Skip to content

မြောက်ဖျားဒေသက အမေ့လျော့ခံ နိုင်ငံရေးအကျဥ်းသားများ

    Sai Latt Aung/Kachin Lay /Mizzima

    ပူတာအိုဒေသလို့ ဆိုလိုက်တာနဲ့ ရောက်ဖူးသူတိုင်းက မြန်မာပြည်မြောက်ဖျားပိုင်းရှိ သဘာဝအလှဖြာဝေတဲ့ ဒေသလေးလို့ သတ်မှတ်ကြသည်။ ရေခဲတောင်တန်းကြီးများခြံရံထားသည့် မြန်မာပြည်၏ အသက်သွေးကြော “ဧရာဝတီမြစ်ကြီး” မြစ်ဖျားခံရာ မေခနဲ့ မလိခမြစ်နှစ်သွယ် စတင်စီးဆင်းသည့် ဒေသလည်းဖြစ်သည်။

    ဒီလို ဝိသေသလက္ခဏာတွေရှိနေသည့် ရပ်ဝန်းဒေသမှာ လူသူသိပ်မသိသေးသည့် ဖြစ်ရပ်ကြီးတွေရှိနေပါသည်။ ပူတာအိုခရိုင်ဒေသက ခရိုင်မြို့ဆိုပေမယ့် ကချင်ပြည်နယ်အတွင်းမှာ လမ်းပန်းဆက်သွယ်ရေး မကောင်းလှဘဲ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသေးသည့် နေရာဒေသတစ်ခုဖြစ်သည်။ ဒါပေမယ့် ဒီဒေသကို စိတ်ရင်းစေတနာအပြည့်နှင့် အမှန်အကန်ပြုပြင်ပြောင်းလဲသွားဖို့ စိတ်အားထက်သန်နေကြသည့် လူတစ်စုရှိနေပါသည်။ သူတို့က ဒေသခံရဝမ်တိုင်းရင်းသားလူငယ်များပင် ဖြစ်သည်။

    အစစ အရာရာမှာ နောက်ကျနေသည့် ပူတာအိုဒေသကို သူတို့လူငယ်တွေရဲ့အားနှင့် ပြုပြင်ပြောင်းလဲသွားနိုင်မယ်လို့ ယုံကြည်နေကြပါသည်။ သူတို့ရဲ့ ယုံကြည်ချက်အတိုင်း ပူတာအိုဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်စွမ်းညဏ်စွမ်းရှိသလောက်နဲ့ ကြိုးစားလုပ်ကိုင်လာခဲ့ကြတာကြောင့် ကချင်လူထုအသိုင်းအဝိုင်းမှာ ဒီလူငယ်လေးတွေက ပူတာအိုဒေသရဲ့ အနာဂတ်တွေဖြစ်တယ်လို့ လူအများက ယုံကြည်လက်ခံလာကြပါသည်။

    ဒါပေမယ့်လည်း စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူလိုက်တဲ့ ၂၀၂၁ခုနှစ်နောက်ပိုင်းမှာတော့ မျော်လင့်ချက်တွေ ပျက်သုဥ်းသွားပါသည်။ ဒီရဝမ်တိုင်းရင်းသားလူငယ်တစ်စုရဲ့ ဘဝတွေလည်း တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားရပါတော့သည်။

    ဒီရဝမ်လူငယ်တွေက စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးလှုပ်ရှားမှုတွေမှာ ကချင်လူထုနဲ့အတူ အင်တိုက်အားတိုက် ပါဝင်လာသည်။ အရာရာမှာ ခေတ် နောက်ကျကျန်နေခဲ့တဲ့ ပူတာအိုဒေသမှာ အာဏာရှင်စနစ်ကို ဖက်တွယ်နေသားကျနေခဲ့တဲ့ ကိုယ့်လူမျိုး လူကြီးအချို့ကြောင့် နိုင်ငံရေးပုဒ်မများနှင့် မတရားစွဲချက်အတင်ခံရပြီး အနာဂတ် လူငယ်တစ်စုရဲ့ဘဝတွေက အချုပ်ထောင်သံတိုင်ရဲ့နောက်ကို ရောက်သွားစေခဲ့ရတယ်လို့ ပူတာအိုဒေသက ရဝမ်လူငယ်ခေါင်းဆောင်တစ်ဦးက ဆိုသည်။

