မောင်ကြီး/mizzima

သူ့နာမည်က ချမ်းမြေ့။ ပန်းချီချမ်းမြေ့လို့လည်း လူသိများတယ်။ ပန်းချီပညာတတ်လို့ ပန်းချီဆရာဂုဏ်ပုဒ် ရထားတာတော့ မဟုတ်ပါဘူး။ လမ်းဘေးမှာ ကားနံပါတ်၊ ဆိုင်ကယ်နံပါတ်၊ ဆိုင်နာမည်တွေ ရေးတဲ့အလုပ်လုပ်တာကို ပန်းချီချမ်းမြေ့ဆိုပြီး ဆိုင်းဘုတ်ထောင် လုပ်တော့ မြို့ခံတွေက အလွယ်ခေါ်ရင်း ပန်းချီချမ်းမြေ့ဆိုပြီး လူသိများလာတာပါ။ လူပုံက ပုပျပ်ပျပ်၊ ညိုညို။
နာမည်မှာက အေးချမ်းခြင်းဝိသေသပါပေမယ့် ပကတိအရှိတရားမှာတော့ ဆန့်ကျင်ဘက်ပါပဲ။ ပန်းချီချမ်းမြေ့ကြောင့် အသက်သေဆုံးရ၊ အဖမ်းခံရ၊ ထွက်ပြေးတိမ်းရှောင်ကြရသူတွေ ရှိခဲ့သလို သူ့ကြောင့် မြို့ခံတွေ ရတက်ပွေနေကြရပါတယ်။ တမူးမြို့ပေါ်မှာတော့ ချမ်းမြေ့ကို ကြောက်ပြီး ထွက်ပြေးတိမ်းရှောင်နေရသူတွေ ရာချီရှိသလို အသေရရ အရှင်ရရ သတ်ပစ်ချင်သူတွေကလည်း ဒုနဲ့ဒေးပါပဲ။
“ချမ်းမြေ့ကို မထိန်းနိုင်သရွေ့တော့ ဒေသခံတွေ တစ်နေ့မဟုတ်တစ်နေ့ ဘေးတွေ့မှာပဲ။ တော်လှန်ရေးအတွက်လည်း ဒီလူက တကယ့် အန္တရာယ်ကောင်”
တမူးမြို့ခံ ဦးထွေးစိုင် (အမည်လွှဲ) က သူတို့မြို့က ပျူစောထီးခေါင်းဆောင် ပန်းချီချမ်းမြေ့အကြောင်းနဲ့ အန္တရာယ်ပေးနိုင်စွမ်းကို ပြောပြတာပါ။
ဦးထွေးစိုင်ဟာ ခံပြင်း နာကျည်းနေပုံပေါ်သလို တချိန်တည်းမှာပဲ သူ့ဒေါသကို သူ့ဖာသာ ထိန်းချုပ်နေရတဲ့ပုံ အတိုင်းသားမြင်ရပါတယ်။ ချမ်းမြေ့ခေါင်းဆောင်တဲ့ ပျူစောထီးအဖွဲ့ဟာ သူ့ရဲ့ ဆွေးမျိုးတစ်ဦးကို လုယက် သတ်ဖြတ်ခဲ့တာကြောင့် ခံပြင်းဒေါသထွက်တာပါ။ သူ့ဒေါသသူ ထိန်းချုပ်နေတာကတော့ ဒီပြဿနာဟာ သူတစ်ဦးတည်းအပေါ် သက်ရောက်တာမဟုတ်ဘဲ အာဏာရှင် စစ်ကောင်စီကို အပြီးသတ်ဖြုတ်ချရေးအတွက် စနစ်တကျဖြေရှင်းရမယ်လို့ ပြဿနာများစွာထဲက တစ်ခုလို့ ဦးထွေးစိုင်က ရှုမြင်ထားလို့ပါ။
ဟိုးယခင်က လမ်းဘေးမှာ ဆိုင်းဘုတ်ရေး အသက်မွေးခဲ့တဲ့ ပန်းချီချမ်းမြေ့ဟာ အခုတော့ စစ်ကောင်စီရဲ့ မြှောက်စားမှုနဲ့အတူ သေနတ်ကိုင်ပြီး လူသတ် ဓားပြတိုက်နေပြီလို့ တမူးမြို့ခံတွေကပြောပါတယ်။ ပန်းချီချမ်းမြေ့အကြောင်း တမူးမြို့မှာ မသိသူမရှိသလောက်ဖြစ်ပေမယ့် တမူးနယ်ပြင်ပအထိ သူ့နာမည် ထင်ရှားဖို့ အကြောင်းဖန်လာပါတယ်။
ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုတွေကြား အုတ်အော်သောင်းနင်းဖြစ်ခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု ဒီဇင်ဘာလ ၃ ရက်နေ့က လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့ပါတယ်။ တမူးမြို့၊ မြို့မရပ်ကွက်က မအေးမာထွန်းဆိုတဲ့ အမျိုးသမီးကို ပြည်သူ့ကာကွယ်ရေး ရဲဘော်တချို့က ရှင်းလင်းပစ်ခဲ့တယ်ဆိုတာကို ရိုက်ယူထားတဲ့ သုံးမိနစ်ခန့်ကြာ ရုပ်သံမှတ်တမ်း လူမှုကွန်ရက်ပေါ် ပျံ့လာတာပါ။ (ဒီဖြစ်ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရက စုံစမ်းစစ်ဆေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။)
သုတ်သင်ရှင်းလင်းခံရတဲ့ မအေးမာထွန်းရဲ့ဖြစ်ရပ်ဟာ တမူးမြို့က လူတစ်ယောက်ရဲ့အမည်နဲ့ တွဲပြီး လူပြောများလာပါတယ်။ အဲဒီလူကတော့ အထက်မှာ ပြောခဲ့တဲ့ ပန်းချီချမ်းမြေ့ဆိုသူပါပဲ။ မအေးမာထွန်းဟာ ပျူစောထီးခေါင်းဆောင် ပန်းချီချမ်းမြေ့နဲ့ ဆွေမျိုးတော်စပ်ကြောင်း၊ ပန်းချီချမ်းမြေ့နဲ့ မအေးမာထွန်းဟာ စစ်ကောင်စီရဲ့ အကြီးစားဒေါက်တိုင်တွေဖြစ်ပြီး သူတို့ကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ အသတ်ခံရတာ၊ ဖမ်းဆီးခံရတာတွေ ရှိခဲ့ကြောင်း မြို့ခံတွေကဆိုပါတယ်။ တဆက်တည်းမှာပဲ ပန်းချီချမ်းမြေ့ဟာ တမူးမြို့ခံတွေအတွက် အန္တရာယ်ကြီးဆုံး စစ်ကောင်စီဒေါက်တိုင် ပျူစောထီးခေါင်းဆောင်အဖြစ် သတိပေးချက်တွေ ထွက်ပေါ်လာပါတော့တယ်။
– ပန်းချီချမ်းမြေ့ဆိုတာ ဘယ်သူလဲ
ချမ်းမြေ့ဆိုတာက လွန်ခဲ့တဲ့အတိတ်တချိန် ၂၀၁၄ ခုနှစ် အရှေ့ပိုင်းကာလတွေမှာ ဒီချုပ်ပါတီရဲ့ အတွင်းစည်းထဲကို ဝင်မွှေပြီး နေရာမရလို့ ခြေစုံကန် ထွက်သွားခဲ့ဖူးသူပါ။ ဒီမိုကရေစီရောင်နီကို စမြင်ရပြီလို့ လူထုက ယုံကြည်ခဲ့တဲ့ အဲဒီကာလကဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာလည်း လူထုရဲ့ထောက်ခံမှုနဲ့အတူ ဘုန်းမီးနေလတောက်ပခဲ့ချိန်ပါ။ ဒီချုပ်ပါတီအရိပ်ကိုခိုပြီး နိုင်ငံရေးကို ဖြတ်လမ်းကနေ ခြေထိုးဝင်ဖို့ ကြိုးစားခဲ့တဲ့ စုန်းပြူးနိုင်ငံရေးသမားတစ်ချို့ဟာ မိုးဦးကျ ဖားတွေအော်သလို နိုင်ငံရေးအကြောင်း အသံကုန်အော်ဟစ်ခဲ့ကြပါတယ်။ အဲဒီထဲမှာ တမူးမြို့က ချမ်းမြေ့တစ်ယောက်လည်းပါပါတယ်။
