Skip to content

အရင်းအနှီးကြီးမားလှတဲ့ သဘာဝဆေးဥ

    ကချင်လေး (Sai Latt Aung)/Mizzima

    “ဘေချီ၊ ရှီးပတီး၊ ခန်းတောက်မြစ်၊ ခါ့မရ၊ ဆာချီ” အစရှိသည့် အဖိုးတန် သဘာဝဆေးမြစ်၊ ဆေးဥတွေက ကချင်ပြည်နယ်မြောက်ပိုင်း ရေခဲတောင်တွေရှိတဲ့အရပ်မှာသာ ရနိုင်တဲ့ သဘာဝအလျှောက်ပေါက်သည့် ဆေးမြစ်တွေဖြစ်သည်။ ဒီလိုတန်ဖိုးကြီးလှတဲ့ ဆေးမြစ်၊ ဆေးဥတွေထဲမှာမှ “ဘေချီ”လို့ခေါ်တဲ့ သဘာဝဆေးမြစ်ဆေးဥသည် တခြားဆေးမြစ်များထက် ရောင်းပန်းလှသည့် ဆေးမြစ်ဆေးဥတစ်ခု ဖြစ်ပါသည်။ ဘေချီကို ကချင်ပြည်နယ်ရဲ့ ပူတာအိုခရိုင်ရှိ ရေခဲတောင်ကြောတွေမှာသာ ရှာဖွေတွေ့ရှိနိုင်သည်။

    “ဘေချီ(Baiji)” ဆိုတာက ဒေသခံရဝမ်ဘာသာစကားနဲ့ ခေါ်ဆိုခဲ့ကြတာဖြစ်ပြီး၊ ဘေချီကို “လန်ပါ့”လို့လည်း နောက်တစ်မျိုး ခေါ်ဆိုကြပါသည်။ ဒီဆေးမြစ်ဆေးဥက ကြက်သွန်နီအပင်ပေါက်နှင့် ခပ်ဆင်ဆင်ဖြစ်ပြီး၊ အစိမ်း၊ ခရမ်း၊ အဖြူဆိုပြီး အရောင်သုံးမျိုးတွေ့ရတယ်လို့ တောင်ပေါ်ဆေးမြစ်ရှာသူတွေရဲ့ အပြောအရ သိရသည်။

    ဘေချီဆေးမြစ်ကို ရေခဲတောင်တန်းကြီး၏ အလွန်မြင့်မားလှသော ကျောက်နံရံ၊ ကျောက်ကမ်းပါး၊ ကျောက်ဖျာတွေနှင့် ရေခဲတောင်ပေါ်က ချောင်းတွေရဲ့ ကျောက်ဖျာရေညှိတွေရဲ့အပေါ်မှာ ရှာဖွေတွေ့နိုင်သည်။ အမြင့်ပေ ၈,၀၀၀ အထက်မှာပေါက်တဲ့ ဘေချီဆေးမြစ်ဆေးဥကို ဆောင်းဦးကာလ စက်တင်ဘာလ၊ အောက်တိုဘာလနဲ့ နိုဝင်ဘာလ သုံးလအတွင်းမှာသာ ရှာဖွေတူးဖော်ကြရသည်ဟု ဆေးမြစ်ရှာသူတွေက ဆိုပါသည်။

    ဘေချီဆေးမြစ်ဆေးဥကို ကချင်ပြည်နယ်က ရေခဲတောင်တန်းများဖြစ်သည့် ခါကာဘိုရာဇီတစ်ကြော၊ ဖုန်ကန်ဖုန်ရင်းဘက်၊ အိန္ဒိယဘက်က ရေခဲတောင်တစ်ကြော၊ မဒွယ်ရာဇီတစ်ကြော၊ မလိမြစ်ဖျားဘက်၊ ဗန်နန်းဒင်ဘက်ကနေရာများမှာ ကွက်ကြားပေါက်ပါသည်။

