Phyoe Ei Naing/Mizzima

အက်ကွဲနေသော မြေဧကများစွာပေါ် နွယ်ပင်ရှည်ကြီးများ၊ မြက်ရိုင်းပင်များ ပေါက်ရောက်နေသည့် မြင်ကွင်းက ခြောက်ကပ် ဆိတ်သုန်းမှု သရုပ်ကို ဖော်ညွှန်း လှစ်ဟာ ပြလျက်ရှိသည်။ ထိုမြင်ကွင်း နေရာက တစ်ချိန်က စိမ်းလန်း စိုပြေနေသော လယ်ကွင်းများဖြင့် ပြည့်နေခဲ့သည့် ရေလယ်ကျွန်း ကျေးရွာ နေရာ ဖြစ်သည်။
“ဘယ်သူမှ လယ်မစိုက်နိုင်ဘူး။ ထမင်းတောင် ဒီကဆရာ (စစ်ဘေးရှောင်စခန်း တာဝန်ခံ) ကျွေးလို့ စားနေရတာ” ဟု အသက် ၆၀ နီးပါး ရှိနေသည့် ရေလယ်ကျွန်းရွာ ဒေသခံ ဦးထွန်းဦး (အမည်လွှဲ) က ပြောသည်။
ယခုရာသီသည် ကျွန်းတောင်သူဟု ခေါ်သည့် လယ်သမားများအတွက် စိုက်ပျိုးရာသီ ဖြစ်သည်။
ဧရာဝတီမြစ်ရေ ပြန်ကျချိန် တော်သလင်း၊ သီတင်းကျွတ် လများတွင် ရေကျချိန် အသစ် ပြန်ပေါ်လာသည့် မြေများပေါ်၌ လယ်သမားများ သီးနှံ စတင် စိုက်ပျိုးကြပြီး တန်ဆောင်မုန်း၊ နတ်တော် လများရောက်လျှင် စိုက်ပျိုးရာသီ ကုန်ချိန်သို့ ရောက်သည်။ ထိုကာလကို ဒေသအခေါ် ထွန်တုံးပိတ် ကာလဟု ခေါ်ကြသည်။
ထွန်တုံးပိတ်သည် ဆိုသည်မှာ တစ်နည်းအားဖြင့် အပင်များ အရွယ် ရောက်လာပြီး မျိုးစေ့ချသည့် ရာသီ ကုန်ခြင်းကို ဆိုလိုသည်။
ယခုလသည် ထွန်တုံးပိတ်ကာလ ဖြစ်ပြီး လယ်ယာလုပ်ငန်းခွင် စိုက်ပျိုးရေး လုပ်ငန်း လက်စသတ်ရန် အချိန် ဖြစ်သည်။ သို့သော် မတ္တရာမြို့နယ် ရေလယ်ကျွန်း ကျေးရွာနှင့် စဥ့်ကိုင် ကျေးရွာများမှ တောင်သူများမှာ ထွန်တုံးကိုပင် မကိုင်ရသေးသူ အများအပြား ရှိနေသည်။
ရေလယ်ကျွန်း ကျေးရွာသည် မတ္တရာမြို့နယ်၊ အနောက်ဘက်အခြမ်း ၊မန္တလေးမှ ဗန်းမော်ဘက် သွားသည့် ရေလမ်းကြောင်းတွင် တည်ရှိသည်။ အိမ်ခြေ ၄၀၀ ကျော် တည်ရှိပြီး မြေပဲနှင့် အခြားပဲ မျိုးစုံ ကို အဓိက စိုက်ပျိုးသည့် ကျွန်းမြေ တောင်သူများ နေထိုင်ကြသည်။
မတ္တရာမြို့နယ် အနောက်ခြမ်းကို စစ်တပ်က တရစပ် စစ်ကြောင်း ထိုးနေသလို ယခုနှစ်သြဂုတ်လမှစတင်ကာအလစ်အငိုက် ဝင်ရောက် ပစ်ခတ်မှုများကြောင့် ဒေသခံ အမျိုးသား အများစု နေအိမ်မှ ထွက်ပြေး နေကြရသည်။ ထိုအထဲတွင် ဦးထွန်းဦးလည်း ပါသည်။