ဒါပေမဲ့ စိတ်ပိုင်းရော ရုပ်ပိုင်းဆိုင်ရာပါ အချိုးမပြေလှတဲ့ ချမ်းမြေ့ဟာ တမူးမြို့နယ် ဒီချုပ်ပါတီမှာ နေရာမရခဲ့ပါဘူး။ သူမျှော်လင့်သလို ဖြစ်မလာတဲ့အခါ ချမ်းမြေ့က မစားရတဲ့အမဲ သဲနဲ့ ပက်ပါတော့တယ်။ ဒီချုပ်ပါတီနဲ့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အကြောင်းတွေကို သတင်းတုတွေရေးပြီး လူမှုကွန်ရက်ပေါ် မကြာခဏဖြန့်ပါတယ်။ မဘသအစွန်းရောက်တွေနဲ့ပေါင်းပြီး ဒီချုပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ပုတ်ခတ်ပါတယ်။ ချမ်းမြေ့တစ်ယောက် မဘသအားကိုးနဲ့ ပိုပြီး ရုန့်ရင်းကြမ်းတမ်းလာတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတဲ့ကာလမှာ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တမူးရွေးကောက်ခံအမတ် ဦးမောင်မောင်လတ်တို့ကို မထောက်ခံဖို့ လူမှုကွန်ရက်ကနေ လှုံ့ဆော်ခဲ့ပါတယ်။ ဒီအထိ ပါတီဘက်က ခွင့်လွှတ်ထားခဲ့ပေမယ့် ၂၀၁၉ ခုနှစ်ထဲမှာတော့ ချမ်းမြေ့က ပိုပြီး အတင့်ရဲလာပါတယ်။ အမုန်းစကားတွေ ပိုပြီးဖြန့်ဝေလာတယ်လို့ တမူးနိုင်ငံရေးအသိုင်းအဝိုင်းက ပြန်ပြောပြပါတယ်။
ဒီလုပ်ရပ်တွေအတွက် ပါတီအလုပ်အမှုဆောင်အဖွဲ့ကို တောင်းပန်ဖို့ ပြောခဲ့ပေမယ့် လက်မခံတာကြောင့် အဲဒီတုန်းက စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ရဲ့ ညွှန်ကြားချက်နဲ့ ချမ်းမြေ့ကို တရားစွဲဆိုခဲ့ပါတယ်။ တမူးခရိုင်တရားရုံးကနေ အကြည်ညိုပျက်စေမှု ပြစ်မှုဆိုင်ရာဥပဒေ ၁၂၄-က နဲ့ ထောင်ဒဏ် နှစ် နှစ် ချမှတ်ခဲ့ပါတယ်။၂၀၁၉ ခုနှစ် နှောင်းပိုင်းမှာ ထောင်ကျခဲ့ပြီး စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ရှေ့ပိုင်း လအနည်းငယ်မှာ ပြန်လွတ်လာခဲ့ပါတယ်။ ထောင်ကလွတ်လာပြီးတဲ့နောက် ငြိမ်ချက်သားကောင်းနေတဲ့ ချမ်းမြေ့ဟာ စစ်တပ်အာဏာသိမ်းပြီး လအနည်းငယ်အကြာမှာပဲ ပျူစောထီးခေါင်းဆောင်အနေနဲ့ တကျော့ပြန် ပေါ်လာခဲ့ပါတယ်။ ဒီတကြိမ် ပြန်ပေါ်လာတဲ့အခါ ပန်းချီချမ်းမြေ့ဟာ ဒီချုပ်ပါတီဝင်တွေနဲ့ စစ်တပ်ဆန့်ကျင်သူတွေကို အစွယ်တငေါငေါနဲ့ မဲမဲမြင်ရာလိုက်ကိုက်နေတဲ့ ခွေးရူးတစ်ကောင်လိုပဲလို့ တမူးမြို့ခံတွေက ဒေါသတကြီး ပြောပါတယ်။
