Skip to content

တမူးမြို့ကလှို့ဝှက်မြေအောက်ခန်း

    Maung Gyi/Mizzima

    ” ဦးဦးရေ သမီးကို ကယ်ပါအုံး။ သမီးကိုကယ်ပါအုံး “
    ကလေးငယ်တစ်ဦး၏ အသံကုန်ဟစ်အော်လိုက်သံက အနီးကလိုလို၊အဝေးကလိုလို ခပ်အုပ်အုပ် ကြားလိုက်ရချိန် ကိုဘဦး၏ နားထင်ကြောများ ထောင်မတ်သွားပြီး ဇောချွေးများလည်း စီးကျလာသည်။ဖခင်က လူပေါင်းမှားကာ ထောင်နန်းစံနေရပြီး မိခင်နှင့် ဦးလေးများကို အားကိုးတကြီးရှိ တတ်သော တူမလေး။ ကျောင်းသွားရင်းပျောက်ဆုံးနေသော ထိုလူမမယ်တူမလေးအား ကိုဘဦးတစ်ယောက် ဒီခြံနှင့်ပတ်ဝန်းကျင်တွင် မနက်ကတည်းက ရှာဖွေနေခြင်းဖြစ်သည်။ညနေစောင်းလာသည်အထိ မတွေ့။ ယခုမူ သံသယဖြစ်ဖွယ်အသံတစ်သံကို ပထမဆုံးပြန်ကြားလိုက်ရပြီ။ တူမလေးအား ပြန်တွေ့ရမည့်မျှော်လင့်ချက်ကြောင့် ကိုဘဦး အလွန်စိတ်လှုပ်ရှားနေသည်။

    ” တူမလေး၊တူမလေးလား။သမီး‌ရေဘယ်မှာလဲ”

    ကိုဘဦးက သူ့အသံ ပိုကျယ်လောင်စေရန် လက်ဖမိုးနှစ်ဖက်ကို ယှက်ကာ ပါးစပ်ဝတွင် တေ့၍ ကသောကမျော ပြန်အော်ဟစ်ခေါ်မိသည်။  အသံလာရာဘက်ကို မှန်းဆပြီး အာရုံစိုက်နားထောင်သော်လည်း သူ၏ အမောတကောအသက်ရှုသံ ဟောဟဲ ဟောဟဲက လွဲ၍ ဘာသံမျှမကြားတော့။ သူ့အသက်ရှုသံကြောင့်ပင် မကြားရလေသလားဟု တွေးမိပြီး အသက်ပင်အောင့်ထားမိသေးသည်။  

    ” ဦးရေ သမီးကို ကယ်ပါအုံး။ ကယ်ကြပါအုံး”

    ဒီတခါတော့ ပထမတခါထက်ရှင်းလင်းသည့်အသံကို ကြားလိုက်ရသည်။လူတရပ်လောက်မြင့်သော မြက်ရိုင်းပင်တောကို ကမူးရှုးထိုးဖြတ်ကာ အသံလာရာဘက်သို့ ပြေးထွက်လိုက်သည်။မြက်ရိုင်းတောအလွန်တွင် မြက်ပင်တိုများ၊ ချဉ်ပေါင်ပင်များပေါက်နေသည် နေရာသို့ရောက်လာသည်။ သို့သော် လူနှင့်တူတာဆို၍ ဘာဆိုဘာမှမတွေ့။ ဘာသံမှလည်းမကြား‌တော့။ကိုဘဦးတစ်ယောက်တည်း အရူးမီးဝိုင်းဖြစ်နေသည်။

