ဆိုင်းလီ

“အာဏာ မသိမ်းခင်က ရန်ကုန်မှာ ညဘက်တွေအထိ စိတ်ကြိုက် သွားလာလို့ ရတယ်။ အခုက ဆင်ခြေဖုံး ရပ်ကွက်တွေမှာဆိုရင် ည ၈ နာရီဆို လမ်းပေါ်မှာ လူမရှိတော့ဘူး။ မြို့ထဲဘက်ဆိုရင် ည ၁၀ နာရီ ဒါ ထန်ကုန်ပဲ။ ဒါတွေက ဘာလဲဆိုရင် ရန်ကုန်က မလုံခြုံတော့ဘူး ဆိုတာကို ပြနေတယ်”
စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း ရန်ကုန်က မလုံခြုံတော့တဲ့ အကြောင်းကို ရန်ကုန်မြို့မှာပဲ မွေးပြီး ရန်ကုန်မှာပဲ ကြီးပြင်းလာတဲ့ ရွှေပြည်သာမြို့နယ်နေ ဒေသခံ တစ်ယောက်က
ပြောတာပါ။
အောက်တိုဘာလ ၁၂ ရက် ညနေပိုင်းက လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်မှာ ပစ္စည်းပို့တဲ့ ဒလီဗာရီ သမား ကိုရဲဇော်ဟာ လူတစ်စုရဲ့ လုယက် သတ်ဖြတ်မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။ စက်မှုဇုန် မီးသတ်အဝိုင်းအနီး အဝိုင်းမှတ်တိုင် အရောက်မှာ လူတစ်စုက ကိုရဲဇော်ရဲ့ ရင်ဘတ်ကို စကေဘာနဲ့ ထိုးပြီး ဖုန်းနဲ့ ပိုက်ဆံတို့ကို လုယက် ယူဆောင်သွားခဲ့တာပါ။ ကျူးလွန်သူတွေက ဘယ်သူလဲ ဆိုတာကို အခုထိ မသိရသေးပါဘူး။ ဒီအမှုဟာ ရန်ကုန်က မလုံခြုံတော့တဲ့အကြောင်း ပြောပြရာမှာ သာဓကတစ်ခု ဖြစ်လာပါတယ်။
“အိမ်က သားတွေကို ပြောနေရတယ်။ ညဘက်ဆို အပြင်မထွက်ဖို့။ အရင်က ဘယ်အချိန် ထွက်ထွက် ကိစ္စ မရှိပေမယ့် အခုက ခေတ်က မကောင်းတော့ အန္တရာယ် များတယ်။ ဟိုရက်ကပဲ ဒလီဗာရီသမား အသတ် ခံရတယ်လေ။ အခုက ဖုန်းတစ်လုံးနဲ့လည်း လူသတ်ချင် သတ်တာပဲ။ မထွက်တာ အကောင်းဆုံးပေါ့” လို့ သားသုံးယောက် မွေးထားတဲ့ မိခင်တစ်ဦးက အန္တရာယ်များတဲ့ ရန်ကုန်အကြောင်း သူဖတ်ထားတဲ့ သတင်းကို ဥပမာပေးပြီး ပြောပါတယ်။
ကိုရဲဇော်လိုပဲ ပြီးခဲ့တဲ့ လပိုင်းအတွင်းမှာ မြောက်ဒဂုံမြို့နယ်ထဲ လိုက်ထရပ်ယာဥ်နဲ့ ပစ္စည်းပို့ တာဝန် ထမ်းဆောင်နေတဲ့ ကုမ္ပဏီဝန်ထမ်း တစ်ဦးဟာလည်း လုယက် သတ်ဖြတ်ခံခဲ့ရပါတယ်။
စစ်တပ်အာဏာသိမ်းစက စစ်ကောင်စီတပ်တွေရဲ့ ရန်ကို ကြောက်ပြီး ပြည်သူတွေ အပြင် မထွက်ရဲကြပေမယ့် လက်ရှိကာလမှာတော့ ဒုစရိုက်သမားတွေကြောင့်ပါ အပြင် မထွက်ရဲတာမျိုး ဖြစ်လာ ပါတယ်။
လူစည်ကားတဲ့ ဈေးနဲ့ ဘတ်စ်ကားမှတ်တိုင်တွေ အနီးမှာ လုယက်မှုတွေ ပိုများလာလို့ အမျိုးသမီးတွေ အနေနဲ့ အခုကာလမှာ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ ပိုပြီး ခံစားနေရတယ်လို့ မြို့နေပြည်သူတွေက ဆိုပါတယ်။
မြို့ထဲမှာ ဓားထောက်လုယက်
