Skip to content

ကြည်ရွာသမိုင်း မရိုင်းစေရ

    မောင်ကြီး

    ရန်ကုန်မြို့က ကုမ္ပဏီတခုမှာ ကားဒရိုင်ဘာအဖြစ် အလုပ်လုပ်နေတဲ့ ဖိုးထောင်ဆီ ၂၀၂၁ မေလထဲမှာ ဖုန်းမက်ဆေ့တခုဝင်လာပါတယ်။ရွာက ငယ်ပေါင်းသူငယ်ချင်းတွေ ပို့တဲ့မက်ဆေ့ပါ။

    “မင်းပြန်လာခဲ့တော့၊ ရွာရောက်မှ အသေးစိတ် ထပ်တိုင်ပင်မယ်”

    ဖုန်းပေါ်မှာ တော်တော်များများ ပြောခဲ့ကြပြီးသားမို့ ပို့လာတဲ့စာက ထိုအတိုင်း လိုတိုရှင်း။

    ထိုကာလက နိုင်ငံတော်အာဏာသိမ်းယူထားတဲ့ စစ်တပ်က ဖိုးထောင်တို့တရွာလုံး အမေစုလို့ ချစ်စနိုးခေါ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံခေါင်းဆောင်တွေကို ဖမ်းဆီးချုပ်နှောင်ထားချိန်၊ တိုင်းနဲ့ပြည်နယ်အချို့မှာ လူငယ်ထုကစပြီး လက်နက်ကိုင်တော်လှန်ဖို့ ပြင်ဆင်နေချိန်။

    ကုမ္ပဏီကခိုင်းလို့ ရန်ကုန်မြို့ထဲလမ်းတွေပေါ်မှာ ကားမောင်းနေရပေမယ့် ဖိုးထောင်ရဲ့စိတ်က ဇာတိရွာကိုပဲ ရောက်နေတာပါ။ အမှန်တရားအတွက် ဘယ်တော့မှ သွေးမအေးခဲ့တဲ့ တိုင်းသိပြည်သိရွာလေးလို့ သူ့ရွာပေါ် သူယုံကြည်လို့လည်း ဖိုးထောင်ရဲ့ စိတ်သန္တာန်မှာ ဇာတိသွေးဇာတိမာန်က တက်ကြွနေပြန်ပါတယ်။

    ဖိုးထောင်တယောက် နှစ်ခါစဉ်းစားစရာမလိုဘဲ ဇာတိရွာကို သုတ်ချေတင်ပြန်လာခဲ့ပါတော့တယ်။ ဒီတခါကတော့ ယခင်ကလို အခါကြီး၊ ရက်ကြီးမှာ ရွာနဲ့ ဆွေမျိုးသားချင်းတွေကို လွမ်းလို့၊ မိဘဘိုးဘွားတွေကို ကန်တော့ဖို့ ပြန်တာမဟုတ်တော့ပါဘူး။ သမိုင်းပေးတာဝန်တရပ်ကို ထမ်းရွက်မယ်ဆိုတဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန်နဲ့ ဖိုးထောင်တယောက် ရွာကို ပြန်လာခဲ့တာပဲဖြစ်ပါတယ်။

    – အိမ်အပြန်ခရီး

    ရွာဆီအပြန်လမ်းဟာ အရင်အကြိမ်တွေက ပြန်ခဲ့ဖူးသလို စိတ်သက်သောင့်သက်သာ ရှိမနေတော့ပါဘူး။ ရန်ကုန်ကနေ စထွက်ကတည်းက လမ်းတွေဟာ ခြောက်ကပ်ကပ်ရှိလှပါတယ်။ တွေ့သမျှလူတိုင်းဟာ မရွှင်မပြဖြစ်နေကြပါတယ်။လမ်းခုလတ်မြို့တွေက အဝင်အထွက်ဂိတ်တွေမှာ စစ်တပ်နဲ့ရဲတွေက နေရာယူထားပါတယ်။ သူစီးလာတဲ့ခရီးသည်တင်ကား မြို့အချို့ကို ဖြတ်ချိန်မှာ

    “အရေးတော်ပုံ အောင်ရမည်”

    “ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး”

    “အမေစုနဲ့ သမ္မတကြီးကို ချက်ချင်းလွှတ် – ချက်ချင်းလွှတ်”

