Mizzima

ထိုနေ့က သပိတ်သို့ သွားရန် လေးလံနေသည့် စိတ်ဖြင့် ကိုပိုင်နွေဦး တစ်ယောက် အိပ်ယာမှ လူးလှိမ့် ထခဲ့သည်။
သပိတ် ပြုလုပ်မည့် နေရာက အန္တရာယ် များလွန်း၍ တခြား သပိတ်အဖွဲ့ဝင် တချို့ကလည်း သူ့ကို မသွားရန် တားကြသည်။
အန္တရာယ်များဆို သပိတ်လုပ်မည့် နေရာက မန္တလေး မဟာမုနိ ဘုရားကြီး အရှေ့မုဒ် ဖြစ်သည်။
ဘုရားကြီးထဲတွင် စစ်တပ်က အင်အား အပြည့်ဖြင့် တပ်ဆွဲထားသည်။ အရပ်ဝတ် ကင်းပုန်းနှင့် ဒလန် နာမည်ကြီးသော နေရာ ဖြစ်သည်။
အဆိုပါ နေရာကို ကိုပိုင်နွေဦး ကြိုတင် သွားရောက် လေ့လာခဲ့သည်။ ထို့နောက် စိတ်အခြေအနေ အတော်လေး မကောင်းသဖြင့် မလိုက်တော့ရန် ဆုံးဖြတ်လိုက်ပြီး အနီးနားကသာ စောင့်နေ လိုက်သည်။
သိပ်မကြာလိုက်၊ သံဃာတော်များ ဦးဆောင်သည့် မြတောင်သပိတ် စစ်ကြောင်းသည် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စာတန်းကို ကိုင်ဆောင်ကာ ထွက်လာ ကြသည်။
သပိတ်စစ်ကြောင်းကို မြင်သည့်အခါမှာတော့ ကိုပိုင်နွေဦး တစ်ယောက် မနေနိုင်တော့။ ကြည့်နေရင်း သွေးများ ဆူပွက်လာခဲ့သည်။ တော်လှန်ချင်စိတ်က ထိန်း၍ မရတော့တာကြောင့် သပိတ် စစ်ကြောင်းထဲ ပြေးဝင် ခဲ့လိုက်သည်။
“ကြွေးကြော်သံ တစ်မိနစ်လောက် အော်ပြီးချိန်မှာ ဘယ်က ပစ်နေမှန်း မသိတဲ့ သေနတ်သံတွေ ဆက်တိုက်ပဲ။ ကျွန်တော့်ဘေးက အလံကိုင်ထားတဲ့ မသူသူဇင် လဲကျသွားတာကို မြင်လိုက် ပေမယ့် ကျွန်တော် တန်းပြေးခဲ့ရတယ်” ဟု ကိုပိုင်နွေဦးက ဆို့နစ်စွာ ပြောပြသည်။
၂၀၂၁ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့က သပိတ်စစ်ကြောင်း အတွင်း အဖြစ်အပျက်ကို ကိုပိုင်နွေဦးက ပြန်လည် ပြောပြနေခြင်း ဖြစ်သည်။
အဆိုပါနေ့က မသူသူဇင် အပါဝင် သပိတ်အဖွဲ့ဝင် သုံးဦး သေနတ်ထိမှန် သေဆုံးခဲ့ပြီး သေနတ် ဒဏ်ရာဖြင့် လူငယ်များကို စစ်တပ်က ဒရွတ်တိုက်ကာ ဘုရားစောင်းတန်းအတွင်း ခေါ်သွား ခဲ့သည်။ ထိုမြင်ကွင်းကို အသက်လု ပြေးခဲ့ရသည့် ကိုပိုင်နွေဦး မျက်လုံးထဲရော စိတ်ထဲကပါ မှတ်မှတ် ထင်ထင် စွဲနေခဲ့သည်။
“သူတို့ အဲဒီလိုလုပ်လေ။ ကျွန်တော့် ခံယူချက်က ပိုပြတ်သွားလေပဲ။ ကျွန်တော်တို့ ရဲဘော်တွေကို ရက်ရက်စက်စက် သတ်ပြလေ ဒီကောင်တွေကို ရတဲ့နည်းနဲ့ တော်လှန်ရမယ် ဆိုတဲ့ ခံယူချက်က ပိုပြတ်သား လာလေပဲ “ဟု ကိုပိုင်နွေဦးက ပြောသည်။
ပို၍ စိတ်နာရသည်က မသူသူဇင်ကို ပစ်ခတ်ခဲ့သူသည် စစ်ကောင်စီ သစ္စာခံတပ်က မဟုတ်ဘဲ ပြည်သူ့ သစ္စာဖောက် ဒလန်သာ ဖြစ်သည် ဆိုသည့် သတင်းထွက်လာခြင်း ဖြစ်သည်။
