Skip to content

စစ်ကိုင်းပြတ်ရွေ့အန္ထရာယ် – “စစ်အာဏာရှင်မပြုတ်ခင် ငလျင်မလှုပ်ဖို့ဆုတောင်းကြ”

    မောင်မောင်ကြီး/Mizzima

    မြန်မာ့လူ့အဖွဲ့အစည်းအပေါ် အချိန်မရွေးကျရောက်လာနိုင်တဲ့ အန္တရာယ်တခုအတွက် ပညာရှင်တွေရဲ့ ကြိုတင်သတိပေးချက်တွေ အရင်လို ထွက်ပေါ်မလာတော့ဘဲ စစ်ကောင်စီလက်ထက်မှာ ဆိတ်သုဉ်းနေပါတယ်။ နိုင်ငံတော်အာဏာကို စစ်တပ်ကမသိမ်းယူခင် အစောပိုင်းကာလတွေက အစိုးရ၊ ပညာရှင်၊ ပြည်သူလူထုနဲ့ အရပ်ဘက်အဖွဲ့တွေ ဟန်ချက်ညီညီ အစပျိုးခဲ့တဲ့ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စီမံချက်တွေဟာလည်း အခုတော့ အစရှာမရအောင် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားခဲ့ပါပြီ။ ဒါပေမယ့် ဘေးအန္တရာယ်တခုကတော့ သူ့သဘာဝအတိုင်း ငြိမ်သက်လိုက်၊ လှုပ်ရှားလိုက်ရှိနေရာကနေ အခုအခါမှာတော့ ပြည်သူတွေရဲ့ နေအိမ်တံခါးကို ခပ်ကြမ်းကြမ်း လာခေါက်နေပါပြီ။

    အဲဒီလို တံခါးလာခေါက်နေတာကတော့ ဖျက်အားပြင်း ငလျင်အန္တရာယ်ပါ။ စစ်ကောင်စီလက်ထက်မှာ နောက်ကျောမလုံတဲ့ ပြည်သူတွေကို ထပ်တိုးခြိမ်းခြောက်လာတဲ့ ဘေးအန္တရာယ်တခုလည်း ဖြစ်ပါတယ်။ အပျက်အစီးတွေ ဖြစ်စေခဲ့တဲ့ ငလျင်တွေဟာ စစ်ကိုင်းနဲ့ မန္တလေးတိုင်း ထိစပ်မြို့တွေမှာ ဒီဇင်ဘာ ၁၅ နံနက်အစောပိုင်းကစပြီး ၄၈ နာရီအတွင်း ငါးကြိမ်လှုပ်ခဲ့ပါတယ်။ ဒီဇင်ဘာ ၁၅ ရက်ကနေ ဒီဇင်ဘာ ၂၁ ရက်အထိ ကိုးကြိမ်လှုပ်ခဲ့ပါတယ်။ ဒါဟာ မြန်မာ့ကုန်းမြေထုအောက်က စစ်ကိုင်းပြတ်ရွေ့ကျော တကျော့ပြန် ဂြိုလ်ကြွ မာန်ထလာတာလို့ ဘူမိဗေဒ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။ ဒါပေမယ့် ဒီတကြိမ် သတိပေးပုံကတော့ ယခင်ကနဲ့ ကွဲပြားခြားနားသွားခဲ့ပါပြီ။ ပညာရှင်တွေဟာ အရင်လို စိတ်ပါလက်ပါနဲ့ တက်တက်ကြွကြွ မရှိတော့ပါဘူး။ သတင်းမီဒီယာကို ရန်လိုနေတဲ့ စစ်ကောင်စီကို ထိတ်လန့်နေရတဲ့ကြားကနေ ပြည်သူလူထုအတွက် အရဲကိုးပြီး ခပ်တိုးတိုး ခပ်အုပ်အုပ် သတိပေးလာတာပါ။