    “ပူတာအိုထောင်ထဲက ရဝမ်လူငယ်တွေကို ထောင်ချဖို့ တရားစွဲသူ၊ နောက်ပြီး သက်သေအနေနဲ့လက်မှတ်ထိုးတဲ့သူတွေက ကိုယ့်အမျိုးတွေထဲက လူကြီးတွေဖြစ်နေတယ်ဆိုတာ သိပါတယ်။ ရဝမ်လူငယ်တွေက ပူတာအိုမှာ ဘယ်လိုအကြမ်းဖက်တွေလုပ်ခဲ့လို့ ကိုယ့်အမျိုးထဲကလူကြီးတွေက တရားစွဲသူနဲ့ အသိသက်တွေအဖြစ်လက်မှတ်ထိုးပြီး ထောင်ချချင်ရတာလဲဆိုတာ စဥ်းစားလို့မရဘူး” လို့ ရဝမ်လူငယ်ခေါင်းဆောင်က ပြောသည်။

    အချုပ်ထောင်သံတိုင်နောက်ကို ရောက်သွားခဲ့ရတဲ့ ရဝမ်လူမျိုး တက်ကြွလူငယ်တွေထဲမှာ ရဝမ်လူငယ်အသင်း၏ ဥက္ကဋ္ဌဖြစ်သူ ကိုဖုန်ရော့ဖီနန် (Hpungraw Hpyi Nang) တစ်ယောက်လည်း ပါဝင်ခဲ့သည်။ ကိုဖုန်ရော့ဖီနန်က ဌာနေရဝမ်တိုင်းရင်းသားများနဲ့ ကချင်လူထုအသိုင်းအဝိုင်းကြားမှာ လူချစ်လူခင်ပေါများပြီး၊ ဒေသအကျိုးများစွာအတွက် လုပ်ဆောင်ပေးနေတဲ့ တက်ကြွလှုပ်ရှားသူအဖြစ် ဂုဏ်သတင်းထင်ပေါ်သူလည်း ဖြစ်သည်။

    ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇွန်လ ၂၈ ရက်နေ့မှာ စစ်ကောင်စီလက်အောက်ခံ ပူတာအိုမြို့နယ်တရားရုံးကနေ ပုဒ်မ ၅၀(ည)နဲ့ ရဝမ်လူငယ်အသင်းဥက္ကဋ္ဌ ကိုဖုန်ရော့ဖီနန်ကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း မိသားစုဝင်များထံကနေ သိရသည်။ ကိုဖုန်ရော့ဖီနန်ကို “CDM ပြုလုပ်သူများနဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDFအဖွဲ့ကို ထောက်ပံ့ပေးနေသူ” ဆိုပြီး၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ သူ့အိမ်မှာပဲ စစ်တပ်က လာရောက်ဖမ်းဆီးသွားပါသည်။ ဒါက ကိုဖုန်ရော့ဖီနန်ကို ဒုတိယအကြိမ်အနေနဲ့ စစ်တပ်က နိုင်ငံရေးဆက်နွယ်မှု စွပ်စွဲချက်တွေနဲ့ လာဖမ်းသွားတာဖြစ်ပြီး၊ အမှုစွပ်စွဲချက်နဲ့ပတ်သက်ပြီး အသေးစိတ်ကိုလည်း မသိရဘူးလို့ မိသားစုဝင်တစ်ဦးက ပြောသည်။

    “ဘယ်သူက တရားလိုလုပ်ပြီး၊ ဘယ်သူက တရားစွဲတယ်ဆိုတာကိုလည်း အသေးစိတ်မပြောပြဘူး။ ရုံးထုတ်စစ်ဆေးတိုင်းလည်း သူတို့ရဲ့တရားလိုက တစ်ယောက်ပြီးတစ်ယောက်ပြောင်းနေတယ်တဲ့။ နောက်ပြီး ရုံးထုတ်တိုင်းလည်း မိသားစုဝင်တွေနဲ့ မတွေ့ရဘူး။” လို့ ပြောသည်။