    ထိုနေရာဝန်းကျင်တွင် ဘာသံမှမကြားရတော့သော်လည်း  ပုံမှန်အခြေအနေမဟုတ်ဟု ကိုဘဦး ခံစားနေရသည်။သူနင်းထားသည့်‌ မြေနေရာသည် ပုံမှန်ထက် ဖွာနေသလို ရှ်ိသည်။ သူ့အနားတွင် တစ်ယောက်ယောက်ရှိနေသည်ဟုလည်း ခံစားမိသည်။ သဲသဲကွဲကွဲမဟုတ်သောအသံတစ်ခုသည် သူ့နင်းထားသည့်မြေအောက်ထဲမှ ခပ်အုပ်အုပ်ထွက်နေသည်ဟု သူထင်သည်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ၍ တွေဝေနေစဉ်  ” ဒုတ် ၊ ဒုတ် ” ဟူသော ထူးဆန်းသည့် အသံတစ်ခုနှင့်အတူ သူ့‌ခြေ ဖမိုးကို တစ်ခုခုဖြင့် လှမ်းထိုးသလို ခံစားလိုက်ရသည်။ ဦးဦးရေ သမီးကိုကယ်ပါအုံးဟူသော အသံကလည်း ‌မြေကြီးအောက်ဘက်မှ လာသည်ကို ဒီတကြိမ်တွင် ရှင်းရှင်း လင်းလင်းကြားလိုက်ရသည်။

    မြေကြီးပေါ်မှ မြေ‌စာအချို့ကို ကမန်းက တန်းဖယ်ရှားလိုက်ချိန်မှာတော့ ကိုဘဦးတစ်ယောက်ထိန့်လန့်တုန်လှုပ်သွားသည်။ မြေစာများအောက်တွင် ပတ္တာဖြင့်ကပ်တွဲထားသည့် နှစ်ပေပတ်လည်ခန့် သစ်သားအဖုံးတစ်ဖုံး။ယင်းအဖုံးကို ဘေးပတ်လည်မှ သစ်သားဘောင်နံရံနှင့်ကပ်ကာ သော့ခတ်ထားသည်။ဟုတ်သည်။ လူတစ်ယောက်က စနစ်တကျတည်ဆောက် ထားသည့် လှို့ဝှက်မြေအောက်ခန်း။ မြေကျင်းကို တခါးပေါက်နေရာကလွဲ၍ ညီညာပြီးခိုင်မာသည့်သစ်သား တွေအပြည့်ပိတ်ပြီး မိုးကာစအုပ်ထားသည်။ မိုးကာစပေါ်တွင် မြေပြန်ဖို့ထားပြီး ချဥ်ပေါင်ပင်များစိုက်ထားသည်။ကျင်းပတ်ပတ်လည်တွင် လူတစ်ရပ်ခန့်မြင့်သော မြက်ရိုင်းပင်များက ဝန်းရံထားသည်။ ထိုနည်းဖြင့် လူသူ မရိပ်မိအောင် စနစ်တကျပြုလုပ်ထားသော  လှို့ဝှက်မြေအောက်ခန်း။ထိုမြေအောက်ခန်းထဲတွင် တူမလေးသော့ပိတ်ခံထားရသည်။

    “လာကြပါအုံးဟေ့။ ဒီမှာ ငါတို့ တူမလေး တွေ့ပြီဟ”