    ဒီအရပ်နေထိုင်သူများက ရေခဲတောင်လမ်းပြအလုပ်ကို လုပ်ကိုင်သူများရှိသလို အထမ်းသမားများအဖြစ် လုပ်ကိုင်သူများလည်း ရှိပါသည်။ ဒီလုပ်ငန်းများပါးသည့်အချိန် အထူးသဖြင့် ဇွန်လရောက်လျှင် ရေခဲတောင်ပတ်ဝန်းကျင်တွင် သဘာဝအတိုင်းပေါက်သည့် ဆေးမြစ်အမျိုးမျိုးကိုရှာဖွေပြီး၊ ပြန်ရောင်းရသည့်ငွေနှင့် စားဝတ်နေရေးကို ဖြေရှင်းကြရပါသည်။

    ဘေချီ၊ ရှီးပတီး၊ ခန်းတောက်မြစ်၊ ခါ့မရ၊ ဆာချီဆေးမြစ်ရှာသည့်အလုပ်သည် တောင်တက်လမ်းပြအလုပ်ထက် ဝင်ငွေပိုကောင်းသည်ဟု တောင်တက်လမ်းပြလုပ်ကိုင်သူများက ဆိုသည်။ ဆေးမြစ်ရှာသူများက တစ်နှစ်ပတ်လုံး ဆေးမြစ်များတူးဖော်ရှာဖွေကြပေမယ့် ဆေးမြစ်များအထဲတွင် ဈေးကောင်းရနိုင်သည့် ဘေချီဆေးမြစ်ဆေးဥကို ရှာဖွေသူများက အရင်ကထက် များပြားလာသည်။ စားဝတ်နေရေးဖြေရှင်းရန်အတွက် ခက်ခဲကြမ်းတမ်းလှသည့် ရေခဲတောင်များပေါ်တက်၍ ဘေချီဆေးမြစ်ဆေးဥ ရှာသူတွေသည် ကြမ်းတမ်းလှသည့် ရာသီဥတုဒဏ်၊ သဘာဝဘေးနှင့် လမ်းပန်းဆက်သွယ်ရေးဆိုးရွားသည့် ဒဏ်ကိုလည်းခံကြရသည်။

    ဘေချီဈေးကွက်

    ရေခဲတောင်တွေမှာ သဘာဝအတိုင်းပေါက်သည့် ဘေချီဆေးဥဆေးမြစ် ဝယ်သူတွေက ကချင်ပြည်နယ်ထဲကမဟုတ်ဘဲ ကချင်နဲ့ နယ်နိမိတ်ချင်းထိစပ်နေသည့် တရုတ်နိုင်ငံက ဖြစ်ပါသည်။

    “တရုတ်ကပဲ ဝယ်တယ်။ သူတို့ ဘာအတွက်ဝယ်လဲဆိုတာတော့ မပြောကြဘူး။ ဆေးဆရာတစ်ယောက်ကို မေးကြည့်ဖူးတာတော့ တရုတ်တိုင်းရင်းဆေးအတွက် သုံးတယ်လို့ ပြောတယ်” လို့ ဒေသခံ ကိုမုံရမ်က ဆိုသည်။

    အရောင်သုံးမျိုးနဲ့တွေ့ရတဲ့ ဘေချီဆေးဥကို အခြောက်လှန်းပြီး ပိဿာချိန်နဲ့ ချိန်ရောင်းတာဖြစ်ကာ ပြီးခဲ့တဲ့နှစ် ၂၀၂၁ မှာ တစ်ပိဿာကို သုံးသိန်းကျပ်နဲ့ ရောင်းရနိုင်ခဲ့တာဖြစ်ပေမဲ့ ဒီနှစ် မြန်မာနိုင်ငံရေးအပြောင်းအလဲကြောင့် တရုတ်ငွေဈေးတက်လာပြီး မြန်မာငွေကျနေတဲ့အတွက် ဆေးဥက တစ်ပိဿာကို ကိုးသိန်းကျပ်ခန့် ရရှိတယ်လို့ ဒေသခံဆေးမြစ်ရှာသူတွေက ဆိုကြသည်။