ဒေသခံ အမျိုးသားများကို စစ်တပ်က ဖမ်းဆီးပြီးလျှင် အလောင်းတောင် ပြန်မရ၍ အမျိုးသားများ အားလုံး နီးပါး ရှောင်တိမ်း နေကြရသည်။
ရေလယ်ကျွန်းရွာ၏ အိမ်ထောင်စုဦးရေ သုံးပုံ တစ်ပုံခန့်သည် ကြံ့ခိုင်ရေး ထောက်ခံ အားပေးသူများ ဖြစ်ပြီး စစ်အာဏာ သိမ်းပြီးနောက် PDF များ ပေါ်ပေါက် လာသောအခါ ၎င်းတို့ကလည်း ပျူစောထီးထဲ ဝင်ရောက်ပြီး ကျေးရွာသို့ စစ်တပ်ခေါ်လာကာ ပြန်လာကြသည်ဟု ဦးထွန်းဦးက ဆိုသည်။
“ရွာခံပါတော့ ပိုဆိုးတယ်။ NLD ထောက်ခံတဲ့သူဆိုရင် မရပါဘူး။ အဲ့တော့ ကျွန်တော်က စစ်ရှောင် စခန်းမှာ ခိုကပ်နေတယ်။ မိန်းမနဲ့ ကလေးနှစ်ယောက်က တောထဲမှာ စစ်တပ်နဲ့ လွတ်တဲ့နေရာက လယ်လေးလုပ်ရင်း နေတယ်” ဟု ဦးထွန်းဦးက ပြောသည်။
ဦးထွန်းဦးတွင် သားသုံးယောက်နှင့် သမီးတစ်ယောက် ရှိသည်။ သားအကြီး နှစ်ယောက်က အိမ်ထောင် ကျသွား၍ အသက် ၂၂ နှစ် အရွယ် သမီး၊ အသက် ၁၂ နှစ်အရွယ် သားငယ်နှင့် အသက် ၅၀ ကျော် အရွယ် အမျိုးသမီး ဖြစ်သူတို့နှင့် အတူ နေထိုင်သည်။
သို့သော် အကြမ်းဖက်စစ်တပ် စစ်ကြောင်းများ မကြာခဏ ဆင်းကာ နေအိမ်ကို ဝင်ရောက် ရှာဖွေမှုကြောင့် ဦးထွန်းဦးက ရှောင်တိမ်းခဲ့ရခြင်း ဖြစ်သည်။
“တစ်ရွာလုံးမှ ၂၀ ရာခိုင်နှုန်းလောက်ပဲ လယ်ယာ လုပ်စားရတယ်။ ရှိတဲ့ ကျွဲတွေ၊ နွားတွေတောင် ကိုယ့်အိမ်မှာ ကိုယ်မကျွေးနိုင်ကြလို့ လွှတ်ထားရတယ် ” ဟု ဦးထွန်းဦးက ပြောသည်။
ဦးထွန်းဦး၏ ဇနီးသည်နှင့် ကလေးများမှာ ဧရာဝတီမြစ်အတွင်း ရေကျချိန် ပေါ်လာသည့် ကျွန်းတစ်ကျွန်း ပေါ်တွင် နေထိုင်ပြီး အနီးကပ်လျက်ရှိ မြေတချို့ကိုသာ လုပ်နိုင်သည်ဟု ဦးထွန်းဦးက ပြောသည်။
သြဂုတ်လမှ စတင်ကာ စစ်ကောင်စီက မတ္တရာမြို့နယ် အနောက်ခြမ်း ကျေးရွာများကို မကြာခဏ ဆိုသကဲ့သို့ ဝင်ရောက် မွှေနှောက်လျက် ရှိသည်။
