ရဖူးသည်။ ကျောက်မဲခရိုင် တရားသူကြီး၊ မန်တုံနှင့် နမ့်ဆန်မြို့နယ်တို့မှ တရားသူကြီးနှစ်ဦးအပါအဝင် တရားရေးဌာနမှ ကိုးဦးသည် ရှမ်းပြည်နယ်မြောက်ပိုင်းတနေရာတွင် လက်နက်ကိုင်အဖွဲ့တစ်ခု၏ ဖမ်းဆီးခြင်းခံလိုက်ရသည်။ ရက်အနည်းငယ်ကြာမှ ပြန်လွတ်လာခဲ့သည်။ ရန်ကုန်ရှိ တရားရုံးအချို့ မကြာခဏ ဗုံးခွဲတိုက်ခိုက်ခံရသည်။ ခပ်စိပ်စိပ်ဖြစ်လာသည့် ထိတ်လန့်ဖွယ် ထိုအခြေအနေများကြောင့် မြို့နယ်၊ ခရိုင်နှင့် တိုင်းရုံးအဆင့် တရားသူကြီးများ ကျောချမ်းလာသည်။ ဂျူတီကုတ်ဟုခါ်သည့် တရားသူကြီးဝတ်စုံ (အနက်ရောင်ဝတ်ရုံ) ကို မရဏဝတ်ရုံကို မြင်ရသလို တရားခွင်အတွင်း အကြည့်ခံလာရသည့်အခါ မည်သည့်နေရာက စေ့ဆော်မှန်းမသိသော အကြောက်တရားက ကြီးစိုးလာသည်။ နွေဦးတော်လှန်ရေးက အရှိန်ရလာပြီး စစ်ကောင်စီဒေါက်တိုင်များအား ရှင်းလင်းသုတ်သင်ရေး ‌‌ခြေသွက်လက်သွက်ဖြစ်လာနေရာ တရားခွင်သည်ပင် သူတို့အတွက် အကျဉ်းစခန်းလိုလိုဖြစ်လာပြီး မလုံမခြုံ ခံစားနေကြရသည်။ စစ်ကောင်စီကလည်း လုံခြုံရေးမပေးနိုင်တော့ဟု နားလည်လာပြီး နေ့စဉ် လူနေမှုဘဝတွင် နောက်ကျောမလုံဖြစ်လာသည်။ တော်လှန်ရေး အားအလွန်ကောင်းသည့် စစ်ကိုင်းနှင့် မကွေးတိုင်း မြို့နယ်အချို့တွင် တရားရုံးများကို ပိတ်ထားရသည်။ အချို့မြို့များ၌ ခိုးကြောင်ခိုးဝှက်ဖွင့်နေရသည်။ ထို့ကြောင့်ပင် လုံခြုံရေးကွန်ခြာ အထပ်ထပ်အုပ်မိုးထားသည့် နေပြည်တော်ရပ်ဝန်းဆီ တရားသူကြီးအချို့ သုတ်‌ခြေတင် ထွက်ခွာနေကြခြင်းဖြစ်သည်။ နေပြည်တော်တွင် မြန်မာနိုင်ငံရှိ တရားရုံးများအားလုံး၏ အထွဋ်အခေါင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးကြီးက လုံခြုံရေးတံတိုင်းအထပ်ထပ်ဖြင့် သူတို့အတွက် ဘေးကင်းလုံခြုံမည်ဟု ယုံကြည်နေကြသည်။

    ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး

    ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် မြန်မာနိုင်ငံအတွင်းရှိ တရားရုံးများတွင် အမြင့်ဆုံးတရားရုံးဖြစ်သည်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို တရားသူကြီးချုပ်အပါအဝင် တရားသူကြီး အနည်းဆုံး ခုနစ်ဦးမှ အများဆုံး ၁၁ ဦးနှင့် ဖွဲ့စည်းထားသည်။ လက်ရှိ ပြည်ထောင်စုတရားသူကြီးချုပ်မှာ ဦးထွန်းထွန်းဦးဖြစ်သည်။

    ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးတွင် အမှုလိုက်ဌာန၊ စီမံဌာန၊ ထောက်ပို့ဌာန၊ လေ့ကျင့်သင်ကြားရေးဌာနဟူ၍ ဌာနကြီးများရှိသည်။ ဌာနတစ်ခုချင်းတွင် သီးခြားဌာနငယ်များစွာ ထပ်မံဖွဲ့စည်းထားသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အယူခံတင်သော အမှုများနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ စီရင်ပိုင်ခွင့်အာဏာရှိသော တရားမမှုများကို ကိုင်တွယ်ရသည်။ မြို့နယ်၊ ခရိုင်၊ တိုင်းနှင့်ပြည်နယ်အဆင့် တရားရုံးများကဲ့သို့ အမှုနှင့်သက်ဆိုင်သူအများအပြားနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံရခြင်းမရှိသလို လုံခြုံရေးလည်း အထူးတင်းကျပ်ထားသည်။ တရားလွှတ်တော်ချုပ်ရုံး တရားသူကြီးများမှလွဲ၍ အဆိုပါရုံးမှ တရားရေးအရာရှိအဆင့်ဆင့်သည် တရားစီရင်ရေးတွင် မပါဝင်ရဘဲ ရုံးလုပ်ငန်းများကိုသာ အများဆုံးလုပ်ရသည်။ ထို့ကြောင့် မြို့နယ်၊ ခရိုင်နှင့် တိုင်းအဆင့် တရားသူကြီးများကဲ့သို့ ကိုယ်တိုင် အမိန့်ချမှတ်ရသည်မျိုးမရှိသလို တစ်ဦးချင်း၏နာမည် ထွက်သွားစရာလည်း အကြောင်းမရှိတော့ပေ။ ယခုကာလတွင် မြို့နယ်၊ ခရိုင်၊ တိုင်းနှင့်ပြည်နယ်အဆင့် တရားရုံးများ၌ တာဝန်ခံ၍ အမိန့်ချရမည်ကို တရားသူကြီးအချို့ ကြောက်လန့်နေကြပြီဖြစ်သည်။ ထို့ကြောင့်ပင် နေပြည်တော်အရိပ်၌ လူမသိသူမသိ ခိုချင်နေကြသည်ဟု တရားသူကြီးတစ်ဦးကဆိုသည်။

    “မြို့နယ်‌တွေ၊ခရိုင်တွေမှာ နိုင်ငံရေးပြစ်မှုတွေများတဲ့အခါ သူတို့ နေပြည်တော်ကို ပြောင်းချင်ကြတယ်။ ဒီမှာက အမိန့်မချရဘူး။ ရုံးအလုပ်သဘောပဲ လုပ်ရတာမဟုတ်လား”ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။

    လတ်တလောအ‌ခြေအနေတွင် တရားသူကြီးများသည် သူတို့ကိုယ်သူတို့အတွက်သာမက မိသားစုအတွက်ပါ စိတ်ပူပင်နေရပြီး စိုးရိမ်သောကရောက်နေကြသည်ဟုဆိုသည်။

    “အဝေးမှာနေခဲ့တဲ့ အဖေ၊ အမေအတွက်၊ သူတို့ကလေးတွေ ကျောင်းအကြိုအပို့တွေအတွက် အကုန်စဉ်းစားရတာ။ သတင်းတွေဖတ်ပြီးတော့ ရင်တမမနဲ့ နေကြရတာ” ဟု ခရိုင်အဆင့်တရားသူကြီးတစ်ဦး၏ မိတ်‌ဆွေတဦးကပြောသည်။

    ထိုအတောအတွင်း ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင် နေပြည်တော်၌ ရုတ်တရက်သေဆုံးသွားသည့်ဖြစ်ရပ်က တရားသူကြီးအချို့အတွက် ကိုယ့်လိပ်ပြာ ကိုယ့်ပြန်ခြောက်လှန့်ကာ အကြောက်တရား ပိုစေခဲ့ပြန်သည်။ အသက် ၇၂ နှစ်အရွယ် ဦးစန်းလွင်သည် နေပြည်တော်တွင် ရုတ်တရက် အမောဖောက်ကာ သေဆုံးသွားခဲ့သည်။ စစ်ကောင်စီလက်အောက်တွင် မည်မျှအထိ ဖိအားများနေ၍ ယခုလို ရုတ်တရက်အမောဖောက်သေဆုံးရသလဲဟူသော မေးခွန်းများ လူထုကြား ပျံ့နှံ့လာသည်။စစ်ကောင်စီ၏ အကြီးစားဒေါက်တိုင်တစ်ဦး သေဆုံးခြင်းအတွက် အလွန်ဝမ်းသာသည်ဟုလည်း လူမှုကွန်ရက်သုံးစွဲသူအများအပြားက မှတ်ချက်ပြုကြသည်ကို တွေ့ရသည်။ ယင်းဖြစ်ရပ်သည် စစ်ကောင်စီလက်အောက်မှ တရားသူကြီးများအတွက် ယူတတ်လျှင် သင်ခန်းစာဟု Non CDM တရားရေးအရာရှိတစ်ဦးကဆိုသည်။