    “ခေတ်က အရင်လိုမဟုတ်တော့ဘူး။ မီဒီယာတွေကို ကန့်သတ်ပိတ်ဆို့ထားတဲ့အခါ ကျနော်တို့လည်း အရင်လို ပြောလို့မရတော့ဘူး။ ကျနော်တို့ အသံတွေကိုလည်း ပြည်သူတွေ မကြားရတော့ဘူး”

    ပြည်ပနိုင်ငံတခုမှာ မိသားစုနဲ့အတူရှိနေတဲ့ ဘူမိဗေဒပညာရှင်တဦးက ပြောတာပါ။

    ဒီဆောင်းပါးအတွက် ပြည်ပမှာနေထိုင်တဲ့ ဘူမိဗေဒပညာရှင် ငါးဦးကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ လေးဦးက စစ်ကောင်စီလက်ထက်မှာ နယ်ပယ်အသီးသီးက ပညာရှင်တွေ နှုတ်ပိတ်ခံထားရကြောင်းပြောပြီး ၎င်းတို့ရဲ့ လုံခြုံရေးအတွက် နာမည်ဖော်ပြခွင့် မပြုပါဘူး။ အမည်ဖော်ပြခွင့်ပြုတဲ့ တဦးတည်းသော ပညာရှင်ကတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းဖြစ်ပါတယ်။ ဦးစိုးသူရထွန်းဟာ ၂၀၁၅ ခုနှစ် မတိုင်ခင်အထိ မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှာ အတွင်းရေးမှူးတာဝန် ယူခဲ့ပါတယ်။ ငလျင်ဆိုင်ရာ ပညာရှင်အနေနဲ့ လူသိများပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ကိုယ်စားပြုပြီး ကွမ်းခြံကုန်းမဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရပြီး လွှတ်တော်ကိုယ်စားလှယ် စဖြစ်ခဲ့ပါတယ်။ ၂၀၂၀မှာ ရွေးကောက်ပွဲ ထပ်မံအနိုင်ရခဲ့ပေမယ့် နိုင်ငံတော်အာဏာကို စစ်တပ်က သိမ်းယူပြီးတဲ့နောက် ဦးစိုးသူရထွန်းဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဝန်ကြီးတဦးဖြစ်လာပါတယ်။

    ပြည်သူလူထုကြားမှာ ငလျင်အကြောင်း တကျော့ပြန် လူပြောများလာတာကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက် နံနက်ဝေလီဝေလင်းအချိန်က စတင်ပါတယ်။ အဲဒီနေ့က မန္တလေးတိုင်း တံတားဦးမြို့ကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၅ အဆင့်ရှိတဲ့ငလျင်တခုလှုပ်ခဲ့တာပါ။ ရစ်ချ်တာစကေး ၅ အဆင့်ဆိုတာက အင်အားအသင့်အတင့်ရှိ သာမန်ငလျင်တခုပါပဲ။ ဒါပေမယ့် ပြည်သူလူထု ကျောချရာ မဟာပထဝီမြေကြီးရဲ့ အပေါ်ယံဘက်နားမှာ ကပ်လှုပ်တဲ့အခါ မြေလွှာလှုပ်ရှားမှု ပြင်းထန်သွားပါတော့တယ်။ မြေထုရဲ့ အပေါ်ဘက်နားမှာ ကပ်ပြီးလှုပ်တာကိုက စစ်ကိုင်းပြတ်ရွေ့ကျောရဲ့ ကိုယ်ပိုင်အမှတ်အသားပါပဲ။