“ချမ်းမြေ့တစ်ယောက် ပျောက်နေတာကနေ စစ်ကောင်စီက ပျူစောထီးတွေခေါ်တော့ ခေါင်းဆောင်ပိုင်းမှာ ပါလာတယ်။သူ ပျူစောထီးဖြစ်လာတော့ ရပ်ကွက်ထဲက ဒီချုပ်ပါတီဝင်တွေ၊ စစ်တပ်ဆန့်ကျင်သူတွေ မိုရေးဘက်ကို အကုန်ထွက်ပြေးခဲ့ကြရတယ်”
ပန်းချီချမ်းမြေ့ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ရဲ့ စနက်ကြောင့် တမူးမြို့မှာ မနေရဲတော့ဘဲ အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရသူတစ်ဦးကရင်ဖွင့်လာတာပါ။
– ချမ်းမြေ့ပါဝင်ပတ်သက်ခဲ့တဲ့ လူသတ်မှု၊ ဓားပြမှုများ
အခုဖော်ပြမယ့် အချက်အလက်တွေကတော့ တမူးမြို့မှာ ပျူစောထီးခေါင်ဆောင်ချမ်းမြေ့ ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ အမှုတွေကို တော်လှန်ရေးအင်အားစုတွေက စုစည်းမှတ်တမ်းတင်ထားတာပါ။
တမူးမြို့ပေါ်မှာ စော်ဘွား၊ မြို့မ၊ စန္ဒကူးနဲ့ ဈေးတန်းရပ်ကွက်ဆိုပြီး အဓိကရပ်ကွက်ကြီး လေးခုရှိပါတယ်။ နွေဦးတော်လှန်ရေး ကနဦးအစကတည်းက ရဲရင့်ခဲ့တဲ့ တမူးမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းသလို တဘက်မှာလည်း စစ်ကောင်စီက လက်သပ်မွေးထားတဲ့ ပျူစောထီးအဖွဲ့တွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ပျူစောထီးတွေကို စစ်ကောင်စီက လက်နက်တပ်ဆင်ပေးပါတယ်။ ဓားပြတိုက်၊ လုယက်ခွင့်တွေပါ ပေါ်ပေါ်ထင်ထင်ခွင့်ပြုပြီး ပျူစောထီးတွေ စုစည်းခဲ့ပါတယ်။ ပြည်သူ့တော်လှန်စစ် အရှိန်နှောင့်နှေးအောင် ပျူစောထီးတွေကို ဂျမ်းတုံးလိုခုထားတာပါ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မစိုးမိုးနိုင်သေးတဲ့ တမူးမြို့ပေါ်မှာ ပျူစောထီးတွေ ကြီးစိုးထားပါတယ်။ ရပ်ကွက်လေးခုစလုံးမှာ ပျူစောထီးခေါင်းဆောင်ဘွဲ့ခံတစ်ဦးစီရှိတယ်။ အဲဒီအထဲမှာ ချမ်းမြေ့က လက်ရဲဇက်ရဲအရှိဆုံးနဲ့ လူထုကို ဒုက္ခအပေးဆုံးလို့ မြို့ခံတွေကပြောပါတယ်။ တမူးမြို့၊ မြို့မရပ်ကွက်မှာ ၂၀၂၁ သြဂုတ်လကနေ ၂၀၂၂ ခု နိုဝင်ဘာလအထိ လူ ၁၂ ဦးထက်မနည်းသတ်ဖြတ်ခံခဲ့ရပြီး ဖြစ်စဉ်တိုင်းမှာ ချမ်းမြေ့ပါဝင်ပတ်သက်နေတယ်လို့ မြို့ခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။