    ကိုဘဦး အသံကုန်းအော်သစ်ပြီး မကြာမီ ကိုမြင့်သူ၊ ကိုချစ်ဝိုင်းမောင်၊ တူမလေး၏ မိခင်အပါအဝင် ဆယ်ဦးခန့်သည် မြေအောက်ခန်းဝသို့ ရောက်ရှိလာကြသည်။ထို့နောက် ‌‌မြေအောက်ခန်းတံခါးကို ခဲရာခဲဆစ်ဖျက် ဆီးပြီးဖွင့်ချလိုက်ကြသည်။ အလုံပိတ်အနေအထားကြောင့် ခပ်မှောင်မှောင်ရှိနေသော ‌မြေအောက်ခန်းထဲတွင်တော့ ပင်ပန်းနွမ်းနယ်နေသော တူမလေးက ကိုဘဦးတို့တစ်သိုက်ကို အားကိုးတကြီး မော့ကြည့်နေသည်။တူမလေး၏ လက်ထဲတွင် ဓားအတိုတစ်ချောင်း။ပိတ်လှောင်ခံထားရစဉ် မြေအောက်ခန်းထဲတွင် တွေ့သော ထိုဓားကို သုံး၍ မြေအောက်ခန်းတံခါးကို အကြိမ်ပေါင်းများစွာထိုးကာ လွတ်မြောက်ရေး ကလေးငယ်က ကြိုးစားခဲ့ခြင်းဖြစ်သည်။တူမလေးအား ‌မြေကျင်းထဲမှ ဆွဲတင်လိုက်သည်။ ‌မြေအောက်ခန်းအတွင်းတွင် သစ်သားခင်းအိပ်ယာတစ်ခု၊  ကွန်ဒုံးအချို့၊လက်အိတ်အချို့၊ ဓားအတိုတစ်ချောင်းနှင့် သံပိုက်လုံးနှစ်ခု၊ပွတ်လုံးသုံးခု၊ အချိုရည်တစ်ပုလင်းနှင့်စားစရာအချို့တွေ့ရသည်။ညှင်းသိုးသိုးအနံ့လည်းရသည်။မြေအောက်ခန်းပုံစံသည် ရည်ရွယ်ချက်တစ်ခုခုဖြင့် အချိန်ယူကာ လှို့ဝှက် တူးဖော်ထားသည်ဟု ကိုဘဦးတို့ယူဆသည်။မသဒီစရာမြေအောက် ခန်းထဲမှ ကိုဘဦးတို့အားလုံး ပြန်ထွက်လာကာ တစ်နေရာသို့ ဦးတည်၍ သုတ်ခြေတင်ခဲ့ကြသည်။

    သူတို့ဦးတည်သည့်နေရာကား နံနက် ဝေလီ ဝေလင်းအချိန်က တူမလေးပျောက်လျှင်ပျောက်ချင်း ရပ်ကွက်ကဝိုင်းဝန်းကာ ကြို တင်ဖမ်းဆီးထားသော မဒိမ်းကောင်ဟု သူတို့သံသယရှိသူဆီသို့။

    အထက်ပါအဖြစ်အပျက်က စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့၊စော်ဘွား(၁၁)ရပ်ကွက်တွင် အောက်တိုဘာလ ၂၂ရက်က ဖြစ်ခဲ့သည်။ မြက်ရိုင်းပင်များအပြိုင်းအရိုင်းပေါက်နေသော ခြံဝင်းထဲမှ ထိုမြေအောက်ခန်းကို မည်သူမျှ မရိပ်မိအောင် တူးဖော်ခဲ့သူက လှဝင်းဆိုသူဖြစ်သည်ဟု ကိုဘဦးကဆိုသည်။  လှဝင်းအကြောင်းကို တမူးမြို့ခံများ သိပ်မသိကြ။ မည်သည့်ဒေသမှ ရောက်လာမှန်းမသိသော  အသက် ၄၀နှစ်ခန့်လူတစ်ဦး၊မြို့ခံသူဌေးတစ်ဦး၏ ခြံမှ ခြံစောင့်လုပ်သားဟုသာအကြမ်းဖျင်းသိထားသည်။

    သို့သော် ကိုဘဦးတို့မိသားစုကမူ လှဝင်းအား ကျန်မြို့ခံများကဲ့သို့ အမှုမဲ့အမှတ်မဲ့ မနေခဲ့ကြ။ခြံချင်းက မလှမ်းမကမ်းတွင်ရှိနေသလို  လှဝင်း၏ အတိတ်က မှတ်တမ်းဆိုးနှင့် မူမမှန်သည့် အကျင့်စရိုက်ကြောင့် သံသယဖြင့်စောင့်ကြည့်နေခဲ့ကြသည်။ လှဝင်းသည် လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုခန့်က သက်ငယ်မုဒိမ်းမှုဖြင့် နှစ်ရှည်ထောင်နန်းစံဖူးသူဟုလည်း ရဲတပ်ဖွဲ့မှတ်တမ်းများအရ ကိုဘဦးသိရှိထားသည်။ ထို့အပြင် အရွယ်မရောက်သေးသော တူမများနှင့်ပတ်သက်၍ နောက်တစ်ကြိမ် ကိုဘဦး နောင်တမရချင်။ ယမန်နှစ်ကပင် ၎င်း၏ အရွယ်မရောက်သေးသော အသက်(၁၄)နှစ်အရွယ် တူမတစ်ယောက်ကို လှဝင်းက တိတ်တဆိတ် ခိုးယူပေါင်းသင်းခဲ့သည်ဟု ကိုဘဦးက ဆိုသည်။ယင်းတူမတုန်းကလည်း တစ်လခန့်ပျောက်ဆုံးနေပြီးမှ လှဝင်းနှင့် ပေါင်းသင်းနေကြောင်း သိရှိခဲ့သည်ဟုဆိုသည်။ လူသိရှင်ကြားဖြစ်ပြီးနောက် တရားဝင်ပေါင်းသင်းခဲ့သော်လည်း တူမအား သဘာဝလွန်ဆေးများဖြင့် သွေးဆောင်ခဲ့သည်ဟု ကိုဘဦးက သံသယရှိသည်။ထို အိမ်ထောင်ရေးသည် လွန်ခဲ့သည့်ငါးလခန့်က ကွဲကွာသွားခဲ့သည်။