    – စစ်ကိုင်းပြတ်ရွေ့(သို့မဟုတ်) မြန်မာ့မြေထုအတွင်းက ဧရာမပြတ်ရွေ့ကြီး

    ဧရာဝတီမြစ်ကြီးဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကနေ ယနေ့ထက်ထိ မြန်မာ့မြေပေါ်မှာ ရှင်သန်စီးဆင်းနေပါတယ်။ မြေမျက်နှာပြင်ထက်က ဧရာဝတီဟာ ထင်သာမြင်သာရှိလှပါတယ်။ မြေမျက်နှာပြင်အောက်မှာတော့ စစ်ကိုင်းပြတ်ရွေ့ကြီးရှိနေပါတယ်။ ကီလိုမီတာ ၁,၂၀၀ ခန့်ရှည်တဲ့ စစ်ကိုင်းပြတ်ရွေ့ကြီးဟာ မြန်မာနိုင်ငံမြောက်ပိုင်း ဟူးကောင်းချိုင့်ဝှမ်းကနေ စတင်ပြီး ရန်ကုန်တိုင်း သုံးခွမြို့နားက မြန်မာ့ကုန်းမြေအနားသတ်တနေရာမှာ ကပ္ပလီပင်လယ်ထဲ ငုပ်လ ျှိုး ထိုးဆင်းသွားပါတယ်။ သူဟာ စီးဆင်းနေဆဲ ဧရာဝတီလို ရှင်းရှင်းလင်းလင်းမမြင်ရပေမယ့် သွေးအေးလူသတ်သမားလို သက်ဝင်လှုပ်ရှားနေတဲ့ ဧရာမ ငလျင်ကြောကြီးလို့ ပညာရှင်တွေက ဆိုပါတယ်။ လူ့အသက်တွေ၊ ဘဝတွေကို အချိန်မရွေး ဆွဲနှုတ်နိုင်တယ်လို့လည်း ပညာရှင်တွေက သတိပေးပါတယ်။

    စစ်ကိုင်းပြတ်ရွေ့ဟာ မြန်မာနိုင်ငံရဲ့ လုနေထူထပ်ရာ မြို့ကြီးတွေကို ဖြတ်သွားပါတယ်။ မြန်မာနိုင်ငံမြေပုံကို ကချင်ပြည်နယ်ကနေ ရန်ကုန်တိုင်းအထိ ဒေါင်လိုက်မျဉ်းသားချလိုက်ပြီး ကြည့်ကြည့်ပါ။ အဲဒီမျဉ်းဟာ စစ်ကိုင်းပြတ်ရွေ့ကြီးလို့ စာဖတ်သူ အကြမ်းဖျဉ်း မှတ်ယူနိုင်ပါတယ်။ ဒီပြတ်ရွေ့ကြီးပေါ်မှာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းတို့ တည်ရှိနေပါတယ်။ ဟူးကောင်းတောင်ကြားကနေ အစပြုလာတဲ့ ဒီပြတ်ရွေ့ကြောကြီးဟာ ဧရာဝတီမြစ်ကြောင်း ဘေးဝဲယာတလျှောက်က မြို့တွေအပြင် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ ပဲခူးတို့လို မြို့ကြီးပြကြီးတွေကိုလည်း ဖြတ်သွားပါတယ်။ ဒီပြတ်ရွေ့ကြီးပေါ်မှာ မြို့ပေါင်း ၂၀ ထက်မနည်းရှိပြီး လူဦးရေပေါင်း သန်းချီ ရှိနေပါတယ်။ စာဖတ်သူကိုယ်တိုင်လည်း စစ်ကိုင်းပြတ်ရွေ့ကြီးပေါ်မှာ ရှင်သန်နေထိုင်သူတယောက် ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။