ချမ်းမြေ့ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ လူသတ်မှု၊ လုယက်မှုတွေထဲမှာ အထင်ရှားဆုံးကတော့ တမူးမြို့မှာ ပြီးခဲ့တဲ့ဇွန်လိုင်လ ၅ ရက်နေ့က ဖြစ်ခဲ့တဲ့ အိန္ဒိယနိုင်ငံသားနှစ်ဦး အသတ်ခံရတဲ့ဖြစ်ရပ်ပါ။ နယ်စပ်ကနေဝင်လာတဲ့ အိန္ဒိယနိုင်ငံသား Mr. P. Mohan (၂၈ နှစ်) နဲ့ Mr. Aiyanar (၃၅ နှစ်) တို့ကို တမူးမြို့တစ်နေရာမှာ ပျူစောထီးတွေက သတ်ဖြတ်ပစ်ခဲ့တယ်လို့ အိန္ဒိယအခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။ အဲဒီအမှုမှာ ပန်းချီချမ်းမြေ့လည်း ပါဝင်ပတ်သက်ခဲ့တယ်လို့ မြို့ခံတွေက မီဒီယာတွေဆီ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြောခဲ့ကြပါတယ်။ ဒီအမှု ကျူးလွန်သူတွေကို ဖော်ထုတ်ပေးဖို့ တမူးနဲ့ နယ်စပ်ကပ်လျက်ဖြစ်တဲ့ အိန္ဒိယနိုင်ငံ မိုရေးမြို့က မြို့ခံတွေ ဆန္ဒပြခဲ့ကြပါတယ်။
နောက်ဖြစ်ရပ်တခုကတော့ တမူးမြို့မှာ ငွေလဲလုပ်ငန်းလုပ်ကိုင်နေတဲ့ ကိုရာဂျူးဆိုသူ လုယက်သတ်ဖြတ်ခံရတဲ့အမှုပါ။ တမူးမြို့ခံ ကိုရာဂျူးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်ညနေက အသတ်ခံခဲ့ရတာပါ။ ချမ်းမြေ့ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ဟာ ကိုရာဂျူးကို သေနတ်နဲ့ပစ်သတ်ပြီး ကျပ်သိန်း ၁၀၀ ကျော် တန်ကြေးရှိတဲ့ အိန္ဒိယရူပီးငွေ သုံးသိန်းခွဲကို ယူဆောင်သွားတယ်လို့ မြို့ခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။
တမူးမြို့၊ မြို့ခံ ကိုမျိုးသူ၊ကိုဌေးလွင်တို့ကိုလည်း ချမ်းမြေ့ဦးဆောင်တဲ့ ပျုစောထီးအဖွဲ့က သတ်ပစ်ခဲ့ပြီး အကြော်ဆရာ ကိုအောင်အောင်၊ ဒီချုပ်ပါတီဝင် မဆင့်၊ ကိုကျော်စိုးနဲ့ ကိုကျော်ဆင့်တို့ကိုလည်း သတ်ဖြတ်ဖို့ကြိုးစားခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပြပါတယ်။ ချမ်းမြေ့နဲ့ အဖွဲ့ဟာ အုပ်စုဖွဲ့လုယက်မှုတွေနဲ့ ဓားပြမှုတွေလည်း ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီအားကိုးနဲ့ ထင်တိုင်းကြဲနေတဲ့ ချမ်းမြေ့ကို မထိန်းချုပ်နိုင်သေးခင်မှာ ဒေသခံပြည်သူလူထုအနေနဲ့ လက်ဝတ်ရတနာများအများအပြား ဝတ်ဆင်တာနဲ့ ငွေကြေးအများအပြား ကိုင်ဆောင်တာကို အတတ်နိုင်ဆုံးရှောင်ကျဉ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက ကြေငြာချက်ထုတ်ပြန်ခဲ့ရတဲ့အထိ အခြေအနေတွေ ရှုပ်ထွေးခဲ့ပါတယ်။