ပြီးခဲ့တဲ့ စက်တင်ဘာလက ရန်ကုန်မြို့ အထက်ပန်းဆိုးတန်းလမ်းမှာ အမျိုးသမီးတစ်ယောက် လည်ပင်းကို ဓားနဲ့ ထောက်ပြီး ဆွဲကြိုး ဖြုတ်ယူတာ ခံခဲ့ရပါတယ်။ သူ့အတွက် အဲဒီနေရာဟာ ရုံးတက် ရုံးဆင်း သွားနေကျ နေရာ ဖြစ်ပေမယ့် စက်တင်ဘာလ ၁၆ ရက်မှာတော့ အမျိုးသား သုံးယောက်ရဲ့ ဓားထောက် ဆွဲကြိုးဖြုတ်ခံခဲ့ရတယ်လို့ သူက ပြောပါတယ်။
“ညနေ အလုပ်က အပြန် အထက် ပန်းဆိုးတန်းလမ်းကနေ ဒေါ်သိန်းတင်လမ်းမကြီးဘက်ကို ကားလမ်းကူး ပြီးပြီးချင်း ညာဘက် ကားလမ်းအခြမ်း ၈၇ လမ်းနား မရောက်ခင်မှာ လည်ပင်းကို ဓားထောက်ပြီး ဆွဲကြိုး ဖြတ်ခံရပါတယ်။ အသံထွက်ကြည့် ဆောင့်ထိုးပစ်မယ်လို့လည်း ပြောပါတယ်။ လူတွေ ရှိပေမယ့် အော်လည်း မအော်ရဲ၊ အကူအညီ တောင်းဖို့ ကြည့်တော့လည်း ကိုယ်နဲ့ မျက်နှာချင်းဆိုင်မှာ တစ်ယောက်မှ ရှိမနေတော့ လူက တကယ် အဲဒီနေရာမှာတင် သေတော့မယ် ထင်တာ” လို့ သူ့အတွေ့အကြုံကို ဆိုပါတယ်။
အဲဒီလုပ်ရပ်ကို အမျိုးသား သုံးဦးက ကျူးလွန်ခဲ့တာဖြစ်ပြီး အသံထွက်ရင် ဓားနဲ့ ထိုးမယ်လို့ ခြိမ်းခြောက်တဲ့ အတွက် သူဟာ ငြိမ်နေခဲ့ရပါတယ်။ အဲဒီဖြစ်စဉ် ဖြစ်ပွားတုန်းက ညနေ ၅ နာရီ ၁၀ မိနစ်ဝန်းကျင်သာ ရှိပါသေးတယ်။ ဓားဒဏ်ရာ ရမှာစိုးလို့ ငြိမ်နေခဲ့ပေမယ့် သူ့ကို ဖမ်းဆွဲတုန်းက လက်သည်းနဲ့ ခြစ်မိတဲ့ ဒဏ်ရာ ရရှိခဲ့ပြီး ဆွဲကြိုးကိုလည်း ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
မလုံခြုံတော့တဲ့ ပို့ဆောင်ဆက်သွယ်ရေး
ရန်ကုန်မြို့နေ ပြည်သူတွေ၊ ဝန်ထမ်းတွေအတွက် အဓိက ပို့ဆောင်ဆက်သွယ်ရေးဖြစ်တဲ့ YBS ယာဉ်လိုင်းတွေဟာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ဒုစရိုက်မှုတွေ ပေါများရာ နေရာ တစ်ခုလို ဖြစ်လာပါတယ်။
ယာဉ်လိုင်းတွေပေါ်မှာ နေ့စဉ် ခါးပိုက်နှိုက်ခံရတာ၊ လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးတာတွေအပြင် အုပ်စုဖွဲ့ ရမ်းကားတာတွေ အထိ ဖြစ်နေပါတယ်။
“ကျွန်မက ရုံးတက်ရုံးဆင်း YBS နဲ့ပဲ သွားရတာ။ ကားခတွေကလည်း ပိုပေးနေရတယ်။ စပယ်ယာ တောင်းသလောက် မပေးရင်လည်း ကားပေါ် အတက်မခံဘူး။ ခါးပိုက်နှိုက် ခံရတယ် ဆိုတာကလည်း နေ့တိုင်း မြင်နေ ကြားနေရတယ်။ ကိုယ်တိုင် မြင်တာလည်း ရှိတယ်။ မပြောရဲဘူး။ ကိုယ့်အန္တရာယ်ကို ဘယ်သူမှ မကာကွယ်ပေးနိုင်ဘူး” ဟု သာကေတမြို့နယ်ကနေ ရန်ကင်းကို နေ့စဉ် YBS စီးပြီး ရုံးတက်နေရတဲ့ ဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက် ညနေ ၃ နာရီကျော်ခန့်က ရန်ကုန်မြို့၊ ပါရမီ ညောင်ပင်မှတ်တိုင်အနီးမှာ လူတစ်စုက YBS အမှတ် (၆) ယာဉ်တစ်စီးကို ဝိုင်းရိုက်ပြီး ဖျက်ဆီးခဲ့ပါသေးတယ်။ အဲဒီလို ရိုက်နှက် ဖျက်ဆီးနေတဲ့ အချိန် ကားပေါ်မှာ ခရီးသည်တွေလည်း ပိတ်မိခဲ့ပြီး ခရီးသည် သုံးဦးလည်း အရေးပေါ် ကုသမှု ခံယူခဲ့ရပါတယ်။