ထိုအထဲတွင် ရေလယ်ကျွန်းကျေးရွာလည်း ပါဝင်သည်။ သြဂုတ်လထဲတွင် ရေလယ်ကျွန်း ကျေးရွာကို စစ်တပ်က ပထမအကြိမ် ဝင်ရောက်ခဲ့ပြီး အနောက်ဘက်ရှိ စဥ့်ကိုင်ကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် လာရောက် ပစ်ခတ်သည်။ ဒေသခံ ကာကွယ်ရေး တပ်များကလည်း စဥ့်ကိုင်ကျေးရွာဘက်မှ ပြန်လည်ခုခံ ပစ်ခတ်ခဲ့ပြီး စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် စဥ့်ကိုင်ကျေးရွာမှ ဆရာတော်တစ်ပါး ထိမှန် ကွယ်လွန်ခဲ့သည်။
ထို့နောက် ရေလယ်ကျွန်း ကျေးရွာမှ ကြံ့ခိုင်ရေး ပါတီဝင်များသည် ပျူစောထီးများ အဖြစ် စစ်တပ်ထံ စစ်သင်တန်း သွားတက်ကြသည်။ ကျေးရွာသို့ စစ်တပ်ခေါ်၍ ပြန်လာကာ ရွေးကောက်ပွဲ ကာလတွင် NLD ပါတီကို အမာခံ ထောက်ခံ ခဲ့ကြသူများကို အငြိုးထား ဖျက်ဆီးကြသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက် နေ့ကမှု ရေလယ်ကျွန်း ကျေးရွာသည် စစ်တလင်းပြင် အကြီး အကျယ် ဖြစ်ခဲ့ရသည်။
ထိုနေ့ စက်တင်ဘာ ၈ ရက်နေ့ ညက စစ်တပ်၏ ရန်ကြောင့် ဒေသခံ ရွာသားများက အုပ်စုဖွဲ့ကာ ကင်းစောင့် နေကြသည်။ နံနက်လင်း ဝေလီ ဝေလင်း အချိန်တွင် မန္တလေးဘက်မှ မြစ်ရိုးအတိုင်း ဆန်တက်လာသည့် စစ်သားများ လိုက်ပါလာသော ခရီးသည်တင် မော်တော်ယာဥ်သည် ရေလယ်ကျွန်း ကျေးရွာအနီး ရောက်ရှိလာသည်။
ရေလယ်ကျွန်း ကျေးရွာမှ မန္တလေးသို့ သွားသည့် ခရီးသည်တင် မော်တော်ယာဥ်ကို ရွာခံ ပျူစောထီး အပါအဝင် စစ်တပ်အင်အား ၆၀ ခန့်က ဖမ်းဆီးကာ ခေါ်လာခဲ့ခြင်း ဖြစ်သည်။ စုစုပေါင်း မော်တော် သုံးစီးဖြင့် ရောက်လာသည်။
“သူတို့က ရွာနားမှာ မော်တော် ရေတင်ချင်ယောင် ဆောင်နေတာ။ ကျွန်တော်တို့ကလည်း ကိုယ့်ရွာက မော်တော်ဆိုတော့ မထင်မိဘူး။ နောက်ထပ် မော်တော်တစ်စီး ထပ်ရောက်လာပြီးတော့ တရစပ် ဝင်ပစ်တော့တာပဲ” ဟု ကင်းစောင့်နေသည့် ကိုဝင်းဇော် (အမည်လွှဲ) က ပြောသည်။
မိုးရွာနေသလို ကျနေသည့် ကျည်ဆန်များ အကြားမှာ ကိုဝင်းဇော်သည် ရွာထဲတွင် ရှိနေသည့် မိသားစုကို စိတ်မပူနိုင် ကျည်ဆန်ကြားမှ အိပ်နေသည့် ရဲဘော်များကို သွားနှိုးကာ ပြေးခိုင်းရသည်။