    ၂၀၂၁ ခုနှစ် စစ်တပ်အာဏာစသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ် ပူတာအိုဒေသမှာ စစ်ကောင်စီကဖမ်းဆီးခဲ့တဲ့ ပထမဦးဆုံးဖမ်းဆီးခဲ့တဲ့ ရဝမ်လူငယ် ငါးဦးထဲမှာ ကိုဖုန်ရော့ဖီနန်လည်း ပါဝင်ခဲ့တယ်လို့ လုပ်ဖော်ကိုင်ဖက်များက အတည်ပြုပြောပြပါသည်။ ဒီလူငယ် ငါးဦးဟာ ပူတာအိုဒေသက စစ်အာဏာရှင်ဆန့်ကျင်သည့် သပိတ်စစ်ကြောင်းကို ဦးဆောင်ခဲ့သူတွေဖြစ်တာကြောင့် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။ ကိုဖုန်ရော့ဖီနန်က ပြန်လည်လွတ်မြောက်လာချိန်မှာ သူရဲ့မိသားစုအခက်အခဲနှင့် ကလေးတွေရဲ့ကျောင်းပညာ ရေးအတွက် မြစ်ကြီးနားမြို့မှာ အေးချမ်းစွာနေထိုင်ခဲ့ပေမယ့် သူရဲ့အမျိုးသမီး ကျန်းမာရေးအရေးပေါ်အခြေအနေကြောင့် ပူတာအိုနေအိမ်မှာ ပြန်လည်နေထိုင်စဥ် ဒုတိယအကြိမ်အဖမ်း ခံရသည်။

    စစ်တပ်က ကိုဖီနန်ကို ဒုတိယအကြိမ် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားချိန်က သူကိုယ်တိုင်ကလည်း ကျန်းမာရေးမကောင်းဘူးလို့ မိသားစုဝင်များနဲ့ လုပ်ဖော်ကိုင်ဖက်များဆီကတစ်ဆင့် သိရသည်။ အကြမ်းဖက်မှုပုဒ်မ ၅၀ (ည)နှင့် မတရားဖမ်းဆီးခံခဲ့ရတဲ့ ကိုဖုန်ရော့ဖီနန်ကို ပူတာအိုအချုပ်ထောင်ဖြစ်တဲ့ နန်ဟော့ထောင်ကိုမပို့ခင် စစ်ကြောရေးစခန်းမှာလည်း လူမဆန်စွာရိုက်နှက်တာတွေခံခဲ့ရတယ်လို့ ထောင်တွင်းသတင်းရင်းမြစ်များက ဆိုကြသည်။

    ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ဝင်တစ်ဦးလို့ စွပ်စွဲကာ စခန်းနေရာများကို ရိုက်နှက်မေးမြန်ခံခဲ့ရတဲ့အတွက် ကိုဖုန်ရော့ဖီနန်တစ်ယောက်က ပူတာအိုထောင်မှာ လနဲ့ချီ နံရိုးကျိုးတဲ့ဒဏ်ကို ခံစားခဲ့ရတယ်လို့ ပူတာအိုထောင်က သတင်းရင်းမြစ်က အခုလိုပြောပြပါတယ်။

    “ဒီမှာ(ပူတာအိုထောင်)က နိုင်ငံရေးပုဒ်မနဲ့ရောက်ရှိလာတဲ့သူတွေက သိပ်မရှိဘူးလေ။ နောက်ပြီး ဒီအကိုတွေဆိုတာက ဒီဒေသကလူသိများတဲ့သူတွေမလား။ ဒါကြောင့်ကျနော်က သူတို့ကိုမြင်ကတည်းနေ မှတ်မိနေတာ။ ဆေးကမကုပေးတာမဟုတ်ဘူး။ ထောင်ဆရာဝန်ကိုတော့ပြပေးတယ်။ အပြင်လိုတော့ ဘယ်ဟုတ်မလဲဗျာ” လို့ ပြောသည်။

    လက်ရှိအချိန်မှာတော့ ကိုဖုန်ရော့ဖီနန်ရဲ့ နံရိုးကျိုးတဲ့ဒဏ်ရာသက်သာလာပြီဆိုပေမယ့် သူ့ရဲ့ ကျန်းမာရေးအခြေအနေကိုတော့ မသိရသေးပါ။