    တရုတ်ကုန်သည်တွေက ဘေချီဆေးဥကို လွန်ခဲ့သော သုံးနှစ်ကတည်းနေ ပူတာအိုမြို့နယ်အတွင်းမှာ ဝယ်ယူနေတာဖြစ်ပြီး၊ ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်မှာတော့ နှစ်အတော်တန်ကြာကတည်းက ဝယ်ယူနေကြတယ်လို့ သိရသည်။

    ဒီလို အဖိုးတန်လှတဲ့ ဘေချီဆေးဥကို စက်တင်ဘာ၊ အောက်တိုဘာနဲ့ နိုဝင်ဘာလ ဆောင်းဦးကာလတွေမှာ ကြမ်းတမ်းတဲ့ရာသီဥတုကို အန်တုပြီး၊ ရွာသူရွာသားတွေက ဝမ်းရေးအတွက် အသက်စွန့်ပြီးရှာဖွေကြပါသည်။ အမြဲလိုလို တိမ်ဖုံးနေသော အမြင့်ပေ ၈,၀၀၀ အထက် တောင်ပေါ်ကို ခက်ခက်ခဲခဲတက်ပြီး ဆေးမြစ်ရှာဖွေသူတွေများလာသလို၊ ဆေးမြစ်ရှာရင်းတောင်ပေါ်မှ ပြုတ်ကျသေဆုံးမှုတွေလည်း မကြာခဏကြုံတွေ့ရပါသည်။

    အသက်နှင့်ရင်းရသည့် ဘေချီဆေးမြစ်

    “ဟုတ်တယ်။ တခြားဆေးမြစ်တွေရှာရတာက အဲလောက်အန္တရာယ်မရှိဘူး။ ဒီဆေးမြစ်ကိုရှာရတာက ခရီးဝေးတယ်။ ခက်ခဲတယ်။ ရိက္ခာကို ခရီးအဝေးကြီးထမ်းပြီး သွားရတာဆိုတော့ မလွယ်ဘူး။ အချို့မိုးရွာတဲ့ရက်တွေမှာဆို တောင်ပေါ်မှာက မိုးတွေအရမ်းများပြီး၊ ကျောက်တုံးတွေလိမ့်ကျတာ ကြောက်စရာကြီး။ သာမန်သွားနေကျမဟုတ်ရင် မလွယ်ပါဘူး။ နှလုံးရောဂါရှိသူအတွက်တော့ ခက်မယ်ထင်တယ်။ ရှာရတဲ့ကျောက်ကပါးပေါ်ကနေ အောက်ဖက်ကိုကြည့်လိုက်ရင် အရမ်းမြင့်တာမို့ စိတ်တွေ ချောက်ချားလာတက်တယ်။ အဲ့အချိန် အသိမကြောင်ဖို့တော့ လိုတာပေါ့။ မဟုတ်ရင်တော့ မတွေးရဲစရာဘဲ” ဟု တောင်တက်ဆေးမြစ်ရှာနေသော ဒေသခံ ကိုဖုန်ရမ်(အမည်လွှဲ) က ဘေချီဆေးမြစ်ရှာဖွေရတာနဲ့ပက်သက်ပြီး သူ့အတွေ့အကြုံကို ပြောပြပါသည်။

    တောင်တက်လမ်းကချောလွန်းတဲ့အတွက် ခြေချော်ပြုတ်ကျပြီး၊ ဒဏ်ရာရသူတွေ အများအပြားရှိသလို အသက်ဆုံးရှုံးသူတွေလည်း ရှိပါသည်။ ဘေချီဆေးဥရှာကြသူတွေအထဲမှာ ပူတာအိုဒေသက လူကြီး၊ လူငယ်၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေလည်း ပါဝင်ပါသည်။