နံနက် ၅ နာရီ ခန့်သာ ရှိသေး၍ တစ်ရွာလုံး အိပ်မော ကျနေကြသည်။ သေနတ်သံများ တရစပ် ကြား၍ ရွာထဲ အိပ်နေကြသူများလည်း ကြောက်လန့်တကြား ထွက်ပြေး ကြရသည်။ သတင်း မကြား၍ မည်သည့် ပြင်ဆင်မှုမှ မလုပ်ရသေးသောကြောင့် ဒေသခံများ ဒုက္ခ ရောက်ကြသည်။ အဘိုးဘွား များကို ထမ်းပြေးရ၊ ကလေးငယ်များကို ပွေ့ချီ ပြေးကြရသည်။
ထွက်ပြေးရသည့် ဘက်က အနောက်ဘက် မြစ်ခြား နေသည့် စဥ့်ကိုင်ရွာ ဘက်ကို ဖြစ်သည်။ လှေဆိပ်ရောက်တော့ စက်လှေပေါ်တက်မည့် လူက များနေ၍ ရေထဲကူး ပြေးသူက ပြေးကြရသည်။ ဒေသခံ အမျိုးသားတစ်ယောက် ဆိုလျှင် စစ်တပ်က ရိုက်နှက်ထားသည့် ဒဏ်ရာများဖြင့် ရေထဲ ကူးပြေး လာရသည်။ ပြေးလာသည့် ပြည်သူများ နောက်သို့လည်း စစ်တပ်က တရစပ် လိုက်လံ ပစ်ခတ် ခဲ့သည်။ ပြေးလွှားနေသည့် အသက် ၁၀ နှစ်အရွယ် ကလေးငယ် ဦးခေါင်းကို သေနတ်ကျည် ရှပ်ထိမှန် ဒဏ်ရာ ရရှိခဲ့ပြီး မိခင်ဖြစ်သူ ခြေထောက်ထိမှန် ဒဏ်ရာ ရခဲ့သည်။
အဆိုပါ ဖြစ်စဥ်တွင် ကျေးရွာသား ၁၆ ဦး ဖမ်းဆီး ခံခဲ့ရသည်။ ကျေးရွာ ဒလန်က NLD ပါတီဝင် လေးဦးကို ဖမ်းဆီး ခိုင်းခဲ့ပြီး ကျန်ရွာသား ၁၂ ဦးကို နှိပ်စက်ကာ ပြန်လွှတ်ပေးခဲ့သည်။ ဖမ်းဆီးခံခဲ့ရသူ လေးဦးတွင် နှစ်ဦးမှာ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင် ဖြစ်ပြီး နှစ်ဦးမှာ သာမန် အရပ်သားများ ဖြစ်သည်။ ၎င်းတို့ လေးဦးကို စစ်တပ်က ပစ်သတ်ခဲ့သည်။
“သူ့လည်း ကိုယ်မကယ်နိုင်၊ ကိုယ့်လည်း သူမကယ်နိုင်ဘူး။ ဆေးဖြန်းပုံးနဲ့ ဆေးဖြန်း နေသလိုပဲ ဘယ်သူ့ မေးလိုက် မေးလိုက် ငါ့ပစ်တာပဲ အဲ့လိုပဲ ပြောကြတယ်” ဟု ကိုဝင်းဇော်က ပြောသည်။
ကိုဝင်းဇော်သည် အသက် ၄၁ နှစ် ရှိပြီး ဇနီးဖြစ်သူနှင့်အတူ အသက် ၁၆ နှစ် အရွယ် သားကြီး၊ ၉ နှစ် အရွယ် သမီးငယ်နှင့် ၂ နှစ်အရွယ် သားငယ်တို့နှင့် အတူ ရေလယ်ကျွန်းကျေးရွာတွင် နေထိုင်သည်။
ကိုဝင်းဇော်က NLD ပါတီရပ်ကျေး ခေါင်းဆောင် တစ်ဦးလည်း ဖြစ်သည်။ စစ်တပ်က အာဏာ သိမ်းပြီးနောက် သာမန် ဆန္ဒပြခြင်းကိုသာ လုပ်ခဲ့သော်လည်း ကျေးရွာပျူစောထီးများက ကိုဝင်းဇော်ကို ရန်ရှာသည်။ နေအိမ်ကို မွှေနှောက်ခြင်း ၊ လာရောက် ဖမ်းဆီးခြင်းများ လုပ်သည်။