    ပူတာအိုထောင် သို့မဟုတ် သတ်ကွင်း

    ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လက်အောက်မှာရှိနေတဲ့ ပူတာအိုထောင်က ကချင်ပြည်နယ်မှာ (ခ)အဆင့် ထောင်တစ်ခုဖြစ်တယ်လို့ ထောင်တွင်းအချက်အလက်တွေအရ သိရသည်။ ဝေးလံပြီး သွားလာရခက်ခဲလွန်းတဲ့ဒေသဖြစ်သလို စစ်တပ်နှင့် စစ်တပ်က ကျောထောက်နောက်ခံပြုထားတဲ့ ရဝမ်ဌာနေပြည်သူ့စစ်များ အားကောင်းရာဒေသမှာရှိတဲ့ ပူတာအိုထောင်တွင်း အခြေအနေမှန်ကို တော်ရုံတန်ရုံ သိဖို့မလွယ်ကူပါဘူး။ ပူတာအိုထောင်မှာက ဒေသခံလူငယ်အများစု အကျဥ်းထောင် ဝန်ထမ်းအဖြစ် အောက်ခြေအဆင့်မှာ လုပ်ကိုင်နေကြတယ်လို့ ထောင်တွင်းသတင်းရင်းမြစ်များက ဆိုကြသည်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်း လိုက်ချိန် ပူတာအိုထောင်ရဲ့ အကျဥ်းဦးစီးဝန်ထမ်း အယောက် ၂၀ နီးပါး နုတ်ထွက်သွားပါသည်။ စစ်ကောင်စီက လျင်မြန်စွာနဲ့ပဲ နုတ်ထွက်သွားသူတွေရဲ့နေရာမှာ အခြားသူတွေကို အစားထိုး အလုပ်ခန့်လိုက်သည်ဟု ကချင်သတင်းရင်းမြစ်များနဲ့ ထောင်တွင်းသတင်းရင်းမြစ်များက ဆိုကြသည်။

    “အာဏာသိမ်းကတည်းကနေ တချို့က ကျောင်းပြန်ဆက်တက်မယ်ဆိုပြီး ထွက်ကုန်တယ်။ တချို့ကျတော့ CDM လုပ်သွားတယ်။ အခုကျန်တာက အကြီးပိုင်းနဲ့ ဝန်ထမ်းအချို့လောက်ပဲ ရှိတော့တယ်။ ဒါပေမယ့် အခုတော့ အောက်ပိုင်းကတက်လာတဲ့ ဝန်ထမ်းတွေနဲ့ လွတ်သွားတဲ့သူတွေရဲ့နေရာမှာ အစားပြန်ထိုးထားပြီလို့လည်း ကြားတယ်” လို့ ထောင်ဝန်ထမ်းကနေ နုတ်ထွက်လာခဲ့သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    ပူတာအိုထောင်က (ခ)အဆင့်ရှိတဲ့ ထောင်တစ်ခုလို့ဆိုပေမယ့် အမှန်တကယ်က ရဲဘက်စခန်းတစ်ခုထက်မပိုဘူးလို့ ကချင်သတင်းရင်းမြစ်များနဲ့ ထောင်တွင်းသတင်းရင်းမြစ်များက အတည်ပြုပေးပါသည်။ ဒီလိုအဆင့်မှာရှိပေမယ့် ပူတာအိုထောင်က ခေတ်အဆက်ဆက် အင်းစိန်ထောင်က ထင်ရှားတဲ့ နိုင်ငံရေးအကျဥ်းသားတွေကို ပို့ထားတဲ့နေရာဖြစ်ပါသည်။

    အာဏာရှင်စစ်အစိုးရ အဆက်ဆက်ကို ဆန့်ကျင်ရာမှာ လူသိများတဲ့ လူရွှင်တော် ဇာဂနာ (ခေါ်) ဦးသူရကိုပင် ပူတာအိုထောင်မှာ ချုပ်နောင်ထားခဲ့သည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ)လက်ထက်မှာ လူရွင်တော် ဇာဂနာအပြင် ဆုံးပါးသွားပြီဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးတို့လို ဝါရင့်နိုင်ငံရေးသမားကြီးများကို ပူတာအိုအကျဥ်းထောင်သို့ ပို့ခဲ့သည်။