    ထိုအကြောင်းများကြောင့်ပင် ယခု အသက်ကိုးနှစ်အရွယ်တူမလေး ပျောက်ဆုံးသွားသည်နှင့်တပြိုင်နက် အိမ်နီးနားချင်းများ၏ အကူအညီကိုယူကာ လှဝင်းအားအလျင်အမြန် ဖမ်းဆီးထိန်းသိမ်းလိုက်သည်။ ထိုသို့ လုပ်ဆောင်ခြင်းက ကိုဘဦးအတွက် မဟာစွန့်စားခန်းကြီးလည်း ဖြစ်သည်။

    တူမလေးပျောက်ဆုံးနေမှုသည် လှဝင်း၏ စနက်မကင်းဟု လက်ဆုပ်လက်ကိုင်မပြနိုင်သေးခင် ဖမ်းဆီးထိန်းသိမ်းထားခြင်းအတွက် ကိုဘဦး၏ အလျော်အစားက ကြီးသည်။ အကယ်၍ ကလေးကို ပြင်ပတွင် ပြန်တွေ့ပါက ၎င်း၏ခြံစောင့်အားမဆီမဆိုင်ဖမ်းဆီးမှုဖြင့် ကိုဘဦးကို ရိုက်နှက်မည်ဟု ခြံရှင်မိသားစုဘက်က မိုက်ကြေးခွဲထား ထားသည်ဟု ကိုဘဦးကဆိုသည်။ ခြံရှင်နှင့် ခြံစောင့် ဆက်ဆံရေးပုံစံကို မြို့ခံအချို့က ယခုလို ဖောက်သည်ချသည်။ အတိတ်ကာ လတစ်ခုက ခြံရှင်မိသားစုဝင် တစ်ဦးသည် အမှုတစ်ခုဖြင့် ထောင်ကျခဲ့စဥ် ထောင် အတွင်း လှဝင်းနှင့် ဆုံခဲ့သည်။ လှဝင်းသည် သက်ငယ်မဒိမ်းမှုဖြင့် မိုးညှင်းထောင်တွင် အကျဉ်းကျနေချိန်ဟု ဆိုသည်။ လှဝင်းထောင်မှ လွတ်ချိန်တွင် တမူးမြို့သို့ရောက်လာကာ ခြံစောင့်လုပ်သားဖြစ်လာသည်။

    လူမမယ်တူမလေးဇောကြောင့် ရတက်မအေးသည့် ကိုဘဦးအတွက်ကလည်း လှဝင်းအား ယာယီဖမ်းဆီးထားဖို့ကလွဲ၍ အခြားရွေးချယ်စရာမရှိ။ တစ်ဖက်တွင် လှဝင်းအား ခတ္တဖမ်းဆီးထိန်းသိမ်းထားပြီး တစ်ဖက်တွင် တူမလေးအား လူစုခွဲ၍ လိုက်ရှာခဲ့ကြသည်။

