Skip to content

အညာဒေသမှာ စစ်ကောင်စီတပ် တွေ စစ်ကြောင်းထိုးမီးရှို့နေလို့ ဒေသခံ သောင်းနဲ့ချီ ဒုက္ခရောက်နေ

    စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အများစုက ကျေးရွာတွေကို နိုဝင်ဘာလ နှောင်းပိုင်းက စတင်ပြီး စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းထိုးဝင်ရောက်နေပါတယ်။ ကျေးရွာတွေက နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ပစ္စည်းတွေကို အဓမ္မနည်းနဲ့ ယူဆောင်တာတွေ ပြုလုပ်နေတာကြောင့် သောင်းနဲ့ ချီတဲ့ ပြည်သူတွေဟာ စစ်ဘေး ရှောင်နေကြရပြီး အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံ လူမှုကယ်ဆယ်ရေးအဖွဲ့ တွေဆီက သိရပါတယ်။

    စစ်ကောင်စီတပ်တွေဟာ ဒီဇင်ဘာလ ၄ ရက်နေ့ကစတင်ကာ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာတွေကို စစ်ကြောင်း ထိုးဝင်ရောက်ပြီးနောက် ယနေ့ အချိန်အထိ ကျေးရွာပေါင်း ကိုးရွာလောက်ကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒီပဲယင်း မြို့နယ် ညီနောင်များအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    အလားတူ ခင်ဦးမြို့နယ်မှာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့ ကနေ ၂၈ ရက်နေ့အတွင်း စစ်ကောင်စီ တပ်တွေရဲ့ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုတွေကြောင့် ကျေးရွာပေါင်း ၁၂ရွာ က နေအိမ်ပေါင်း ၇၇၀ကျော် လောက် မီးရှို့ဖျက်စီးခံခဲ့ရပါတယ်။ ဒီဇင်ဘာလ ၂ ရက်နေ့ မှာလည်း ခင်ဦးမြို့နယ်အတွင်းက ဗျိုင်းကြိုင်ကျေးရွာ ကို မီးရှီု့ဖျက်ဆီးသွားတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    စစ်ကောင်စီတပ်တွေဟာ ရွှေဘိုမြို့နယ်မှာလည်း ကျေးရွာ ရှစ်ရွာထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ရွှေဘိုဘက်က စစ်ရှောင်လာတဲ့ ပြည်သူတွေလည်း ဒီပဲယင်းမြို့နယ်မှာ ရောက်နေလို့ ဒီပဲယင်း မြို့နယ်တစ်ခုတည်းမှာစစ်ရှောင်အရေအတွက် နှစ်သောင်း နီးပါးထိ ရှိနေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်များဖြစ်တဲ့ ကန့်ဘလူ မြို့နယ်မှာ ကျေးရွာ ခုနစ်ရွာ ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ထီးချိုင့်မြို့နယ်မှာလည်း ကျေးရွာ ခုနစ်ရွာက နေအိမ်ပေါင်း ၄၃၀ ကျော်ကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ထီးချိုင့် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ထုတ်ပြန်ထားပါတယ်။