    “သပိတ် သပိတ် မှောက်မှောက်” စတဲ့ ဟစ်ကြွေးသံတွေ မိုးလုံးဟိန်းနေတဲ့ လူထုသပိတ်တွေကို တွေ့ရတတ်ပါတယ်။

    ဒီလို လူထုသပိတ်တွေကိုတွေ့တိုင်း ကားတံခါးပေါက်ကနေ လက်သုံးချောင်းထောင်ပြတာမျိုးပဲ ဖိုးထောင်လုပ်နိုင်ပါတယ်။ ကားလမ်းမဘေးတလျှောက် ခပ်ဝေးဝေးမှာကျန်ခဲ့တဲ့ လူထုသပိတ်တွေကို ငေးကြည့်ရင်း မျက်ရည်က အလိုလိုကျလာပါတယ်။ တပြိုင်ထဲမှာ စစ်အာဏာရှင်ကို ရွံမုန်းစိတ်ကလည်း ရိုးတွင်းချဉ်ဆီထဲအထိ စိမ့်ဝင်လာသလို ခံစားရပါတယ်။ ရွာကို အမြန်ပြန်ရောက်ဖို့ပဲ စိတ်အားထက်သန်နေပါတော့တယ်။ ဖိုးထောင်လိုက်လာတဲ့ ခရီးသည်တင်ကားဟာ တရက်နဲ့ တမနက်မောင်းပြီးချိန်မှာ မုံရွာ-ဘုတလင်-ဒီပဲယင်း-ရေဦးလမ်းအတိုင်း တရိပ်ရိပ်ပြေးနေပါတယ်။ ဘုတလင်မြို့ကို ကျော်လာခဲ့ပါပြီ။ ဖိုးထောင်တယောက် မကြာခင် သူ့ဇာတိ ကြည်ရွာကို ပြန်ရောက်ပါတော့မယ်။

    ကြည်ရွာဆိုတဲ့ အမည်ကိုကြားရင် ရွာအကြောင်းကို ဘာမှမသိလို့ ဘယ်လိုမှ မခံစားရတဲ့သူရယ်၊ ကြားဖူးနားဝရှိလို့ ခေါင်းထောင်နားစွင့်မယ့်သူရယ်၊ ကြားလိုက်တာနဲ့ ကြက်သီးမွှေးညင်းထပြီး အံကျိတ်တောက်ခေါက်မယ့်သူရယ်ဆိုပြီး ကွဲပြားသွားပါလိမ့်မယ်။

    ကြည်ရွာဟာ စစ်ကိုင်းတိုင်းထဲက မုံရွာ-ဘုတလင်-ဒီပဲယင်း-ရေဦး လမ်းမကြီးဘေးမှာတည်ရှိပြီး ဒီပဲယင်းမြို့နယ်ထဲမှာ ပါဝင်ပါတယ်။ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အလွန့်ကို အရုပ်ဆိုး အကျည်းတန်စေခဲ့တဲ့ လူသတ်ပွဲကြီးကို စစ်အုပ်စုက ဖန်တီးခဲ့ဖူးတဲ့ရွာပါ။ မြန်မာနိုင်ငံရေးနယ်ပယ်နဲ့ နိုင်ငံတကာသတင်းတွေမှာ ဒီပဲယင်းအရေးအခင်းလို့ လူသိများပြီး ဒီပဲယင်းမြို့ခံတွေနဲ့ ကြည်ရွာသားတွေကတော့ မေ ၃၀ အရေးအခင်းလို့ခေါ်ကြတဲ့ ဒီ လူသတ်ပွဲကြီးဟာ ဖိုးထောင်တို့ဇာတိ ကြည်ရွာမှာ ဖြစ်ခဲ့တာပါ။