မဟာမုနိ ဘုရားကြီးအတွင်း တိုးရွှေမေတ္တာ နိဗ္ဗာန် ကုန်ဆိုင် ဖွင့်ထားသည့် ဦးအောင်ဆန်းက သတ်ဖြတ် ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
ဦးအောင်ဆန်းသည် စစ်တပ်က လက်နက် ပေးထားသည့် ချမ်းမြသာစည် မြို့နယ်၏ ပျူစောထီး ခေါင်းဆောင် ဖြစ်ကြောင်း မြို့ခံများထံက သိရသည်။ ၂၀၂၂ခုနှစ်အောက်တိုဘာလ ၁၀ ရက်နေ့တွင်တော့ ဦးအောင်ဆန်းကို မန္တလေး မြို့ပြပြောက်ကျား (GZP) အဖွဲ့က သတ်ခဲ့ပြီး မသူသူဇင် သွေးကြွေးကို တစ်နှစ်ကျော် အကြာမှ ပြန်ယူ ခဲ့ကြသည်ဟု ဆိုသည်။
သပိတ်ရဲဘော် အတွက် မြို့ပြပြောက်ကျားက ထိုသို့ သွေးကြွေး ပြန်ယူပေးသည့် အပေါ် “ဝမ်းသာရုံ အပြင် ပြောစရာ မရှိဘူး ” ဟု ကိုပိုင်နွေဦးက ဆိုသည်။
ကိုပိုင်နွေဦးဟာ အသက် ၂၄ နှစ် အရွယ် သမဝါယမ တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားတစ်ဦး ဖြစ်ပြီး စာမေးပွဲ ဖြေဆိုမည့် အချိန် COVID 19 ရောဂါကြောင့် ကျောင်းများ ပိတ်၍ နားခဲ့ရပြီး စစ်တပ် အာဏာသိမ်းမှုကို ဆက်လက် ကြုံတွေ့လာသူ ဖြစ်သည်။
တက္ကသိုလ်ဆရာ တစ်ယောက် ဖြစ်ချင်သည့် သူသည် မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ် ဇာတိ ဖြစ်ပြီး ကျောင်းပိတ်ထားချိန်တွင် ကျူရှင်သင်ရင်း အင်တာနက်မှ တဆင့် သင်တန်းများ တက်ကာ အချိန် ကုန်နေခဲ့သည်ဟု ဆိုသည်။
ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် မြေပြင်သပိတ်များတွင် ပါဝင်ရင်း သမဝါယမ တက္ကသိုလ်သပိတ် စာတန်းကို ကိုင်ဆောင်ကာ ကျောင်းသားများကို စုရုံး ဆန္ဒပြခဲ့သည်။
ထို့နောက် မြတောင်သပိတ်၊ မန္တလေးသပိတ်အင်အားစု၊ ရတနာပုံတက္ကသိုလ် ကျောင်းသားသပိတ် တို့ဖြင့် အင်အား ပြန်လည် စုစည်းပြီးနောက် မြေပြင်သပိတ်များကို ဦးဆောင် နေခဲ့သည်။
မန္တလေး မြေပြင်သပိတ်များကို ယခုအချိန်အထိ ပြုလုပ်နေသူ ဖြစ်ပြီး မျက်မှန် တစ်လက်နှင့် အမြဲ တက်ကြွကာ ကြွေးကြော်သံ အော်ဟစ်နေသည့် ကိုပိုင်နွေဦးကို စစ်တပ်ကလည်း မျက်မုန်း ကြိုးခဲ့သည်။
မိဘက အမွေ ဖြတ်ထားသော်လည်း စစ်ကောင်စီက ၎င်းနေအိမ်ကို ဝင်ရှာကာ ဖခင်ကို ဖမ်းသည်။ ယခင်က ကျူရှင် သင်ခဲ့သည့် နေရာကို ဝင်ရှာကာ ကိုပိုင်နွေဦး၏ ဆရာ ဖြစ်ခဲ့ဖူးသူကို ဖမ်းသည်။