    အခုအခါမှာတော့ စစ်ကိုင်းပြတ်ရွေ့ဟာ သူ့ထုံးစံအတိုင်း သက်ဝင်လှုပ်ရှားလာပြန်ပါတယ်။ ဒီဇင်ဘာ ၁၅ ရက်ကလှုပ်ခဲ့တဲ့ ငလျင်ကြောင့် စစ်ကိုင်း၊ မင်းကွန်းမှာရှိတဲ့ နာမည်ကျော် ခြင်္သေ့ရုပ်ကြီး ပျက်စီးခဲ့ပါတယ်။ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ခန္တောကျောင်းတိုက်က ပတ္တမြားစေတီတော်ရဲ့စိန်ဖူးတော် မြေခခဲ့ပါတယ်။ နောက်နေ့ ထပ်လှုပ်တဲ့ငလျင်ကြောင့် မန္တလေးမြို့၊ နန်းရှေ့အရပ်က ဆင်ဖြူတော်ရုပ်ထုကြီး မေးရိုးနေရာကနေ ပဲ့ကျသွားခဲ့ပါတယ်။ တော်လဲသံလိုအသံကြီးထွက်လာပြီး အင်အားပြင်းပြင်းလှုပ်သွားတဲ့ အဲဒီငလျင်ကြောင့် စစ်ကိုင်းမှာ သက်ကြီးရွယ်အိုတဦး နှလုံးရပ် သေဆုံးသွားခဲ့ပါတယ်။ နေအိမ်တချို့ အတွင်းပိုင်း ပျက်စီးသွားခဲ့ပါတယ်။

    ငလျင်ဟာ မြေအောက် တိမ်တဲ့နေရာမှာ လှုပ်သွားလို့ ပြင်းထန်ပါတယ်။ တံတားဦး၊ စစ်ကိုင်း၊ မန္တလေး၊ မတ္တရာ၊ အမရပူရ၊ ပြင်ဦးလွင်အပါအဝင် ဗဟိုချက်အနီးပတ်ဝန်းကျင်က မြို့နယ် ဆယ်ခုထက်မနည်းမှာ သိသိသာသာ လှုပ်သွားခဲ့ပါတယ်။ ဒီရက်တွေထဲ လှုပ်တဲ့ငလျင်တွေဟာ စစ်ကိုင်းပြတ်ရွေ့လှုပ်ရှားတာဖြစ်ပြီး စစ်အာဏာရှင်လက်အောက်က နိုင်ငံသားတွေအတွက် အလွန်ပဲ စိုးရိမ်စရာကောင်းတယ်လို့ ဘူမိပညာရှင်တဦးက ညည်းတွားပါတယ်။

    “အခုက ရစ်ချ်တာစကေး ၅ ပတ်ဝန်းကျင်နဲ့တောင် အပျက်အစီးကများနေတယ်။ စစ်ကိုင်းပြတ်ရွေ့တလျှောက်က မြေနုလွင်ပြင်မှာရှိတဲ့ မြို့တွေကတော့ တော်တော်လေး သတိထားရမယ်”

    မြေနုလွင်ပြင်မှာရှိတဲ့ မြို့တွေကဘယ်မြို့တွေလဲလို့ မေးတဲ့အခါ ” ပြတ်ရွေ့တလျှောက်မြို့ အကုန်လုံးလိုလိုပါပဲ” လို့ ဆိုပါတယ်။

    စစ်ကိုင်းပြတ်ရွေ့ဟာ အင်အားပြင်းငလျင်အနေနဲ့ ပြတ်ရွေ့ရဲ့အလယ်ပိုင်းဖြစ်တဲ့ သပိတ်ကျင်းမြို့မှာ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က လှုပ်ခဲ့ပါတယ်။ ရစ်ချ်တာစကေး ၆ဒဿမ၈ အဆင့်နဲ့ လှုပ်ခဲ့ပြီး လူ ၂၆ ဦးအထိ သေဆုံးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ရစ်ချ်တာစကေး ၃ ကနေ ၅ ပတ်ဝန်းကျင်အဆင့်နဲ့ နောက်ဆက်တွဲငလျင်တွေ အကြိမ်ရေ ရာချီလှုပ်ခဲ့ပါတယ်။ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီး နောက်တကြိမ် အင်အားပြင်းငလျင် ထပ်လှုပ်နိုင်ခြေကို ပညာရှင်တွေ အမြဲတမ်း စိုးရိမ်မကင်းဖြစ်နေခဲ့ကြပါတယ်။