    – စစ်အုပ်စုကြိုးကိုင်တဲ့ ကြည်ရွာထိပ်က လူသတ်ပွဲ

    လွန်ခဲ့တဲ့ နှစ် ၂၀ မိုးဦးကျကာလတုန်းက ရွာထိပ်မှာဖြစ်ခဲ့တဲ့မြင်ကွင်းကို ဖိုးထောင်တယောက် ရှင်းရှင်းလင်းလင်း မှတ်မိနေဆဲပါပဲ။ အဲဒီနေ့က၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့။ ဖိုးထောင် ၅ တန်းကျောင်းသားအရွယ်။တရွာလုံးက ရှိရှိသမျှ ရွာခံတွေဟာ မနက်လင်းကတည်းက ကားလမ်းမဘက်ကို ငေးမျှော်နေကြပါတယ်။ ကားလမ်းမဘေး ဝဲယာတလျှောက် သစ်ပင်အရိပ်အောက်တွေမှာလည်း သွားထိုင်နေကြပါတယ်။ မိုးဦးကျကာလဆိုပေမယ့် ရာသီဥတုက သာသာယာယာရှိနေခဲ့ပါတယ်။ တကယ်တော့ အဲဒီနေ့က ဖိုးထောင်တို့ ကြည်ရွာဒေသခံတွေတင် မဟုတ်ပါဘူး။ မုံရွာ-ဘုတလင်-ဒီပဲယင်း-ရေဦး လမ်းမကြီးတလျောက်မှာ ထောင် သောင်းချီတဲ့ ပြည်သူတွေဟာ သူတို့ချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရဖို့ စောင့်ဆိုင်းနေကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ်ပါတီနာယက ဦးတင်ဦးခေါင်းဆောင်တဲ့ ခရီးစဉ်ဟာ ဒီပဲယင်းမြို့နယ်ကို မကြာခင်ရောက်လာပါတော့မယ်။

    ညနေ ၆ နာရီခန့်မှာတော့ ဒေါ်အောင်ဆန်းစုကြည်လိုက်ပါလာတဲ့ ယာဉ်တန်းဟာ ဘုတလင်မြို့ကိုလွန်လာပြီး ကြည်ရွာအနားရောက်လာခဲ့ပါပြီ။ ကြည်ရွာဒေသခံတွေ စိတ်လှုပ်ရှားနေကြပြီး အမေစုအမည်ကို ဟစ်အော် ကြိုဆိုနေကြပါတယ်။ ဖိုးထောင်ကတော့ ကလေးပီပီ လူအုပ်ကြီးကို လိုက်ငေးမောနေခဲ့တယ်လို့ ဆိုပါတယ်။

    ကြည်ရွာထိပ်ရောက်လာတဲ့ ယာဉ်တန်းထဲက ကားတစီးပေါ်ကနေ ဒေါ်အောင်ဆန်းစုကြည်က လက်ပြနှုတ်ဆက်နေတာကိုလည်း ဖိုးထောင်လှမ်းမြင်နေရပါတယ်။ အဲဒီနောက်မှာတော့ အခြေအနေတွေ ရုတ်ချည်း ရှုပ်ထွေးသွားပါတော့တယ်။

    လူအချို့ ညာသံပေး အော်ဟစ်လိုက်ပါလာတဲ့ ကားအချို့ဟာ ထိန်လင်းနေတဲ့ ဆလိုက်မီးတွေကို ပြည်သူတွေဘက်ထိုးပြီး တရကြမ်းမောင်းဝင်လာပါတယ်။ ကားတွေပေါ်က ခုန်ဆင်းလာတဲ့ လက်ပတ်အနီဝတ်ထားသူတွေဟာ ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာတဲ့ကားကိုရော မြင်မြင်သမျှ လူတွေကိုပါ ဒုတ်တွေနဲ့ ဝိုင်းရိုက်ကြပါတယ်။ ပုံလျက်လဲကျသွားသူတွေ၊ ဝရုန်းသုန်းကား ထွက်ပြေးသူတွေ၊ ကြောက်လန့်ပြီး ငယ်သံပါအောင် အော်ဟစ်နေကြတဲ့ မိန်းမသားတွေ၊ ကလေးငယ်တွေရဲ့ မြင်ကွင်းတွေကို ဖိုးထောင် ကောင်းကောင်းမှတ်မိနေပါတယ်။ အကြမ်းဖက်နေတဲ့ လူစိမ်းတအုံတမကြီးဟာ ကားတွေ၊ ဆိုင်ကယ်တွေကို မီးရှို့နေကြပါတယ်။

