စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းမှာရှိတဲ့ အလောင်းတော် ကဿပ အမျိုးသားဥယျာဉ်အတွင်း အသုံးပြုနေတဲ့ ဆင်ဦးစီးတွေနဲ့ ဆင်တွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်ကာ ယင်းမာပင် PDF တပ်ရင်း၁ နဲ့ ပူးပေါင်းပြီး တော်လှန်ရေးမှာ တဖက်တလမ်းကနေ ပါဝင်နေပါတယ်။
၂၀၂၁ သြဂုတ်လ အတွင်းမှ စတင်ကာ ဆင်ဦးစီး ၃၁ယောက်က ဆင် ၃၇ကောင်နဲ့အတူ ယင်းမာပင် PDF တပ်ရင်း ၁ ဆီ CDM ပြုလုပ်ပြီး ပူးပေါင်းခဲ့တာပါ။
“ အလောင်းတော်ကဿပ အမျိုးသားဉယျာဉ် အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်တာတော့ ရှိတယ်၊ ဆင်တွေပျောက်သွားရင် ခင်ဗျားတို့မှာ တာဝန်ရှိတယ်ဆိုပြီး CDM မလုပ်အောင်ပြောတယ်၊ ကျွန်တော်တို့ကတော့ CDM တော့လုပ်ကြမယ်၊ တော်လှန်ရေးမှာ ပါဝင်ချင်တဲသူက ဆက်ပါဝင်ပေါ့၊ အခုက အကုန်ပါဝင်နေကြတာပါ၊ အခုချိန်မှာကတော့ ဆင်တွေကို ပြည်သူပိုင်ပဲ ကျွန်တော်တို့က သက်မှတ်တယ်။ ဆင်ပေါက်စလေးတွေရော ဆင်တွေအကုန်လုံးကို လုံခြုံတဲ့နေရာမှာ ထားထားပါတယ်၊ လူကတော့ ဖြစ်သလိုပေါ့။” ဆင်ဦးစီး
ယင်းမာပင် PDF တပ်ရင်း ၁ ဆီပူးပေါင်းလာတဲ့ ဆင်ဦးစီးတွေအကုန်လုံးကို တော်လှန်ရေးရဲဘော်တွေအဖြစ် သက်မှတ်ပြီး ရှိတဲ့ရိက္ခာတွေကို အကုန်ဝေမျှစားသောက်ကြတယ်လို့ ယင်းမာပင် PDF တပ်ရင်း (၁) ဒုတပ်ရင်းမှူး ကိုမင်းမင်းက ဆိုပါတယ်။
“ သစ်တောထိန်းသိမ်းရေးမှာဆိုရင် ယင်းမာပင်က ဗိုလ်သံမဏိကို NUGက အလောင်းတော်ကဿပ အမျိုးသားဦးယျာဉ်သစ်တော ထိန်းသိမ်းဖို့ တာဝန်ပေးတယ်၊ အခုကျ တော်လှန်ရေးနဲ့ပတ်သက်တဲ့ လိုအပ်တဲ့ပစ္စည်းတွေ သယ်ယူတဲ့ နေရာမှာ ဆင်တွေကိုသုံးတယ်၊ မိုးတွင်းကာလမှာ သွားဖို့လာဖို့ ခက်ခဲတဲ့အခါမှာ စားနပ်ရိက္ခာသယ်တာနဲ့ လက်နက်ခဲယမ်းသယ်တာတွေမှာ ဆင်ဦးစီးတွေနဲ့ ဆင်တွေက စိတ်ရောကိုယ်ပါ အကုန်လုပ်ဆောင်ပေးပါတယ်၊ ကျွန်တော်တို့ တပ်ရင်းအတွက်တော့ တန်ဖိုးဖြတ်မရတဲ့ အထောက်အပံ့ပေါ့” ယင်းမာပင် PDF တပ်ရင်း (၁) ဒုတပ်ရင်းမှူး ကိုမင်းမင်း
အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်မှာ ရှိတဲ့ ဆင်ဦးစီးနဲ့ဆင်တွေအာလုံး CDM ပြုလုပ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ဆင်တွေအားလုံးကို ဘေးကင်းတဲ့ လွတ်မြောက်နယ်မြေတွေမှာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ဆင်ဦးစီးတွေက ပြောပါတယ်။
“ ကျွန်တော်ကတော့ CDM လဲလုပ်တယ်၊ တော်လှန်ရေးမှာလဲ ပါတယ်။ ဆင်ပေါက် ၂၁ကောင် ခိုင်းလို့ရတဲ့အကောင်က ၂၀ရှိတယ်၊ ယင်းမာပင်က ဗိုလ်သံတို့ဆီ အကူအညီတောင်းတယ်၊ ကျောက်လုံးကြီးဆရာတော်တို့ကလဲ အလှူခံပြီး နည်းနည်းကူပေးတယ်၊ ကျွန်တော်တို့ရဲ့ သက်တမ်းတစ်လျှောက် ဘာမှတိုးတက်တာ မရှိဘူး၊ အခုချိန်ထိ အသက်သာကြီးသွားတယ် ရာထူးတွေ ဘာတွေလဲ မတိူးတော့၊ မကျေနပ်လို့ လုပ်ခဲ့တာ၊ တပ်ခွဲမှူးနေရာကနေ အလုပ်လုပ်ပြီး ဆင်အဖွဲ့တွေနဲ့ ပေါင်းပြီး တစ်စုတစ်စည်းတဲ နေပြီး လုပ်ကြတာ၊ သယ်ယူပို့ဆောင်တာတွေကိုလည်း ဆင်တွေနဲ့ပဲ သွားကြတာ” ဆင်ဦးစီး
ဆင်ဦးစီးများနှင့် အတူပါလာတဲ့ ဆင်၃၇ကောင်မှာ ကိုယ်ဝန်လ ၂၀ ရှိနေတဲ့ ဆင်မကြီး နှစ် ကောင်နဲ့ အာဏာသိမ်းပြီးနောက် ဆင်ကလေး နှစ်ကောင်ပေါက်ထားပါတယ်။
ဆင်တွေကို ထိန်းသိမ်းစောင့်ရှောက်မှုပြုလုပ်ရာမှာ ရောဂါဖြစ်ပွားတဲ့ဆင်တွေကို ကုသရန်ဆေးဝါးများ မရှိတဲ့အတွက် ပြီးခဲ့တဲ့နှစ်အတွင်းက အသက် ၄၈နှစ်အရွယ် ကံစိန်ဆိုတဲ့ ဆင်အထီးတစ်ကောင်နဲ့ အသက် ၄၆နှစ်အရွယ် သန်းမိုးဦးဆိုတဲ့ ဆင်အမ တစ်ကောင်တို့ သေဆုံးခဲ့ရပါတယ်။
တရက်ကို ၁၆ နာရီလောက် အစာစားတဲ့ ဆင်တွေအတွက် အစားအစာကတော့ သိပ်မပူရဘူးလို့ တော်လှန်တဲ့ ဆင်ဦးစီးက ပြောပါတယ်။
“ ဆင်အတွက် စားကျက်ကလုံလောက်တယ်၊ သူတို့ကို ဖြည့်စွက်စာပဲလိုတာ၊ ဆန်ကျွေးရတယ်၊ မန်ကျဉ်းသီးကျွေးရတယ်၊ အဲ့တာတွေတော့ မလုပ်နိုင်ဘူး၊ ဖြည့်စွက်စာကတော့ လိုတယ်၊ ကာကွယ်ဆေးတွေ ဆေးဝါးပစ္စည်းတွေ လိုတယ်။ နှစ်ကောင်ဆီ အလှည့်ကျ ခိုင်းတယ်၊ ငါးရက်လောက်ခိုင်းပြီးရင် အဆင်ပြေမယ့် တောတောင်ထဲ ပြန်သွားထားလိုက်တာ၊ ဆင်အဖွဲ့ထဲမှာတော့ ကျွန်တော်တို့ဆီက ဆင်ဦးစီးတွေပဲ CDM လုပ်တာ၊ တစ်ခြားကတော့ မကြားမိဘူး၊ ကျွန်တော်ကတော့ ခန္တာကိုယ်အသက်ရှိနေသ၍ ပါဝင်သွားမယ်။” ဆရာချို (ဆင်ဦးစီး)