    ဘေချီဆေးဥပေါ်ချိန်မှာ တချို့က အများဆုံးကျပ်သိန်း ၅၀ အထိ ရှာဖွေရောင်ချနိုင်သလို၊ တစ်ရာသီလုံး လုံးဝမရသူများလည်း ရှိပါသည်။ ယခုနှစ် စက်တင်ဘာလအတွင်းမှာပင် ကိုယ်ဝန်ဆောင် အမျိုးသမီးအပါအဝင် ဘေချီဆေးမြစ်ဆေးဥရှာဖွေရင်း တောင်ပေါ်က ပြုတ်ကျသေဆုံးသူတွေ ၁၀ ယောက်နီးပါး ရှိလာနေပြီ ဖြစ်ကြောင်း ဒေသခံ ဆေးမြစ်ရှာဖွေနေတဲ့ ကိုမုံရမ်က အခုလိုပြောပြပါသည်။

    “အများပိုင်းက ဘာမှမရဘဲ မိသားစုဆုံးရှုံးတာတွေရှိတယ်။ ဒီနှစ်ကတော့ သေဆုံးသူတွေက ကျနော်သိတာတောင် ရှစ်ယောက်လောက်ရှိပြီ။ ကျနော်မသိတာ၊ သတင်းမကြားတာတွေလည်းရှိသေးတယ်။ နောက်ပြီး လိုင်းပေါ်တက်တာကတော့ တစ်ယောက် နှစ်ယောက်လောက်ပဲရှိမယ်။ အတိအကျ ဘယ်နှစ်ယောက်ဆိုတာက ခန့်မှန်းရခက်တယ်။” လို့ ဆိုသည်။

    ရေခဲတောင်တွေမှာ ထွက်ရှိတဲ့ ရှားပါးဆေးမြစ်ဆေးဥတွေထဲမှာက ဘေချီဆေးမြစ်ဆေးဥကို ရှာဖွေရတာက အခက်အခဲဆုံးဖြစ်ပြီး၊ အသက်အန္တရာယ်အများဆုံးဖြစ်တယ်လို့ ၎င်းကဆိုသည်။ ၂၀၂၁ ခုနှစ်အတွင်း အခုလိုဆေးမြစ်ရှာရင်း ပြုတ်ကျသေဆုံးခဲ့သူက ၂၀ ဦးကျော်ခဲ့ကြောင်း ဆေးမြစ်ရှာသူများမှတစ်ဆင့် သိရသည်။ အခုလို အသက်နှင့်ရင်းရှာရတဲ့ ဘေချီဆေးဥကို “လူသတ်ဆေးမြစ်”လို့ ဒေသခံတွေက နာနာကြည်းကြည်း အမည်ပေးထားပါသည်။

    ကျောက်ကမ်းပါးပေါ်က ပြုတ်ကျသူများ

    ပူတာအိုမြို့နယ် မလိခေါမ်ကျေးရွာက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးက ဘေချီဆေးမြစ်ဥရှာဖွေရင်း ရေခဲတောင်ကျောက်ကမ်းပါးပေါ်ကနေ ပြုတ်ကျပြီး ယခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့မှာ သေဆုံးခဲ့ပါသည်။ ၎င်းကိုယ်ဝန်ဆောင်အမျိုးသမီးက ဘေချီရှာဖွေတဲ့ရက် နှစ်ပတ်အကြာမှာ ကျောက်ကမ်းပါးကနေ ပြုတ်ကျသေဆုံးသွားခဲ့တာဖြစ်တယ်လို့ ခင်ပွန်းဖြစ်သူ ဦးပေတရုကိုကိုးကားပြီး ကချင်သတင်းရင်းမြစ်တစ်ခုဖြစ်တဲ့ Kachin Waves News က ဖော်ပြထားပါသည်။ သေဆုံးသူ ကိုယ်ဝန်ဆောင်အမျိုးသမီး၏ အလောင်းကိုတော့ ရေခဲတောင်မှာ မြေမြုပ်ခဲ့တယ်လို့ ဆိုသည်။

