Skip to content

တတိယနိုင်ငံအိပ်မက်

    By Han Toe San/Than Lwin Khet

    ဇန်နဝါရီ ၄ ၊ ၂၀၂၂ ။

    မြန်မာစစ်ကောင်စီတပ်ကနေ CDM လုပ်လာတဲ့ တပ်မတော်သားတွေကို ဩစတြေးလျနိုင်ငံက ပြည်ဝင်ခွင့်ဗီဇာပေးမယ်ဆိုတဲ့သတင်း ၂၀၂၂ခုနှစ် အစောပိုင်းမှာ ထွက်ပေါ်လာခဲ့ပါတယ်။

    မဝံ့မရဲ ဖြစ်နေကြတဲ့ စစ်ကောင်စီဘက်မှာ မနေလိုကြတော့တဲ့ ဘက်ပြောင်းလိုတဲ့ တပ်မတော်သားတွေကြားမှာ ဒီသတင်းဟာ အရှိန်အဟုန် ကောင်းကောင်းနဲ့ ပျံ့နှံ့သွားပါတယ်။

    အရင်ကတည်းက အခြေနေတစ်ခုကို မျက်ခြေ မပျက် စောင့်ကြည့်နေတဲ့ ဒုအရာခံဗိုလ်စိုးစိုးအတွက်လည်း (အမည်လွှဲ) မျှော်လင့်ချက်ရောင်ခြည် သန်းသွားခဲ့ပါတယ်။

    ကိုစိုးစိုးနှင့် အတူ ဘက်ပြောင်းလာကြတဲ့ CDM တပ်မတော်သားတွေဟာ ဇူလိုင်လမှာ သံရုံးမှာ ခိုလှုံခွင့်ဆိုင်ရာ ဗီဇာလျှောက်ထားခဲ့ကြပါတယ်။

    ” (စစ်တပ်ဟာ) မတရားသဖြင့် အာဏာသိမ်းကာ ဆန္ဒပြတဲ့ပြည်သူတွေကို ရက်ရက်စက်စက်သတ်တယ်၊ မတရားတာကို လက်မခံနိုင် ဘူး။ မှားနေတဲ့အဖွဲ့အစည်းမှာနေရင် ကျွန်တော် လည်းမှားနေမှာ၊ အဲဒါကြောင့် အမှန်တရားဘက်မှာ ပြည်သူနဲ့ရပ်တည်ဖို့ CDM လုပ်တာပါ” လို့ သူက ပြောပါတယ်။

    ဗီဇာလျှောက်ထားတဲ့ ကြားကာလမှာတော့ ဖိနှိပ်မှု အမျိုးမျိုးကြားမှာ အချိန်ကုန်ခဲ့ရတဲ့ အရင် ကတပ်မတော်သားဘဝနဲ့ ပြည်သူတွေအပေါ် ပြုမူခဲ့တာတွေကို အမှတ်ရပြီး အားမလိုအားမရဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

    တစ်ဘက်မှာလည်း ဒီဘဝကလွတ်မြောက်ပြီး နိုင်ငံရပ်ခြားမှာ အခြေချနေထိုင်နိုင်မယ့် အိပ်မက်ကိုလည်းမဝံ့မရဲ မက်နေခဲ့ပါတယ်။

    ကိုစိုးစိုးဟာ ဒဿမတန်းအောင်ပြီးတော့ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ (ဟိုပုန်း) မှာ အစိုးရစက်မှုလက်မှုသိပ္ပံကို တက်ရောက်ခဲ့တာပါ။

    ကျောင်းဆင်းပြီးတဲ့အချိန်မှာတော့ နေပြည် တော် လေကြောင်းရန်ကာကွယ်ရေးတပ်မှာ တပ်ကြပ်ကြီးရာထူးနဲ့ တာဝန်ကျပါတယ်။

    အဲဒီနောက်မှော်ဘီ၊ မှော်ဘီကနေ တောင်ငူပြောင်းရွှေ့တာဝန်ချခံရပြီး ဒုအရာခံဗိုလ်အဆင့်ရှိခဲ့ပါတယ်။ သူတို့တပ်မှာတော့ CDM လုပ်တာ ကိုစိုးစိုး တစ်ယောက်တည်းဖြစ်ပါတယ်။

    ၂၀၂၁ ခုနှစ် မတ်လမှာ သူဟာ စစ်တပ်ကိုစွန့်ခွာပြီး ရန်ကုန်မြို့ထဲမှာပဲ လှည့်လည်ရှောင်တိမ်းနေခဲ့တာဖြစ်ပါတယ်။