    ကြည်ရွာသားတွေဟာ သူတို့ချစ်တဲ့ အမေစုလုံခြုံရေးအတွက် ငယ်ထိပ်မြွေပေါက်သလို ထူပူသွားခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာတဲ့ကားကို ဝိုင်းပြီးအမည်းဖျက်နေတဲ့ လူရမ်းကားအုပ်စုကိုလည်း ရနိုင်သလောက် ဝိုင်းဝန်းတားဆီးခဲ့ကြပါတယ်။

    “ကြိုဆိုတဲ့သူတွေအားလုံးရဲ့ အာရုံက အမေစုဆီကို ရောက်နေတဲ့အချိန်မှာ နောက်ကနေ အကြမ်းဖက်သမားတွေရောက်လာပြီး ရိုက်နှက်ကြတာကို ကျနော် ရှင်းရှင်းလင်းလင်းမှတ်မိတယ်။ အရမ်းလည်း ထိတ်လန့်ခဲ့ရတယ်” လို့ လွန်ခဲ့တဲ့ နှစ်၂၀ က မြင်ကွင်းကို ကြည်ရွာသား ကိုထွန်းက ပြန်ပြောပြပါတယ်။

    ရုန်းရင်းဆန်ခတ်အခြေအနေမှာ ဖိုးထောင်လည်း ကြောက်လန့်ပြီး အိမ်ကိုပြန်ပြေးလာခဲ့ပါတယ်။ အဲဒီညနဲ့ နောက်ရက်တွေမှာ ရွာကလူကြီးသူမတွေပြောစကားအရ သိရတာကတော့ လူထုနဲ့ လိုက်လံတွေ့ဆုံနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက အပြတ်ရှင်းလင်းဖို့အတွက် အကြမ်းဖက်သမားတွေကို ခေါ်လာပြီး လူသတ်ပွဲကြီး ဖန်တီးခဲ့တာလို့ ဖိုးထောင်ကပြန်ပြောပါတယ်။

    “ထောင်ထဲကနေ နှစ်ကြီးသမားတွေကို နှစ်လျှော့ပေးပြီး တင်ခေါ်လာပြီး ယာဉ်တန်းကိုရော တွေ့ရာကို ရိုက်ခွဲကြတော့တာ” လို့ ဆိုပါတယ်။

    အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်ကားကို မောင်းခဲ့တဲ့ ကိုကျော်စိုးလင်းကတော့ သူမျက်မြင်ကြုံခဲ့ရတဲ့ ဖြစ်ရပ်အပေါ် Mizzima နဲ့ အင်တာဗျူးတခုမှာ အခုလို ဖြေကြားခဲ့ဖူးပါတယ်။

    “ကြည်ရွာကို ရောက်တဲ့အချိန်မှာ ဘုန်းကြီးနှစ်ပါးက ‘ဒကာမကြီး မနက်ကတည်းက ကျနော်တို့ စောင့်နေလို့ပါ။ ရပ်ပြီး နှုတ်ဆက်စကားလေး ပြောပေးပါ’ လို့ ပြောလာတယ်။ အချိန်က ငါးနာရီခွဲ ခြောက်နာရီလောက်ရှိပြီ။ မမှောင်သေး ဘူး။ မှောင်ရီပျိုးပြလေး။ ဘုန်းကြီးက တောင်းတောင်းပန်ပန်နဲ့ ပြေးပြီးတော့ လိုက်ပြောတဲ့အခါကြတော့ အန်တီက ‘ငါ့သားရယ် ရပ်ပေးလိုက်ပါဦး’ ဆိုတော့ ကျနော်က ရပ်လိုက်တယ်။ အဲဒီမှာ ဘုန်းကြီးနှစ်ပါးရယ် ရွာသားတွေကော အများကြီး စောင့်ပြီး ကြိုနေတယ်။ ဘုန်းကြီးအိုကြီးတပါးလည်း ပါတယ်ပြောတယ်။ ရပ်လိုက်တဲ့အချိန်မှာ နောက်ကလိုက်လာတဲ့ ကားတန်းကလည်း တော်တော်များတယ်။ ကားအစီးရေတော့ မမှတ်မိဘူး။ ကားတန်းရပ်သွားတော့ နောက်က လိုက်လာတဲ့ ကားတွေထဲက ဘုန်းကြီးအတုတွေကော လူတွေကော တုတ်တွေနဲ့ ဆင်းလာပြီးတော့ ကြိုတဲ့သူတွေကိုကော၊ ကျနော်တို့နောက်က လိုက်လာတဲ့ ကားတွေပေါ်က လူတွေကိုကော တန်းရိုက်တော့တာပဲ”

    ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ အနေအထားကနေ ကိုကျော်စိုးလင်းက ကားကို တရကြမ်းမောင်းထွက်နိုင်ခဲ့လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်ဘေး လွတ်မြောက်ခဲ့တာပါ။ ဒီလိုထွက်လာနိုင်ခဲ့တာကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအဖွဲ့ဝင်များနဲ့အတူ ကြည်ရွာအပါအဝင် ဒီပဲယင်းမြို့ခံတွေရဲ့အကူအညီတွေကြောင့်လို့ ကိုကျော်စိုးလင်းကပြန်ပြောပါတယ်။

    “ကြည်ရွာဒေသခံတွေနဲ့ ယာဉ်တန်းအနီးရှိသူတွေဟာ ကျွန်တော်တို့ကို ကူညီပေးခဲ့ကြတယ်။သူတို့တွေ ကူညီပေးခဲ့လို့လည်း လွတ်မြောက်ခဲ့သူတွေရှိတယ်” လို့ ကိုကျော်စိုးလင်းက ပြောပါတယ်။

    ကြည်ရွာသား ကိုထွန်းကလည်း “မိုးလင်းလို့ ကျနော်တို့ လယ်တောကိုသွားချိန်မှာ လယ်တောထဲမှာ ဒဏ်ရာရနေတဲ့သူတွေ၊ မသေမရှင်ဖြစ်ပြီး ညည်းညူနေတဲ့သူတွေကို ကျနော်တို့ ကယ်ထုတ်ထားနိုင်ခဲ့တယ်။ သူတို့ဇာတိကို ပြန်ပို့ပေးခဲ့တယ်။ ဒါတွေက ကျနော်တို့ မျက်မြင်တွေပါ” လို့ ပြန်ပြောပါတယ်။

    ဒီဖြစ်ရပ်တွေဟာ ၂၀၀၃ ခုနှစ် မေလ ၃၀ရက်နေ့က ဖိုးထောင်ရဲ့ဇာတိ ကြည်ရွာမှာ ဖြစ်ပျက်ခဲ့တာပါ။ စစ်အုပ်စုဟာ အဲဒီနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးလိုက်ပါတယ်။ ကိုကျော်စိုးလင်းအပါအဝင် ဒေါ်အောင်ဆန်းစုကြည်ယာဉ်တန်းနဲ့အတူ လိုက်ပါလာတဲ့ ဒီချုပ်ပါတီဝင်တွေ၊ ဒီချုပ်ပါတီထောက်ခံသူတွေလည်း ဖမ်းဆီးခံလိုက်ရပါတယ်။ အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် လူတွေလည်း သေဆုံးခဲ့ပါတယ်။ လေးဦးသေဆုံးပြီး ၅၀ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ စစ်အုပ်စုက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် သေဆုံးသူဟာ ၇၀ ဦးထက်မနည်းရှိခဲ့တယ်လို့ စစ်အုပ်စုကဖန်တီးတဲ့ ဒီလူသတ်ပွဲကို မျက်မြင်တွေ့သူတွေက ဆိုပါတယ်။

    စစ်အုပ်စုကတော့ ဒီပဲယင်းဒေသခံတွေက အကြမ်းဖက်ခဲ့လို့ ယင်းအဓိကရုဏ်းဖြစ်ခဲ့တာလို့ သတင်းလွှင့်ခဲ့ပါတယ်။ လူမှုကွန်ရက်အားမကောင်းသေးတဲ့ အဲဒီခေတ်ကာလမှာ စစ်အစိုးရဟာ သူတို့အပြစ်လွတ်ဖို့ ရမည်ရှာခဲ့တဲ့ပစ်မှတ်ထဲ ကြည်ရွာလည်းပါခဲ့ပါတယ်။ ဒါပေမယ့် စစ်အစိုးရခေတ်အလွန်မှာတော့ စစ်အုပ်စုအကြီးပိုင်းအချို့ကိုယ်တိုင်က ဒီပဲယင်းအရေးအခင်းဟာ ဒေါ်အောင်ဆန်းစုကြည်ကိုတားဆီးဖို့ စစ်အုပ်စုက ပစ်မှတ်ထားဖန်တီးခဲ့တာလို့ ထုတ်ပြောလာခဲ့ကြပါတယ်။ အဲဒီကာလက စစ်အုပ်စုရဲ့ တတိယအာဏာအရှိဆုံး ဗိုလ်ချုပ်ကြီးခင်ညွန့်ကိုယ်တိုင်က သူရေးခဲ့တဲ့စာအုပ်မှာ ထုတ်ဖော်ဝန်ခံထားတာပါ။