အဲဒီလို ဖြစ်စဉ်တွေကြောင့် ရန်ကုန်မြို့နေ လူထုဟာ မလိုအပ်ဘဲ အပြင် မထွက်တော့သလို တတ်နိုင်တဲ့ လူက အငှားယာဉ် Taxi ပြောင်းစီးလာကြပါတယ်။ ဒါပေမယ့်လည်း စိတ်ထဲမှာတော့ လုံးဝ လုံခြုံတယ် မခံစားရဘူးလို့ ပြောဆိုကြပါတယ်။
တစ်ဖက်မှာလည်း Taxi မောင်းနှင်တဲ့ လူတွေဟာ မလုံခြုံမှုတွေ၊ အန္တရာယ်တွေ ကြုံတွေ့နေရပါတယ်။
“ဦးလေး အရင်ကဆို ညနေ ၇ နာရီလောက်မှ ညကား စမောင်းတာ။ အခုတော့ မမောင်းရဲတော့ဘူး။ ညနေဆို စောစောသိမ်းတယ်။ ခေတ်က မကောင်းတော့ အန္တရာယ် များတယ်။ ကိုယ်တိုင် မကြုံသေးပေမယ့် ကို့ယ်အသိတွေထဲ ခဏခဏ ကြားနေရတယ်” လို့ ရန်ကုန်မြို့မှာ Taxi မောင်းတာ ငါးနှစ်လောက် ရှိပြီ ဖြစ်တဲ့ အမျိုးသား တစ်ဦးက ပြောပြပါတယ်။
ဩဂုတ်လထဲမှာပဲ ရန်ကုန်မြို့က တက္ကစီး တစ်စီး ထောက်ကြန့်ဘက်ကို ခရီးသည် လိုက်ပို့ရင်း ကားမောင်းသူ ပြန်ပေးဆွဲခံခဲ့ရပါတယ်။ ဩဂုတ်လ ၇ ရက်နေ့မှာ ပြန်မရွေးရင် လူကို သတ်ပြီး ကားကို မီးပုံရှို့မယ်လို့ ပြန်ပေးဆွဲသူက ခြိမ်းခြောက်လာတဲ့အတွက် ကျပ်သိန်း ၂၀ နဲ့ ပြန်ရွေးခဲ့ရတယ်လို့ ကားပိုင်ရှင်က မီဒီယာတွေကို ဖြေထားပါတယ်။
ကိုယ့်လုံခြုံရေး ကိုယ်ယူ၊ ပြည်သူမှာ ပြည်သူပဲရှိ
အာဏာသိမ်းစက လူပြတ်တဲ့ နေရာတွေနဲ့ လူသွား လူလာ နည်းတဲ့ အချိန်မှ ဒုစရိုက်မှုတွေ ဖြစ်ပေါ်တယ် ဆိုပေမယ့် အချိန် ကြာလာတာနဲ့အမျှ ဒုစရိုက်မှုတွေဟာ ပေါ်ပေါ်တင်တင် ဖြစ်လာပါတယ်။
ပြီးခဲ့တဲ့ မေလကလည်း ခါးပိုက်နှိုက်ခံရတဲ့သူကို ကူညီခဲ့တဲ့ လှည်းတန်းက အသက် ၃၀ ကျော် ဆိုက်ကားနင်းသူ တစ်ဦး အုပ်စုဖွဲ့ ဓားထိုးခံရတာကြောင့် အသက် သေဆုံးခဲ့ရပါတယ်။
လက်ရှိမှာတော့ ရန်ကုန်မြို့နေ ပြည်သူတွေဟာ ကိုယ့်လုံခြုံရေးအတွက် ကိုယ်တိုင် တာဝန်ယူနေရတဲ့ အနေအထား ဖြစ်နေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“ရန်ကုန်လူထုက လက်ရှိ ကိုယ့်လုံခြု့ရေး၊ ကိုယ့်ပတ်ဝန်းကျင် လုံခြုံရေးကို ဒီလိုပဲ ပေါင်းပြီး လုပ်နေရတယ်။ အိမ်နီးနားချင်းတွေ အချင်းချင်း ပေါင်းပြီး ကိုယ့်လမ်းထဲ ရပ်ကွက်ထဲကို သူစိမ်းတွေ လာလား။ ဘယ်လိုလူတွေ လာလဲ။ ဒီလိုပဲ အချင်းချင်း သတိပေး နေထိုင်ကြရတယ်။ ပြည်သူမှာ ပြည်သူပဲ ရှိတဲ့ အနေအထားပါ” လို့ ဆိုပါတယ်။