    “ထင်ရှားတဲ့သူတွေကို ပူတာအိုမှာ တရားစွဲခံရတာနည်းပါတယ်။ ထင်ရှားတဲ့နိုင်ငံရေးသမားတွေကို ထောင်ချပြီးမှ ပူတာအိုထောင်ကို ပို့တာပဲရှိမယ်” လို့ အကျဥ်းထောင်တွင်းသို့လိုက်ကာ အမှုလိုက်ပါကူ ညီပေးနေတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးက အခုလိုပြောပြပါသည်။

    အအေးဓါတ်လွန်ကဲတဲ့ ပူတာအိုက အကျဥ်းထောင်စီ အပို့ခံရတဲ့ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပြစ်မှုပြစ်ဒဏ်ကျနေသူတွေအဖို့ ရာသီဥတုဒဏ်ကြောင့် တခြားထောင်တွေထက် ပြစ်ဒဏ်နှစ်ဆကျခံရသလို ခံစားရတဲ့အပြင် လူသတ်ကွင်းထဲ အပို့ခံရသလိုဖြစ်နေတယ်လို့ ပူတာအို ထောင်ကနေ နိုင်ငံရေးပြစ်ဒဏ်ကျခံကာ လွတ်မြောက်လာသည့် သတင်းရင်းမြစ်တစ်ဦးက အခုလိုပြောသည်။

    “ဒီထောင်ကိုပို့ခံလိုက်ရတဲ့သူက ထောင်ပြစ်ဒဏ်ကော နောက်ပြီး အေးစိမ့်လှတဲ့ ရာသီဥတုရဲ ပြစ်ဒဏ်ကိုပါ ကြုံရတဲ့အတွက် သူ့ပြစ်ဒဏ်က နှစ်ဆခံရသလိုဖြစ်သွားတယ်။ ဒါကြောင့် နိုင်ငံရေးသမားတစ်ယောက်ကို ပူတာအိုထောင်ပို့လိုက်တာက လူသတ်ကွင်းပို့လိုက်တာနဲ့ အတူတူပါပဲ” ဟု ဆိုသည်။

    အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ ထောင်ဝင်စာတွေကို ကန့်သတ်ထိန်းချုပ်ထားတဲ့အပြင် တစ်နှစ်ပတ်လုံး အဆမတန်အေးစိမ့်တဲ့ ရာသီဥတုအပြင် ဝေးလံပြီးသွားလာရခက်ခဲတာကြောင့် ပူတာအိုထောင်သားများရဲ့ ကျန်းမာရေးက အထူးစိန်ခေါ်ချက် ဖြစ်လာသည်။

    ဒါ့အပြင် ထောင်တွင်းတရားရုံးများမှာ နိုင်ငံရေးပုဒ်မနဲ့ တရားစွဲခံရသူတွေကို အမှုလိုက်ပါကူညီပေးနေတဲ့ ရှေ့နေ များကိုလည်း မီဒီယာများနှင့် စကားပေးမပြောဘဲ ထိန်းချုပ်ထားသည့်အပြင် သံသယရှိပါက အမှုဆင်စစ်ဆေးခြင်းများပါ ပြုလုပ်သည်။

    လက်ရှိ ပူတာအိုထောင်အတွင်း ကိုဖုန်ရော့ဖီနန်အပါအဝင် နိုင်ငံရေးသမားများနှင့် နိုင်ငံ ရေးပြစ်ဒဏ်နဲ့တရားစွဲခံထားရသူ ၁၀ ဦးထက်မနည်းရှိနေတယ်လို့ စုံစမ်းသိရှိရသည်။ ကိုဖုန်ရော့ဖီနန်ရဲ့ မိသားစုဝင်တွေက ကိုဖုန်ရော့ဖီနန်အတွက် ထောင်ဝင်စာပစ္စည်းများကို ပေးပို့ပေးနိုင်ပေမယ့် ကိုဖုန်ရော့ဖီနန်နဲ့တော့ တစ်ခါမှ တွေ့ဆုံစကားပြောမရသေးတာကြောင့် ကိုဖုန်ရော့ဖီနန်ရဲ့ ကျန်းမာရေးအခြေအနေကို မခန့်မှန်းနိုင် ဖြစ်နေသည့်အပြင် ဆိုးဝါးလှသည့် ရာသီဥတုဒဏ်ကြောင့် ကျန်းမာရေး ဆုတ်ယုတ်လာမှာကို အထူးစိုးရိမ်နေကြသည်။