    – ယနေ့ ကြည်ရွာ

    လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းလင်းပစ်ဖို့ သတ်ကွင်းတခုလို စစ်အုပ်စုကပုံဖော်ခဲ့တဲ့ ကြည်ရွာဟာ အဲဒီတုန်းကလည်း အမှန်တရားအတွက် ရဲရင့်ခဲ့သလို ဒီကနေ့ စစ်အာဏာရှင်တော်လှန်ရေးမှာလည်း သွေးအေးမနေခဲ့ပါဘူး။

    ဖိုးထောင်တယောက် ၂၀၂၁ မေလတုန်းက အိမ်ပြန်လာခဲ့တဲ့ခရီးဟာ ကြည်ရွာအနေနဲ့ နွေဦးတော်လှန်ရေးမှာ ထဲထဲဝင်ဝင် ဝင်ပါဖို့ ခြေလှမ်းအစလည်းဖြစ်ပါတယ်။ ရန်ကုန်မှာ အလုပ်လုပ်နေတဲ့ ဖိုးထောင် ရွာကိုပြန်လာခဲ့သလို ဝမ်းရေးအတွက် နေရပ်စွန့်ခွာနေကြရတဲ့ ကြည်ရွာသားလူငယ်တွေလည်း ပြန်လာခဲ့ကြပါတယ်။ ကားစတီရင်ယာတိုင်ကိုင်တဲ့ လက်တွေ၊ ဝရိန်ဆော်တဲ့လက်တွေ၊ ပေါက်တူးကိုင်တဲ့လက်တွေဟာ တူမီးသေနတ်ကို ပြောင်းကိုင်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ သူတို့ချစ်တဲ့ အမေစုကို ဖမ်းဆီးထားပြီး ပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်အာဏာရှင်ကို ဖြုတ်ချဖို့အတွက် ဖိုးထောင်တို့ ကြည်ရွာက တော်လှန်ရေးကြိုးဝိုင်းထဲ ခြေစုံပစ်ဝင်လိုက်ကြပါတယ်။

    Free Rangers အမည်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို ကြည်ရွာသားတွေ ဖွဲ့စည်းလိုက်ကြပါတယ်။ နွေဦးတော်လှန်ရေးကာလအစမှာ မြိုင်မြိုင်ဆိုင်ဆိုင်ပေါ်ပေါက်လာတဲ့ စစ်ကိုင်းတိုင်းထဲက ရာချီတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထဲမှာ ဖိုးထောင်တို့ရဲ့ Free Rangers လည်းပါခဲ့ပြီး စစ်ကောင်စီကို နည်းမျိုးစုံနဲ့ တော်လှန်တိုက်ခိုက်နေကြပါတယ်။