ထို့နောက် ကိုပိုင်နွေဦးနှင့် အဆက်အသွယ် မရှိမှန်း သိမှသာ ပြန်လည် လွှတ်ပေးခဲ့သည်။ ထို့အပြင် မန္တလေးမြို့ပေါ်မှ ကိုပိုင်နွေဦး၏ အပေါင်းအသင်း မိတ်ဆွေများ၏ အိမ်များကိုပါ ဝင်ရှာသည်။ တစ်ခါတစ်ရံ အချိန်ကပ်၍ ကြိုတင် ရှောင်ရှား နိုင်ခဲ့၍သာ လွတ်မြောက်ခဲ့ရသည်။
မှတ်မှတ်ရရ မန္တလေး သပိတ်ခေါင်းဆောင် ကိုသူရအောင်တို့ လေးဦး နေထိုင်သည့်အိမ်ကို စစ်တပ်က ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလတွင် ဝင်ရောက် စီးနင်းခဲ့သည်။ နောက်ထပ် နာရီဝက် ကြာချိန်တွင် ကိုပိုင်နွေဦး၏ နေရာကို ဝင်စီးခဲ့သည်။ အချိန် မိနစ်ပိုင်းသာ ကပ်၍ ကိုပိုင်နွေဦး လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။
“အထုတ်ပြင်ပြီး အထွက်မှာပဲ ဝင်စီးသွားတယ်”ဟု ကိုပိုင်နွေဦးက ဆိုသည်။
မည်မျှပင် စိတ်ဓာတ် ပြင်းထန်၍ အာဏာရှင်ကို တော်လှန် နေရသော်လည်း စိတ်မလုံခြုံမှုနှင့် စိတ်ကျမှုများ ခံစားနေရသည်ဟု ဆိုသည်။
“ခွေးဟောင်သံ ကြားရင်တောင် အိပ်မပျော်ဘူး။ သာမန် အပြင်ထွက်လို့ ဆိုင်ကယ် ကပ်မောင်း လာရင်တောင် အရပ်ဝတ်နဲ့ ကောင်တွေလား။ ဒီကောင်တွေ ငါ့ကို ကပ်ပစ် မလို့လား ဆိုတဲ့ စိတ်မလုံခြုံတာကို ခံစားရတယ် ” ဟု ၎င်းက ဆိုသည်။
သပိတ်များကို စစ်ကောင်စီ အုပ်စိုးထားနိုင်သည့် မြို့ပြတွင် ပြုလုပ်ရခြင်း ဖြစ်၍ မကြာခဏ အဖွဲ့ဝင်များ ဖမ်းဆီးခံရပြီး အခက်အခဲများ ကြုံတွေ့ ခဲ့ရသည်။
ထို့အပြင် သပိတ်သို့ သွားရန် လမ်းတွင် အဖွဲ့ဝင်တချို့ ဖမ်းဆီး ခံရသည့်အခါ သတင်း ပေါက်သွား ပြီးနောက် ရုတ်တရက် သပိတ် ဖျက်သိမ်းလိုက်ရသည့် အခြေအနေများလည်း ရှိသည်ဟု ဆိုသည်။
“လမ်းပေါ် ထွက်လိုက်ပြီဆိုတာနဲ့ လုံခြုံလား ၊ မလုံခြုံလား ကျွန်တော်တို့ မသိရတော့ဘူး။ လမ်းမှာ အစစ်ဆေးနဲ့ တွေ့ပြီး အဖမ်း ခံလိုက်ရတယ်။ အဲဒီမှာ သတင်းပေါက်ပြီး သပိတ်နေရာကို စစ်တပ်က အရပ်ဝတ်နဲ့ ရောယောင်ဝင်ပြီး ကျွန်တော်တို့ သပိတ်စစ်ကြောင်းတွေ ဖြိုခွင်းခံရတယ်။ ဒါကတော့ သပိတ်လုပ်တဲ့ အချိန်မှာ အခက်အခဲဆုံး ကိစ္စပဲ “ဟု ကိုပိုင်နွေဦးက ပြောသည်။
တော်လှန်ရေးကာလ ကြာသည်နှင့်အမျှ စစ်တပ်၏ ဖိနှိပ်မှုများကလည်း ပိုမို ဆိုးရွာလာခဲ့သည်။ လက်နက်မဲ့ သပိတ်အဖွဲ့ဝင်များကိုပါ အသေ ပစ်ခတ်မှုများ ရှိခဲ့သလို ဖမ်းဆီး ခံရပြီးမှသာ ကျဆုံး သွားသည့် အဖွဲ့ဝင်များလည်း ရှိသည်။
သို့သော် မန္တလေး မြေပြင်သပိတ်သည် ရရာ နေရာ လစ်ရင် လစ်သကဲ့သို့ ဆန္ဒပြ သပိတ် မှောက်ခြင်းကို ဆက်လက် ပြုလုပ်နေသည်။