    ဘေချီရှာဖွေရင်း သေဆုံးသွားတဲ့ ပူတာအိုမြို့နယ် ဂျုဗလီကျေးရွာက ကလေး ရှစ်ယောက်အဖေ ဦးမဖန်ခင်တန်ရဲ့အကြောင်းကိုတော့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် သေဆုံးသွားပြီး သုံးရက်အကြာမှာမှသိခဲ့ရကာ အလောင်းကို ရေခဲတောင်မှာပဲ မြေမြုပ်ခဲ့ရတယ်လို့ PutaO News Generation – ပူတာအိုသတင်းကို ကိုးကားပြီး Kachin waves News ဖော်ပြထားပါသည်။

    ဘေချီဆေးမြစ်ရှာသူတွေထဲမှာ နယ်မြေကျွမ်းကျင်သူတွေရှိသလို၊ နယ်မြေမကျွမ်းကျင်လို့ လမ်းမှားပြီး မိမိစခန်းပြန်ရှာမတွေ့လို့ ပျောက်ဆုံးသွားသူတွေလည်းရှိတယ်လို့ ဒေသခံများက အခုလိုမှတ်ချက်ပြုပါသည်။

    “ဒီနေရာထိလာပြီး ခက်ခက်ခဲခဲရှာဖွေရတယ်ဆိုပေမယ့် ရှာဖွေသူတိုင်းကလည်း ဆေးမြစ်မရကြပါဘူး။ လမ်းစရိတ်ဖိုးတောင်မကာမိဘဲ ပြန်လာကြရတဲ့သူတွေရှိတယ်။ ပေါက်တာနည်းနည်းထဲကို ရှာဖွေသူတွေ များလာတာကြောင့်လည်း ဖြစ်သလို၊ နယ်မြေမကျွမ်းကျင်တဲ့ သူတွေဆို မရကြတာများပါတယ်” လို့ ဆိုသည်။

    အသက်ကိုရင်းပြီး ဘေးချီဆေးဥရှာဖွေနေသူများက ရေခဲတောင် တောင်ကြောတစ်ကြော ဆေးမြစ်ဆေးဥ မရှာဖွေခင်က မိရိုးဖလာ မုဆိုးအလုပ်၊ တောင်ယာလုပ်ငန်းများ လုပ်ကိုင်နေကြသူများ ဖြစ်ကြသလို၊ တစ်နိုင်တစ်ပိုင် ရွှေတူးဖော်မှုများကိုလည်း လုပ်ကိုင်နေကြသည်။ ဒါ့အပြင် တရုတ်နိုင်ငံက အဝယ်များသည့် ဟင်းခတ် အမွှေးအကြိုင်ဖြစ်သည့် ရှောက်ကောစိုက်ခင်းများတွင်လည်း ရာသီအလိုက် လုပ်ကိုင်ကြပါသည်။

    စားဝတ်နေရေးအတွက် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ပူတာအိုခရိုင်ရှိ ရေခဲတောင်တန်းများ၏ သဘာဝအလှကြားမှာ ရှားရှားပါးပါးပေါက်သည့် အဖိုးတန်ဆေးမြစ်ဆေးဥတွေကို ရှာဖွေတူးဖော်နေသူများရဲ့ ဘဝတိုးတက်ကောင်းမွန်ရေးဟာ ပြည်နယ်တိုးတက်ဖွံ့ဖြိုးရေးနှင့် ဒွန်တွဲနေပါသည်။

    လမ်းပန်းဆက်သွယ်ရေးမတိုးတက်သရွေ့၊ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလွန်းလှ တဲ့ ကချင်ပြည်နယ်မြောက်ဖျားမှ ပြည်သူတွေအဖို့က ဝမ်းရေးအတွက် အသက်ကိုရင်းပြီးမှ ဆေးမြစ်ဆေးဥရှာဖွေ ခြင်းတွေကိုသာ ဆက်လုပ်ကိုင်နေရဦးမှာဖြစ်သလို၊ လူမသိသူမသိ ဆေးမြစ်ဆေးဥတွေကို ရှာဖွေရင်း ရေခဲတောင် ပေါ်က ပြုတ်ကျသေဆုံးမှုတွေကလည်း နာရီလက်တံသဖွယ် လည်ပတ်ဖြစ်ပျက်နေဦးမှာပဲ ဖြစ်သည်။