    ပညာရှင်တွေ အထူးစိုးရိမ်နေတာကတော့ စစ်ကိုင်းပြတ်ရွေ့ရဲ့ တောင်ဘက်ပိုင်းဖြစ်တဲ့ ပဲခူးအပိုင်းပါ။ စစ်ကိုင်းပြတ်ရွေ့ ပဲခူးအပိုင်းဟာ ၁၉၃၀ ပြည့်နှစ်က ရစ်ချ်တာစကေး ၇ဒဿမ၃ အဆင့်နဲ့ လှုပ်ခဲ့ပါတယ်။ ပဲခူးမြို့မှာ လူ ၅၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ အင်အားပြင်းလွန်းတာကြောင့် ရန်ကုန်မြို့အထိ ဖျက်အားပြင်းခဲ့ပါတယ်။ ရန်ကုန်မှာ လူ ၅၀ ထက်မနည်းသေဆုံးတယ်လို့ မှတ်တမ်းတွေကဆိုပါတယ်။ ပဲခူးငလျင်လှုပ်ခဲ့တာ နှစ်ပေါင်း ၉၀ ကျော်ခဲ့ပြီမို့ ပြတ်ရွေ့တွေရဲ့ သဘာဝအရ နောက်တကြိမ် အင်အားပြင်းငလျင်လှုပ်မယ်အချိန်အခါ ကျရောက်နေပြီလို့ ဦးစိုးသူရထွန်းက သတိပေးပါတယ်။

    ပဲခူးအပိုင်းအပြင် ပြတ်ရွေ့တလျှောက်မြို့တွေကလည်း ငလျင်အန္တရာယ်အတွက် သတိလက်လွတ်နေလို့မရဘူးလို့ ဆိုပါတယ်။

    – ခါးဆက်ပြတ်သွားတဲ့ ကြိုတင်ကာကွယ်ရေးစီမံချက်တွေ

    စစ်ကောင်စီလက်အောက်မှာ နိုင်ငံတော်ဟာ နယ်ပယ်စုံမှာ ပရမ်းပတာဖြစ်နေသလို ငလျင်ဘေးအပါအဝင် ဘေးအန္တရာယ်ကာကွယ်ရေးစီမံချက်တွေလည်း အရင်လို မလုပ်နိုင်တော့ပါဘူး။ နိုင်ငံတော်ကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့စဉ်ကဆိုရင် ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစီမံချက်တွေ သွက်သွက်လက်လက် ရှိခဲ့ပါတယ်။

    ဒီချုပ်အစိုးရလက်ထက်ကဆိုရင် ပညာရှင်တွေ၊ အရပ်ဘက်အဖွဲ့တွေ၊ ဌာနဆိုင်ရာတွေပါတဲ့ ငလျင်ဖိုရမ်တွေလုပ်ခဲ့ပါတယ်။ စစ်ကိုင်းပြတ်ရွေ့ ပဲခူးအပိုင်း အင်အားပြင်းပြင်းလှုပ်ရင် ရန်ကုန်မြို့လည်း အထိနာနိုင်တဲ့အတွက် ရန်ကုန်မြို့အတွက် ကြိုတင်ကာကွယ်ရေးစီမံချက်တွေ လုပ်ခဲ့ပါတယ်။ ပင်လယ်ကမ်းခြေဒေသတွေမှာ ဆူနာမီဘေး ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်တာတွေ မကြာခဏ လုပ်ခဲ့ပါတယ်။ ငလျင်အန္တရာယ် ကြုံတွေ့ရချိန်မှာ အရေးပေါ်ဆောင်ရွက်ရမယ့် အစီအမံတွေ၊ ငလျင်ဘေးအန္တရာယ်ကြောင့် သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်တွေ ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေဖို့အတွက် စီမံချက်တွေ ရေးဆွဲခဲ့ပါတယ်။ Disaster Alert Notification (DAN) လို့ခေါ်တဲ့ Mobile application တခု ဖန်တီးပြီး ငလျင်ဘေးအပါအဝင် သဘာဝဘေးတွေအတွက် ပြည်သူလူထု အထိအခိုက်နည်းအောင် ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။ လွှတ်တော်မှာလည်း အမတ်တွေက မေး၊ ဝန်ကြီးဌာနဘက်က ဖြေနဲ့ ငလျင်နဲ့သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာသတင်းတွေ မြိုင်ဆိုင်ခဲ့ပါတယ်။