    ဒီအတွက် ကြည်ရွာရဲ့ ပေးဆပ်မှုကလည်း ကြီးမားပါတယ်။ အိမ်ခြေ ၇၀၀ ကျော်ရှိပြီး ရွာထဲမှာတင် ကိုယ်ထူကိုယ်ထ ကတ္တရာလမ်းကြီးဖောက်ထားတဲ့ ကြည်ရွာဟာ အခုဆိုရင် မီးလောင်ပြာကျသွားခဲ့ပါပြီ။ ကြည်ရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၆ ရက် ညနေမှာ ပထမဆုံးအကြိမ် မီးတင်ရှို့ခဲ့တာပါ။ အိမ်ခြေ ၅၀၀ ခန့် ပြာကျသွားခဲ့ပါတယ်။ နောက်နှစ်ရက်အကြာ ဒီဇင်ဘာလ ၂၈ ရက်မနက်မှာ စစ်ကောင်စီစစ်ကြောင်း ထပ်ရောက်လာပြီး မီးထပ်ရှို့ပါတယ်။ အိမ်ခြေ ၁၀၀ ကျော် ပြာကျသွားပြန်ပါတယ်။ ရွာရဲ့အိမ်ခြေ ၉၀% မီးလောင်ပြာကျသွားခဲ့ပါတယ်။ အိမ်ကြီးရက္ခိုင်နဲ့နေခဲ့ကြတဲ့ ကြည်ရွာဒေသခံတွေဟာ တောထဲတောင်ထဲမှာ စစ်ဘေးရှောင်နေကြရပါတယ်။ စစ်ကောင်စီက ကြည်ရွာအပြင် ဒီပဲယင်းမြို့နယ်ထဲက ရွာပေါင်း ၃၀ ကျော်ကို ဒီဇင်ဘာလအတွင်း နေ့စဉ်ရက်ဆက် မီးလောင်တိုက်သွင်းခဲ့ကြပါတယ်။

    “အခုကတော့ ရွာက ပြာပုံလိုပါပဲ။ ပြာပင်လယ်ကြီးလိုဖြစ်နေပါပြီ။ ဒါပေမယ့် ကျနော်တို့ လဲပြိုသွားစရာအကြောင်း လုံးဝမရှိဘူး။ စစ်ကောင်စီကျဆုံးမယ့်နေ့ ရောက်လာတော့မှာပါ” လို့ Free Rangers ရဲ့ တပ်ခွဲမှူး ကြည်ရွာသား ကိုထွန်းကပြောပါတယ်။

    စစ်အုပ်စုဖန်တီးတဲ့ လွန်ခဲ့တဲ့ နှစ်၂၀ က လူသတ်ကွင်းကနေ အတူတူရုန်းထွက်ခဲ့ကြတဲ့ ကြည်ရွာသားတွေနဲ့ ဒီပဲယင်းမြို့ခံတွေရဲ့ ရဲရင့်မှုကို အမှတ်ရနေဆဲပဲလို့ ကိုကျော်စိုးလင်းက ဆိုပါတယ်။ ဒီနွေဦးတော်လှန်ရေးမှာလည်း ကျောချင်းကပ် ရင်ချင်းအပ်ပြီး တသားတည်းရှိနေတဲ့အပေါ် ကျေးဇူးတင်ဂုဏ်ယူကြောင်းနဲ့ သူ့ယုံကြည်ချက်ကိုလည်း အခုလို

    သတင်းစကားပါးပါတယ်။

    “အောင်ပွဲရလဒ်ဟာ မကြာခင် ပေါ်ပေါက်လာတော့မှာပါ။ အောင်ပွဲကို အတူတကွရယူဖို့ပဲ လိုပါတော့တယ်” လို့ ကိုကျော်စိုးလင်းက ဆိုပါတယ်။

    ကြည်ရွာသားတွေစုစည်းထားတဲ့ Free Rangersဟာ အခုဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခု ဖြစ်နေပါပြီ။ ဖိုးထောင်ကလည်း Free Rangers ရဲ့ တပ်စိပ်မှူးတာဝန်ယူထားပြီး ငယ်ပေါင်းသူငယ်ချင်းတွေနဲ့အတူ စစ်ကောင်စီကို တိုက်ခိုက်နေပါပြီ။ ကုမ္ပဏီဝန်ထမ်းဘဝကနေ ပြည်သူ့ကာကွယ်ရေးရဲဘော်ကြီးဖြစ်လာတဲ့ ကြည်ရွာသား ဖိုးထောင်က သူ့ခံယူချက်တခုကို အခုလို ဖွင့်ဟလာပါတယ်။

    “အမေစုကို ကျနော်တို့တရွာလုံး ချစ်ကြတယ်။ အမေစုလွတ်မြောက်ဖို့က ကျနော်တို့ တော်လှန်ရေးရဲဘော်တွေ အနိုင်တိုက်မှ ဖြစ်တော့မှာ။ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားတွေရောပေါ့။ ဒါကြောင့် တော်လှန်ရေးကိုပဲ အားစိုက်လုပ်သွားမယ်။”