ရေလယ်ကျွန်းတွင် နေထိုင်သည့် ကိုဝင်းဇော်ကို သာမက မန္တလေးမြို့ရှိ ရေလယ်ကျွန်း ကျေးရွာ ဇာတိ လက်ဖက်ရည်ဆိုင် ပိုင်ရှင်များကိုပါ ကိုဝင်းဇော်နှင့် နီးစပ်သည်ဟုဆိုကာ ဖမ်းဆီး ခဲ့သည်။ ကိုဝင်းဇော်က မန္တလေးမြို့တွင် ယခင်က လက်ဖက်ရည်ဆိုင် ဖွင့်ခဲ့ဖူးသူ ဖြစ်သည်။ မန္တလေးက
လက်ဖက်ရည်ဆိုင် သုံးဆိုင်ထက် မနည်း ၎င်းနှင့် ဆက်စပ်သည်ဟု ဆိုကာ ဖမ်းဆီး ခံခဲ့ရသည်။ အောက်တိုဘာလကပင် နောက်ထက် လက်ဖက်ရည်ဆိုင် ပိုင်ရှင် တူဝရီး နှစ်ဦးကို စစ်တပ်က ထပ်မံ ဖမ်းဆီးသွားသည်။
ထို့အပြင် ရေလယ်ကျွန်းရှိ ကိုဝင်းဇော်၏အိမ်၊ မိခင်အိမ်၊ အမအိမ် အားလုံးကို စစ်တပ်က စက်တင်ဘာလ ထဲတွင် မီးရှိူ့ ဖျက်ဆီးသွားသည်။
“တော်လှန်ရေးမလုပ်လို့မရတဲ့အနေအထားကိုရောက်သွားတယ်။မဖြစ်မနေ လက်နက်ကိုင်လိုက်ရတယ်”ဟု ကိုဝင်းဇော်ကပြောသည်။
ယခုအချိန်တွင် ကိုဝင်းဇော်သည် ကျေးရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်နေပြီဖြစ်သည်။
နေအိမ်များ မီးရှို့ ဖျက်ဆီးခံရကာ သေနတ်ကျည်များ ကြားမှ ထွက်ပြေး လာရသူ မိခင် မုဆိုးမ အမေအိုနှင့် အမဖြစ်သူ မုဆိုးမတို့မှာ အကြောက်တရား ကြီးစိုး သွားသည်။ ရေလယ်ကျွန်း ကျေးရွာကို မပြန်ကြတော့ဘဲ နီးစပ်ရာတွင်သာ ခိုလှုံ နေကြရသည်။ တောင်ယာ စိုက်ပျိုးခြင်း ကိုလည်း စွန့်လွှတ် ခဲ့ရသည်။
” ကျွန်တော်လုပ်လို့ ကျွန်တော် ခံရတာပေါ့။ ဘာမှ အကြောင်း မဆန်းဘူး။ ကိုယ့်မိသားစုဝင်တွေ အတွက်တော့ ဝမ်းနည်း ရတာပေါ့ ” ဟု ကိုဝင်းဇော်က ပြောသည်။
ကျွန်းမြေ စိုက်ပျိုးရေး လုပ်ငန်းသည် တစ်နှစ်မှ တစ်ရာသီသာလျှင် လုပ်ကိုင်ရပြီး တစ်ရာသီ လုပ်အားခကို တစ်နှစ်ပတ်လုံးစာ မိသားစု စားသောက်ရခြင်း ဖြစ်သည်။
ယခုနှစ်ရာသီ တောင်သူ မလုပ်ရ၍ ရေလယ်ကျွန်း ကျေးရွာ ပြည်သူများ အခက်အခဲ များစွာ ဖြစ်နေ ကြရသည်။
“အခုကတော့ မသေရေးပဲ အရင်တွေးရတဲ့ သဘော ဖြစ်နေပြီ” ဟု ကိုဝင်းဇော်က ပြောသည်။