    မတရားမှုဘက်တော်သား တရားသူကြီးများ

    ၂၀၂၀ ရွေးကောက်ပွဲသည် စစ်မှန်ပြီး တရားမျှတမှုရှိခဲ့သည်ဟု နိုင်ငံတကာနှင့် ထင်ရှားသည့် အရပ်ဖက်အဖွဲ့အစည်းများက ကမ္ဘာသိ ကြေညာထားသည်။ ‌ဒီချုပ်အစိုးရ မဲခိုးသည်ဟုသာ တစ်ခွန်းတည်းပြောနိုင်သည့် စစ်ကောင်စီက နိုင်ငံတော်အာဏာကို အတင်းအဓမ္မသိမ်းယူထားဆဲဖြစ်သည်။ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် နိုင်ငံတကာက ပြစ်တင်ရှုတ်ချထားသည့် စစ်ကောင်စီ၏ အစီအမံများ အောင်မြင်စေရန် ဒေါက်တိုင်များအဖြစ် ဟန်ချက်ညီ အကောင်အထည်ဖော်ပေးနေသူများထဲတွင် Non CDM တရားသူကြီးများလည်း ရှေ့တန်းမှပါဝင်နေသည်ဟု တော်လှန်ရေးအင်အားစုများကဆိုသည်။

    ထို့အတွက် သက်သေအထောက်အထားများလည်း အခိုင်အမာရှိနေသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးအကျဉ်းချထားပြီး နှစ်ရှည်ထောင်ဒဏ်များချထားသည်။ တရားခွင်အတွင်း သတင်းယူခွင့်မပေးသည့်အပြင် ရှေ့နေများကိုပါ ထုတ်ဖော်ပြောဆိုခွင့် ပိတ်ပစ်သည်။ တရားခွင်ကို ပြင်ပနှင့်အဆက်ဖြတ်ပစ်သည်။

    နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စစ်တမ်းများအရ အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် အောက်တိုဘာလလယ်အထိ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦအရေအတွက် ၈၀၀ ထက်မနည်း၊ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၁၂,၆၇၄ ဦး၊ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ ၁,၅၄၉ ဦး၊ နွေဦး‌တော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ ၈၄ ဦး၊ မျက်ကွယ်သေဒဏ် ချမှတ်ခြင်းခံထားရသူ ၄၂ ဦး၊ တော်လှန်ရင်း ကျဆုံးခဲ့ရသူ ၂,၃၆၇ဦးအထိ ရှိသည်။

    မတရားမှုကိုတော်လှန်ရင်း တရားမျှတမှုကင်းမဲ့စွာ အပြစ်ပေး အရေးယူခံထားရသည့် နိုင်ငံသားတစ်ဦးစီတိုင်း၏ မိသားစုများ မျက်ရည်ကျ ငိုကြွေးရသည်ကို Non CDM တရားသူကြီးများက မသိကျိုးကျွံ ပြုထားကြသည်။

    Non CDM တရားသူကြီးများအနေဖြင့် ၎င်းတို့ ထည်လဲသုံးနေသော “မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ” “ရာဇဝတ်ဘေး ပြေးမလွတ်” ဟူသည့် ဆိုရိုးစကားများကို ကိုယ်တိုင်သတိမူကြရန် CDM တရားသူကြီးတစ်ဦးက သတိပေးသည်။

    “ဥပဒေကိုကျော်လွန်ပြီး အမိန့်ချနေရတာတွေအတွက် လက်စားချေခံရမှာ ကြောက်နေကြတယ်။ နေပြည်တော်ကိုရောက်လာလည်း ယာယီလုံခြုံမယ်။ ထာဝစဉ်တော့ မလုံခြုံနိုင်ဘူး။ ပြည်သူလူထုရဲ့ တုံ့ပြန်မှုကို ထင်းခွေမကြုံရေခပ်ကြုံမှာ”

    (ယခုဆောင်းပါးပါ တရားသူကြီး၏ ကိုယ်ရေးအချက်အလက်များကို ၎င်း၏ လုံခြုံရေးအရ ချပ်လှပ်ထားပါသည်)