    အခုအခါမှာတော့ လွှတ်တော်လည်းမရှိတော့သလို စစ်ကောင်စီကို မလွန်ဆန်ရဲတဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူတောင် ဘယ်ရောက်နေမှန်းမသိ၊ ဘယ်အခြေ ဆိုက်နေမှန်းမသိအောင် ပျောက်နေပါတယ်။

    ဒါ့အပြင် သဘာဝဘေးကြိုတင်ကာကွယ်ရေးနဲ့ အရေးပေါ်တုန့်ပြန်ရေး၊ ပြန်လည်ထူထောင်ရေးပိုင်းတွေမှာ အရေးကြီးဆုံးဌာနဖြစ်တဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်တနရာချထားရေးဝန်ကြီးဌာနဟာ အာဏာသိမ်း စစ်ကောင်စီလက်အောက်မှာ ပရမ်းပတာဖြစ်နေပါတယ်။ ပြည်သူလူထုကြားမှာ လူပြက်တယောက်သဖွယ် အလှောင်ခံရတဲ့ ဒေါ်သက်သက်ခိုင်က ဝန်ကြီးနေရာယူထားတာပါ။ ရွေးကောက်ပွဲမှာ အနိုင်မရခဲ့တဲ့အပြင် စစ်ကောင်စီနဲ့ပေါင်းပြီး ဝန်ကြီးနေရာ တက်ယူထားတဲ့ ဒေါ်သက်သက်ခိုင်ကို ပြည်သူလူထူက အမြင်မကြည်ပါဘူး။

    စစ်တပ်အသွင်ပြောင်းတွေက သူ့အောက်မှာ ရာထူးကြီးတွေရယူထားပြီး ဌာနတွင်းမှာ ပွတ်တိုက်မှုတွေကြီးမားနေတယ်လို့ ဝန်ထမ်းတွေက ပြောပြပါတယ်။ ပြဿနာတွေကို စစ်ကောင်စီက ကျိတ်ရှင်းနေပြီး အဲဒီဌာနရဲ့ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်ကို တာဝန်ကနေ ဒီဇင်ဘာလဆန်းပိုင်းမှာ ရပ်ဆိုင်းပါတယ်။ အဲဒီလို မီးကျိုးမောင်းပျက်ဌာနဟာ ပြည်သူတွေအတွက် ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးစီမံချက်တွေ ဘာတခုမှ မလုပ်နိုင်တော့ဘူးလို့ ပညာရှင်တွေနဲ့ အရပ်ဘက်အဖွဲ့အချို့က ဆိုပါတယ်။

    သဘာဝဘေးအရေးကို စစ်ကောင်စီလက်အောက်ကဌာနတွေ မကိုင်တွယ်နိုင်တာကို ဒီဇင်ဘာ ၁၅ ရက်ကလှုပ်ခဲ့တဲ့ ငလျင်မှာပဲ ကွက်ကွက်ကွင်းကွင်းမြင်ခဲ့ရပါတယ်။ တံတားဦးမြို့နားမှာ လှုပ်တဲ့ငလျင်ကြောင့် မန္တလေးမြို့ပေါ်မှာလည်း ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် မန္တလေးမြို့က မီးသတ်တပ်ဖွဲ့အရာရှိတယောက်က ငလျင်ကြောင့်ထိခိုက်တဲ့သတင်းတွေ မကြားရကြောင်း လူမှုကွန်ရက်ပေါ်တင်ပါတယ်။ ထိခိုက်ပျက်စီးမှုတွေရှိကြောင်း ပြည်သူလူထုက ဓာတ်ပုံမှတ်တမ်းတွေပြပြီး သက်သေထူရတဲ့အထိပါပဲ။