    ကိုဘဦး၏ တူမလေးသည် အသက်ကိုးနှစ်အရွယ် နှစ်တန်းကျောင်းသူ။သူတက်နေသည့် ဘုန်းတော်ကြီးသင်စာသင်ကျောင်းတွင် ကျောင်းတက်ရန် အောက်တိုဘာ ၂၂ရက် နံနက် ၆ နာရီခွဲခန့်က နေအိမ်မှ ထွက်သွားခဲ့သည်။သို့သော်ကျောင်းသို့ ရောက်မလာဘဲ လမ်းခုလတ်တွင်ပျောက်ဆုံးသွားသည်။တူမလေး ပျောက်ဆုံးကြောင်း သိသည်နှင့် ကိုဘဦးတို့ ဆွေမျိုးတသိုက် လိုက်ရှာခဲ့ကြသည်။ ကျောင်း၌စုံစမ်းရာတွင် တူမလေးပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ လှဝင်းအား မသင်္ကာစရာအခြေအနေအချို့ကို ကိုဘဦးကြားသိလိုက်ရသည်။ လှဝင်းက ကလေးကို မုန့်ဖိုးမကြာ ခဏ လာပေးနေသည်ဟု ကျောင်းဆရာမအချို့နှင့် ကျောင်းအနီးဈေးသည်များထံမှ ကိုဘဦးကြားလိုက်ရသည်။ ထိုသတင်းသည် လှဝင်းအပေါ် သံသယပိုကြီးစေပြီးချက်ချင်း ထိန်းသိမ်းထားမှရမည်ဟု ကိုဘဦး နားလည်လိုက်သည်။ ရပ်ကွက်တာဝန်ရှိသူများထံ အကူအညီတောင်းကာ လှဝင်းကို ဖမ်းချုပ်ထားလိုက်သည်။

    လှဝင်းကို နည်းမျိုးစုံ စစ်ဆေးမေးမြန်းသော်လည်း မသိဘူးဆိုသော အဖြေတစ်ခုသာရခဲ့သည်။ နောက်ဆုံးတွင် ကလေးအား မြေအောက်ခန်းထဲမှ ပြန်တွေ့တော့မှသာ ဝန်ခံသည်။

    ” သူက ကလေးကို ကျင်းထဲထည့်ပြီး သူမဟုတ်သလို ခြံထဲမှာ ဟန်မပျက်နေနေတာ။ သူကျင်းထဲကို ပြန်ဝင်ချိန်မရလိုက်တာက ကလေး ကံကောင်းသွားတာ” ဟု ကိုဘဦးကဆိုသည်။

    ထိုကလေးငယ်အား မြေအောက်ခန်းထဲသို့ ထည့်ထားခြင်းမှာ လွန်ခဲ့သည့် ငါးလခန့်က ကွဲကွာခဲ့သော သူ၏အမျိုးသမီး(ကိုဘဦး၏ တူမ)ပြန်လာစေရန်ဟု ထွက်ဆိုကြောင်း စော်ဘွား(၁၁)ရပ်ကွက် အုပ်ချုပ်ရေးမှုးဦးဟန်မော်က ဆိုသည်။

    ” သူ့(ကလေးငယ်)ရဲ့ အဒေါ်ကို သူ(လှဝင်း)က ယူထားတာကိုး။ သူ့မိန်းမလာလို့လားငြားဆိုပြီး ထည့်ထားတာလို့ ပြောတယ်။ ကျွန်တော်မေးတော့။ မတွေ့ခင်ကတော့ ရိုက်စစ်လည်း မဖော်ဘူး” ဟု ဦးဟန်မော်က ဆိုသည်။ (လှဝင်းသည်  သက်ငယ်မဒိမ်းမှုဖြင့် မိုးညှင်းထောင်တွင် နှစ်ရှည်ထောင်ကျဖူးသူဖြစ်ကြောင်းကို ဦးဟန်မော်က ထပ်ဆင့် အတည်ပြုသည်။)