    စစ်သား CDM တစ်ယောက်ရဲ့ ဘဝက ထင်သလောက် မချောမွေ့ခဲ့သလို မိသားစုလုံခြုံရေးကိုလည်းစိုးရိမ်ခဲ့ရပါတယ်။

    “အိမ်ကိုမပြန်ရဲဘူး။ကျွန်တော်အိမ်နဲ့ အဆက်အသွယ်ရ လို့မေးကြည့်တော့ အိမ်ရှေ့မှာထောက် လှမ်းရေး တွေ လွှတ်ထားတာကိုသိလိုက်ရတယ်”လို့ ကိုစိုးစိုးက ပြောပါတယ်။

    သူငယ်ချင်းတွေ အိမ်မှာ လှည့်လည်နေထိုင်ရင်း စားဝတ်နေရေး အဆင်မပြေတဲ့အခါ ရရာအလုပ်ကို ဝင်လုပ်ဖို့ ကြိုးစားပေမယ့် အချည်းအနှီး ဖြစ်ခဲ့ပါတယ်။

    “အလုပ်ရှင်တွေရဲ့ လိုအပ်ချက်တွေဖြစ်တဲ့ အချက်အလက်တွေ တော်တော်များများကရှိမနေဘူးလေ။ ရဲစခန်းထောက်ခံစာတို့ ဘာတို့လိုမျိုးပေါ့။အဲဒီလိုနဲ့ပဲ ကျွန်တော် အားနာလာတာနဲ့ တောထဲက အသိတစ်ယောက်နဲ့ ဆက်သွယ်ပြီး ဒီဘက်လွတ်မြောက်နယ်မြေကိုရောက်လာတယ်”လို့ ကိုစိုးစိုးက သူကြုံတွေ့ခဲ့ရတာတွေကို ပြောပြပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင် ရဲ့ ပြောပြချက်အရ အာဏာသိမ်းကာလ ၂၁ လ အတွင်း ပြည်သူ့ဘက်ပြောင်း ဝင်လာတဲ့စစ်သား ၄၀၀၀ ကျော်ရှိပါတယ်။

    CDM စစ်သားတစ်ချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ထဲဝင်ရောက်တာရှိသလို တိုင်းရင်းသားတော်လှန်ရေးတပ်တွေ ထဲဝင်ရောက်တာဝန်ထမ်းဆောင်တာတွေလည်း ရှိပါတယ်။

    ကိုစိုးစိုး ကတော့ တတိယနိုင်ငံတစ်ခုခုမှာ တရားဝင် ခိုလှုံခွင့်ရရှိဖို့ကိုသာ အားသန်နေပါတယ်။

    အလုပ်အကိုင်မရှိသလို ဘဝရှေ့ရေးလည်းပျောက် ဆုံးနေတာကြောင့် တတိယနိုင်ငံကို လျှောက်ထားဖို့ရွေးချယ်ခဲ့တာလို့ဆိုပါတယ်။

    ၂၀၂၂ ခုနှစ် မတ်လ ၁၈ ရက်နေ့က ဩစတြေးလျနိုင်ငံအခြေစိုက် သတင်းဌာနတွေဖြစ်တဲ့ The Sydney Morning Heraldနဲ့ The age တို့မှာ မြန်မာစစ်ကောင်စီတပ်ကနေ CDM လုပ်လာတဲ့ စစ်သားတွေကို ဩစတြေးလျနိုင်ငံက ပြည်ဝင်ခွင့်ဗီဇာပေးသွားမယ်ဆိုတဲ့သတင်း ဖော်ပြလာပါတယ်။

    ဒါ့အပြင် သြစတြေးလျက မြန်မာကို လူသားချင်းစာနာထောက်ထားမှု အကူအညီ အမေရိကန်ဒေါ်လာ ၉၅ သန်းနဲ့ လူ ၂၀၀၀ ကို ခိုလှုံခွင့်ပေးမယ်လို့ သြစတြေးလျ အထက်လွှတ်တော် အမတ် Dean Smith ဟာ အခုနှစ်မတ်လ ၂၉ ရက်နေ့က Perth မြို့ရှိ Jim Satchell Community Center မှာမြန်မာတွေနဲ့ တွေ့ဆုံပွဲမှာ ပြောပါတယ်။