စစ်တပ်ကလည်း မြေပြင်သပိတ် အဖွဲ့ဝင်များကိုသာမက သပိတ်လုပ်ချိန်တွင် ဘေးနားက လက်ခုတ် တီးပေးသည့် ပြည်သူများကိုပါ ဖမ်းဆီး နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သည်။
“အခုချိန်အထိ မြေပြင်မှာ ပြည်သူတွေရဲ့ အားက မလျော့သေးဘူး။ အများကြီး ပူးပေါင်း ပါဝင် နေကြသေးတယ်။ ကျွန်တော်တို့ တော်လှန်ရေးအခု နှစ်နှစ်ဝန်းကျင် အထိ ရှေ့ဆက် လာနိုင်တာ ကလည်း ပြည်သူတွေရဲ့ အားပေးမှုကြောင့်ပဲ။ ဒီအထိ ရှင်သန်လာနိုင်တာ “ဟု ကိုပိုင်နွေဦးက ပြောသည်။
တော်လှန်ရေးကာလ ကြာလာခဲ့သော်လည်း လက်နက်ကိုင် တော်လှန်နေကြသည့် ပြည်သူ့ ကာကွယ်ရေး အဖွဲ့များ စိတ်ဓာတ် မကျကြရန်နှင့် မြေပြင်၌ ပြည်သူလူထု အင်အား လက်ရှိထိ ရှိနေဆဲ ဖြစ်သည်ဟု ဆိုသည်။
လာမည့် ၂၀၂၃ ခုနှစ်ကို အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က တော်လှန်ရေးကို အဆုံးအဖြတ် ပေးမည့်နှစ်ဟု ကြေညာ ထားပြီး မြေပြင်သပိတ် အဖွဲ့များကလည်း EAOs (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ) ၊ လက်နက်ကိုင် အဖွဲ့ဝင်များ အားလုံးနှင့် လက်တွဲညီစွာ ရှိသွားမည်ဟု ကိုပိုင်နွေဦးက ဆိုသည်။
“ပေးဆပ်မှုတွေနဲ့ ထိုက်တန်တဲ့ ရလဒ်ကတော့ ကျွန်တော်တို့ ရမှာပါ။ အဲ့တော့ ကျွန်တော်တို့ လက်ရှိ တော်လှန်ရေး အင်အားစု အသီးအသီးပေါ့၊ မြေပြင်သပိတ် တွေရော၊ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေရော၊ UG (မြေအောက် တော်လှန်ရေးလှုပ်ရှားသူ) တွေရော ၊ NUG အစိုးရရောပေါ့။ ပြီးလို့ရင် ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်တွေရော အားလုံး ဒီထက် ပိုပြီးတော့ စုစည်းမှု အားကောင်းကောင်းနဲ့ ဘုံရန်သူ စစ်ကောင်စီကို တော်လှန် တွန်းလှန် ပြီးတော့ ကျွန်တော်တို့ လိုချင်တဲ့ ပန်းတိုင်ကို အရောက် လှမ်းကြမယ်ပေါ့။ တော်လှန်ရေးအင်အားစု အသီးသီးလည်း ဇွဲမလျော့ကြပါနဲ့။ ပြည်သူလူထုက ကျွန်တော်တို့ဘက်မှာ ရှိနေဆဲပဲမို့ ကျွန်တော်တို့ ရည်မှန်းထားတဲ့ တော်လှန်ရေးက မုချ အောင်မြင်မှာပါ ” ဟု ၎င်းက ဆိုသည်။
စစ်တပ်၏ မြို့ပြ ဖိနှိပ်မှုများကြား အလံကိုင်ကာ စစ်ကောင်စီ ဆန့်ကျင်ကြောင်း ကြွေးကြော်သံကို ဟစ်အော်နေသည့် အသားညိုညို အရပ်ရှည်ရှည် လူငယ် တစ်ဦးဖြစ်သည့် ကိုပိုင်နွေဦးကို မန္တလေး ပြည်သူများ နေရာ အစုံတွင် ဆက်လက် တွေ့မြင် နေရအုံးမည် ဖြစ်သည်။