    လှဝင်း၏ ထွက်ဆိုချက်များသည် လုံးဝယုတ္တိမရှိဘဲ လူမမယ်မိန်းက‌လေးကို အဓမ္မ ပြုကျင့်ရန်အကြံဖြင့် မြေအောက်ခန်းထဲ၌ ဖွက်ထားခြင်းဟု ကိုဘဦးကပြောသည်။

    “ကျွန်တော့်တူမလေးကို ပြန် တွေ့လို့မို့ တော်တာ။မတွေ့ရင် စော်ကားပြီးလက်စဖျောက်ပစ်မှာ။အော်ရင်သတ်ပစ်မယ်ဆိုပြီ ခေါ်သွားတာလို့ တူမလေးကပြောတယ် “ဟု ကိုဘဦးက ဆိုသည်။

    လှဝင်းနှင့်လှို့ဝှက်မြေအောက်ခန်းအကြောင်း ခြံရှင်မိသားစုအား ဆက်သွယ်မေးမြန်းရာ ခြံရှင် ဒေါ်‌မွှေးဆိုသူက ပွင့်ပွင့်လင်းလင်းဖြေဆိုခြင်းမရှိမေ။ သူတို့သည် ထိုခြံသို့ တစ်လလျှင်နှစ်ကြိမ်ခန့်သာရောက်ကြောင်းနှင့် ကျန်တာ မသိကြောင်းပြောရင်း ဖုန်းကျသွားသည်။ ချက်ချင်းပြန်ခေါ်သည့်အခါ ဖုန်းမှားနေသည်ဟု အမျိုးသမီးတစ်ယောက်က ပြန်ဖြေသည်။

    ကိုဘဦးတို့ရှာတွေ့သည့် မြေအောက်ခန်းသည် အကျယ် ၅ပေခွဲ၊ အရှည် ၉ပေ၊ အနက် ၃ပေခွဲရှိသည်။တူမလေးသည် အောက်တိုဘာလ ၂၂ရက်  မနက် ၆နာရီခွဲက ပျောက်သွားခဲ့သည်။ ညနေ ၃နာရီခွဲမှသာ ပြန်တွေ့ခဲ့သည်။တူမလေးသည် လှို့ဝှက်မြေအောက်ခန်းထဲတွင်  ကိုးနာရီခန့်ကြာ တစ်ဦးတည်း ပိတ်လှောင်ခံခဲ့ရသည်။  ပြင်ပအလင်းရောင် မဝင်သလောက်မှောင်မဲနေသော မြေအောက်ခန်းထဲတွင် လူမမယ် မိန်းကလေးငယ်တစ်ဦး နာရီပေါင်းများစွာပိတ်လှောင်ခံခဲ့ရသည်။ တူမ‌ငယ်၏ ထိုစိတ်ဒဏ်ရာကို ကုပေးရန် ကိုဘဦးတစ်ယောက် မတွေးတောတတ်။ အထိအခိုက်မရှ်ိဘဲ အသက်ရှင်လျက် ပြန်တွေ့ရခြင်းကသာ မိတဆိုးတူမလေးအတွက် ကံကောင်းလှပြီဟု ကိုဘဦးက ယုံကြည်သည်။

    တူမလေးအား ဖမ်းဆီးပြီး မြေအောက်ခန်းထဲ ထည့်ထားသည့် လှဝင်းကို ရပ်ကွက်အတွင်းနေသူများ၏အကူအညီဖြင့် ရဲလက်သို့ ကိုဘဦး အပ်နိုင်ခဲ့ပြီ။အုပ်ချုပ်ရေးယန္တရားရော၊ တရားစီရင်ရေးယန္တရားပါ ပရမ်းပတာဖြစ်နေသော ယနေ့ခတ်နိုင်ငံရေးစနစ်တွင် ထိုအမှုသည် မည်သို့မည်ပုံ အဆုံးသတ်မည်ကို ကိုဘဦး မသိ။

    ရပ်ကွက်အတွင်းသို့  လှဝင်းတစ်ယောက် ပြန်ရောက်လာမည်ကိုမူ ကိုဘဦးရော အိမ်နီးချင်းအချို့ကပါ ကြောက်လန့်‌နေကြသည်။