နေအိမ်တွေနဲ့ ဆိုင်တွေက ရေမော်တာတွေ၊ အိမ်ရှေ့ သွယ်တန်းထားတဲ့ ဝါယာကြိုးတွေကို ဖြတ်ခိုးသွားတာတွေ၊ ဘက်ထရီ စက်ဘီးတွေကို မ ပြီး ကားပေါ် တင်သွားတာတွေ၊ ဖုန်းလုယက်ခံရတာတွေ၊ ပိုက်ဆံအိတ် အလုယက်ခံရတာတွေက မြို့နယ်တိုင်း နီးပါးမှာ ကြုံနေကြရပြီး ပြည်သူတွေ အကြားမှာ စိုးရိမ်မှုတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။
ရန်ကုန်မြို့ပေါ်က အုပ်ချုပ်ရေးမှူးတွေဟာ ကိုယ့်အသက်အန္တရာယ်ကြောင့် အပြင် မထွက်ရဲသလို ရဲတွေက စစ်ကောင်စီအာဏာ ဆက်မြဲဖို့အတွက်သာ လုံးပမ်းနေကြတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ထောက်ပြပါတယ်။
“တိုင်းပြည် တစ်ပြည်ရဲ့ မြို့ကြီးပေါ်မှာ အခုလို ဒုစရိုက်မှုတွေ မှိုလို ပေါနေတာက အင်မတန်မှ အကျည်းတန်တယ်လို့ ပြောရမယ်။ အုပ်ချုပ်ရေး ယန္တယားက ဘာလုပ်နေလဲလို့ ကြည့်မယ်ဆိုရင် အုပ်ချုပ်ရေးမှူးတွေက သူပစ်သတ်ခံရမှာစိုးလို့ အပြင်တောင် မထွက်ဝံ့ဘူး။ ရဲတွေကလည်း လာဘ်စားနေတယ်။ စစ်ကောင်စီ အာဏာ ဆက်ဖို့အတွက်ပဲ လုံးပမ်းနေရတာနဲ့ အုပ်ချုပ်ရေး ယန္တယားဘက်ကို မလှည့်နိုင်ကြဘူး ဖြစ်နေတယ်” လို့ အဲဒီ နိုင်ငံရေးလေ့လာသုံးသပ်သူက ဝေဖန် ပြောဆိုလိုက်ပါတယ်။
ည ၁၀ နာရီကနေ မနက် ၄ နာရီ အထိ ညမထွက်ရ အမိန့်ကို စစ်ကောင်စီက ချမှတ်ထားဆဲဖြစ်တဲ့အတွက် အာဏာမသိမ်းခင်က ၂၄ နာရီလုံး စည်ကားနေပြီး ကားအသွားအလာ မပြတ်တဲ့ ရန်ကုန်ရဲ့ အချို့ နေရာတွေမှာလည်း အာဏာသိမ်းပြီးနောက်ပိုင်း ည ၈ နာရီ ဝန်းကျင်လောက်ဆိုရင် လမ်းမတွေပေါ် လူမရှိ သလောက် နည်းပါးသွားတာကို တွေ့နိုင်ပါတယ်။
ခိုးဆိုးလုယက်မှုတွေကို ရပ်ကွက် အုပ်ချုပ်ရေးရုံးတွေမှာ တိုင်ကြားနိုင်သလို ရဲအရေးပိုင်တဲ့ အမှုတွေဆိုရင် သက်ဆိုင်ရာ ရဲစခန်းတွေကို တိုင်ကြားနိုင်တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ပြန်ကြားရေး တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA သတင်းဌာနကို ဖြေကြားခဲ့ဖူးပါတယ်။
ဒါ့ပေမယ့် ရဲစခန်း အားလုံးမှာ အမှုဖွင့်လို့ မရဘူးဆိုတာဟာ မမှန်ကန်ဘဲ ရဲစခန်းတွေ ကိုယ်တိုင် တိုက်ခိုက် ခံနေရလို့ လုံခြုံရေး တင်းတင်းကျပ်ကျပ် ဆောင်ရွက်ထားရတယ် ဆိုပြီးလည်း သူက မီဒီယာတွေကို ဝန်ခံ ထားဖူးပါတယ်။
တစ်ဖက်မှာတော့ မြို့ပြတွေမှာ အခုလို ခိုးမှု၊ လုယက်မှုတွေနဲ့ ဓားပြမှုတွေ ခပ်စိပ်စိပ် ဖြစ်လာပြီး တရားဥပဒေစိုးမိုးမှု ပျက်ပြားလာရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်ဟာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့်သာ ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်။