    “ဒီလောက်သတင်းလေးတောင် မစုစည်းနိုင်တဲ့ အစုအဖွဲ့။ တကယ်သာ အင်အားပြင်းငလျင်ကြုံရင် ပြည်သူက လည်စင်းခံရမယ့် အခြေအနေပဲ” လို့ မန္တလေးမြို့ခံတဦးကဆိုပါတယ်။

    ဒါ့အပြင် ငလျင်ဘေးအန္တရာယ်အကြောင်း သတိပေးချက်အလွဲတွေလည်း လူမှုကွန်ရက်ပေါ်မှာ နေရာယူလာပါတယ်။ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ Like လိုချင်တဲ့ အသင်းအဖွဲ့တွေနဲ့ လူပုဂ္ဂိုလ်အချို့ဟာ ငလျင်ကိုအကြောင်းပြုပြီး သတင်းအမှားတွေ၊ သတိပေးချက်အလွဲတွေ တင်ခဲ့ပါတယ်။ ခေတ်စကားနဲ့ပြောရရင် Like ချူခဲ့ကြပါတယ်။

    ဒီဖြစ်ရပ်တွေဟာ နိုင်ငံတော်အတွက်ရော၊ ပြည်သူလူထုအတွက်ပါ ကြီးမားတဲ့ ဆုံးရှုံးမှုလို့ ဘူမိပညာရှင်တဦးကဆိုပါတယ်။

    “ပြည်သူလူထုက အပူမီးဟပ်နေပြီး မသေရုံတမည် ရုန်းကန်နေရတယ်။ စားဝတ်နေရေးလည်း လုံးပန်းနေရတယ်။ အုပ်ချုပ်သူက အရည်အချင်းမရှိဘူး။ ဒီအချိန် စစ်ကိုင်းပြတ်ရွေ့သာလှုပ်ခဲ့ရင် မတွေးရဲစရာပဲ။”

    စစ်ကောင်စီကတော့ သူ့ကိုတော်လှန်နေတဲ့ ပြည်သူလူထုရဲ့ အသက် အိုးအိမ် စည်းစိမ်ကို အကြမ်းဖက်ဖျက်ဆီးပြီး နိုင်ငံတော်အာဏာကို ကုပ်ကပ်ဆုပ်ကိုင်ထားဆဲပါပဲ။ မင်းဘေးကို ရင်ဆိုင်နေရချိန် သဘာဝဘေးက ပြည်သူတွေရဲ့ နောက်ကျောကို ကပ်လာနေပါတယ်။ မပြောကောင်းမဆိုကောင်း အခုနေအခါမှာ အင်အားပြင်းငလျင်လှုပ်ခဲ့ရင်တောင် စစ်ကောင်စီဟာ ကယ်ဆယ်ရေးတို့၊ ပြန်လည်နေရာချထားရေးတို့ကို လုပ်မှာမဟုတ်ဘဲ မြေပါသိမ်းသွားမှာလို့ အာဏာရှင်ဆန့်ကျင်ရေး စိတ်အားထက်သန်တဲ့ ငလျင်ပညာရှင်တဦးက မှတ်ချက်ပြုသလို တဆက်တည်းမှာ လူထုကို အခုလို တိုက်တွန်းလိုက်ပါတယ်။

    “စစ်အစိုးရလက်ထက်က နာဂစ်ကို သင်ခန်းစာယူပါ။ စစ်အာဏာရှင်လက်အောက်မှာ ဘယ်သူမှ အာမခံချက်မရှိဘူး။ ဒါကြောင့် စစ်ကောင်စီပြုတ်ကျအောင်တိုက်ရမယ်။ သူ (စစ်ကောင်စီ) မပြုတ်ခင် ငလျင်မလှုပ်ပါစေနဲ့လို့ ဆုတောင်းကြ။” ပါတဲ့။