– အမှိုက်ကစ ပြဿဒ်မီးလောင်
ဒီနေရာမှာ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းလျက်သားနဲ့ ချမ်းမြေ့ကို မထိန်းချုပ်နိုင်ဘူးလားဆိုတဲ့ မေးခွန်းပေါ်လာပါတယ်။ တမူးမြို့ပေါ်မှာ ပျူစောထီးတွေ အားမကောင်းခင်ကတည်းက ချမ်းမြေ့ကို အိမ်နီးချင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ဖမ်းဆီးဖို့ ကြိုးစားခဲ့ကြဖူးပါတယ်။
၂၀၂၁ ခုနှစ် ဧပြီလထဲမှာဆိုရင် ချမ်းမြေ့နဲ့ သူ့သား ကျောက်စိမ်းဆိုသူက ရပ်ကွက်အလိုက်ဖွဲ့ထားတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေကို ရန်စခဲ့ပါတယ်။ ပြည်သူ့လုံခြုံရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ချမ်းမြေ့အိမ်ကို ဝိုင်းခဲ့ကြပါတယ်။ ကျောက်စိမ်းက ဒူးထောက်တောင်းပန်ြပ်ီး သူတို့သားအဖသုံးတဲ့ တူမီးသေနတ်နှစ်လက်၊ ဒူးလေးတစ်လက်ကို ပြည်သူ့လုံခြုံရေးအဖွဲ့တွေဆီ အပ်ခဲ့ပါတယ်။ ဒါကြောင့် သတိပေးရုံသာပေးပြီး မဖမ်းဘဲ ထားခဲ့ပါတယ်။ ဒါဟာ နောင်တချိန်မှာ ပြဿဒ်အထိ လောင်မယ့်မီးကို အစပျိုးမိခဲ့တာလို့ မြို့မရပ်ကွက်သားတချို့က နောင်တစကားဆိုပါတယ်။
အဲဒီဖြစ်ရပ်အပြီး နောက် လအနည်းငယ်မှာ ချမ်းမြေ့ဟာ စစ်ကောင်စီရဲ့မြှောက်စားမှုနဲ့အတူ လက်နက်အပြည့်အစုံကိုင်နိုင်တဲ့ ပျူစောထီးအဖွဲ့ရဲ့ခေါင်းဆောင် ဖြစ်လာပါတယ်။ သားအဖနှစ်ယောက်စလုံး ပျူခေါင်းဆောင်ဘွဲ့ ခံလိုက်ကြပါတယ်။ သူတို့သားအဖကို ကျန်ပျူစောထီးတွေက ဗိုလ်ကြီးလို့ခေါ်ကြရပါတယ်။ အင်အားတောင့်တင်းလာတဲ့အခါ ၂၀၂၁ ခုနှစ် ဧပြီလတုန်းက သူ့အိမ်ကို ဝိုင်းခဲ့တဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တချို့ကို လိုက်သတ်ပါတယ်။ ကိုဌေးလွင် (ချမ်းမြေ့တို့အဖွဲ့သတ်ခဲ့တဲ့ တမူးဒေသခံများအနက်တစ်ဦး) ဟာ အဲဒီနည်းနဲ အသတ်ခံခဲ့ရသူလို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၆ရက်မှာတော့ ချမ်းမြေ့ရဲ့သား ကျောက်စိမ်းဟာ တမူးမြို့ ပါဟဲတံတားထိပ်က သူ့ဆိုင်ကယ်ပြင်ဆိုင်မှာ အသတ်ခံလိုက်ရပါတယ်။ ဘယ်သူသတ်သွားမှန်းမသိပါဘူး။ သူတို့သားအဖ သတ်လို့ သေခဲ့သူတွေထဲက မိသားစုဝင်တစ်ယောက်ယောက်က ပြန်ဂလဲ့စားချေတာလို့လည်း သတင်းထွက်ခဲ့ပါတယ်။ ချမ်းမြေ့ကတော့ သူ့သားကို PDF တွေက သတ်တာဆိုပြီး စစ်ကောင်စီထံ တိုင်ခဲ့ပါတယ်။ အဲဒီနောက် လူသတ်တာတွေ၊ ဓားပြတိုက်တာတွေ ပိုလုပ်ပြလာတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ဒီအကြောင်းအရာတွေကိုမေးဖို့ ချမ်းမြေ့ကို ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။ သူဟာ Chan Myae အမည်နဲ့ ဖေ့စ်ဘွတ်ခ်သုံးနေပြီး မက်ဆင်ဂျာက ဆက်သွယ်ပေမယ့်လည်း အကြောင်းမပြန်ပါဘူး။ သူ့ ဖေ့စ်ဘွတ်ခ်မှာတော့ လူမျိုးရေးအသုံးချပြီး အမုန်းစကားဖြန့်ဝေတာတွေ၊ ဘာသာရေး မှိုင်းတိုက်ထားတာတွေ၊ သီတဂူဘုန်းကြီးကို အမွှန်းတင်ပြီး PDF တွေကို စောင်းမြောင်း ဆဲဆိုနေတာတွေ၊ စစ်ကောင်စီခေါင်းဆောင်ကို အဖေလို့ခေါ်ထားတာတွေကို အများဆုံး ရေးသားဖြန့်ဝေထားတာ တွေ့ရပါတယ်။
ချမ်းမြေ့ဟာ အခုအခါမှာ မြို့ခံတွေအတွက် အန္တရာယ်အကြီးဆုံး ပျူစောထီးခေါင်းဆောင်ဖြစ်နေပြီလို့ တမူးမြို့ တိုင်းဒေသကြီးအမတ် ဦးထန်ဆေးက မှတ်ချက်ပြုပါတယ်။ လူထုတော်လှန်ရေးကို မနိုင်လို့ ရှုံးမဲမဲနေတဲ့ စစ်ကောင်စီကအသုံးချနေတာကို အခွင့်အရေးတစ်ရပ်လို့ယူဆပြီး မိုက်မဲနေသူလို့ သူကဆိုပါတယ်။ ဒါ့အပြင် ချမ်းမြေ့ဟာ မိုက်ကမ်းမှုတွေ၊ အသိတရားမဲ့မှုတွေနဲ့အတူ မြို့ခံတွေကို ဒုက္ခအဖုံဖုံပေးနေပြီး အာဏာရှင်စစ်ကောင်စီရဲ့ မီးစာအဖြစ် အရှိန်ပြင်းပြင်းတောက်လောက်နေဆဲပဲလို့ တမူးမြို့ခံတွေက ပြောပါတယ်။
ချမ်းမြေ့တစ်ယောက် အသိတရားမဲ့ မိုက်မဲခဲ့သမျှကို ပြည်သူ့တော်လှန်ရေး အောင်မြင်ပြီးတဲ့အခါ တရားစီရင်သွားမယ်လို့ တမူးမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သူတစ်ဦးက ဆိုပါတယ်။ တမူးနယ်မှာ ချမ်းမြေ့ကျူးလွန်ခဲ့တဲ့ ပြစ်မှုမှတ်တမ်းတွေဟာ တော်လှန်ရေးအင်အားစုတွေလက်ထဲမှာ ရက်စွဲတွေနဲ့တကွ အပြည့်အစုံရှိနေပါတယ်။