    ဒီလိုသတင်းစကားတွေဟာ ကိုစိုးစိုးအတွက် တော့ အားအင်တွေပါပဲ။

    တစ်ဆက်တည်းမှာပဲ သြစတြေးလျပြည်ထဲရေးဌာနက သတ်မှတ်ချက်တွေနဲ့ ပြည့်စုံတဲ့ ဗီဇာလျှောက်လွှာ တစ်ခု ခြင်းစီကို ဆောင်ရွက်ပေးသွားမှာ ဖြစ်ပြီး ဗီဇာလျှောက်တဲ့သူတိုင်းက သတ်မှတ်ချက် တွေနဲ့တော့ ပြည့်စုံဖို့ လိုတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ပြင်ပအဆက်အသွယ်တွေနဲ့ အလှမ်းကွာလှတဲ့ CDM စစ်သားတွေအချင်းချင်း ဖေးမကူညီကြရင်း ဗီဇာလျှောက်ခဲ့ကြပေမယ့် အချက်အလက်တွေလိုအပ်မှာလည်း ကိုစိုးစိုးတစ်ယောက် စိုးရိမ်နေပါတယ်။

    MCIJ က စုံစမ်းတွေ့ရှိချက်အရ နိုဝင်ဘာလကုန်အထိ သြစတေးလျနိုင်ငံမှာ တရားဝင်ခိုလှုံခွင့်ရရှိထားတဲ့ CDM စစ်သား အရာရှိ သုံးဦးသာ ရှိသေးပြီး ဒါဟာ CDM စစ်သားအားလုံးရဲ့ သုည ဒသမ သုည ခုနစ် ငါး (၀.၀၇၅) ရာခိုင်နှုန်းသာ ဖြစ်ပါတယ်။

    “တတိယနိုင်ငံထွက်ဖို့ တွေးတဲ့ CDM စစ်သားဆိုရင် အရာရှိပိုင်းကများတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့က တပ်ရဲ့ သဘောသဘာဝကိုသိတယ်။တခြား CDM တွေလို အလင်းပြန်ဝင်လို့မရဘူး။သူတို့ပြန်ရင် တစ်သက်တစ်ကျွန်းဆိုတာ သူတို့အသိထဲမှာ ရှိနေပြီးသား”လို့ CDM တပ်ကြပ်ကြီးတစ်ဦးက ပြောပါတယ်။

    CDM စစ်အရာရှိအသိုင်းအဝိုင်းရဲ့ပြောပြချက်အရ စစ်မြေပြင်ဆေးတပ်ရင်းက ပထမတန်းခွဲစိပ် ပါရဂူအဆင့်ရှိသူတစ်ဦးနဲ့ လေတပ်အရာရှိဟောင်းတစ်ယောက်တို့ ဩစတြေးလျနိုင်ငံမှာခိုလှုံခွင့်ရရှိခဲ့ပြီး နောက်ထပ် လေတပ်အရာရှိတစ်ဦးက အမေရိကားမှာ နိုင်ငံရေးခိုလှုံခွင့်ရခဲ့ပါတယ်။

    အောက်တိုဘာလ အစောပိုင်းက CDM ပြုလုပ်လာတဲ့ တပ်ရင်းမှူး မျိုးမင်းထွန်းဟာ စစ်ကောင်စီတပ်ထံ ပြန်လည်ဝင်ရောက်သွားခဲ့ပါတယ်။

    သတင်းတစ်ချို့မှာတော့ သူဟာ တတိယနိုင်ငံခိုလှုံခွင့် ရရှိထားသူ တစ်ယောက်ဖြစ်တယ်လို့ဖော်ပြကြပေမဲ့ သူနဲ့နီးစပ်သူတချို့ရဲ့ ပြောပြချက်အရ သူဟာ ခိုလှုံခွင့်ကျပြီးမှ ပြဿနာအချို့ရှိလာတဲ့အတွက် ငြင်းဆိုခံရပြီး နောက်အခုလို ပြန်ဝင်သွားတာလို့ ဆိုပါတယ်။

    “တပ်ထဲမှာကဘာဖြစ်လဲဆိုတော့ အရာရှိပိုင်းတွေက အပြင်က နာမည်ကြီးတဲ့လူတွေလိုပဲ သူတို့ရဲ့ Personal Branding (နာမည်ကြီးအောင်လုပ်တာ) ကိုတည်ဆောက်ကြတယ်။တပ်ရင်းမှူး မျိုးမင်းထွန်းဆိုလည်း သူကတပ်ထဲမှာ ပါဝါရှိတဲ့လူလေ။ သူ့မိန်းမဆိုလဲ ဒီလိုပဲ။သူက အစောကတည်းက ဩစတြေးလျသွားချင်လို့ CDM ဝင်တာလေ၊အကြောင်းအမျိုးမျိုးကြောင့် မသွားရတော့ဘူးဆိုတော့ ဟိုဘက်ကို ပြန်ကူးသွားတာ၊ အဲဒီလိုအနေအထားဆိုတော့ သူ့မိန်းမကလည်း အခွင့်ထူးခံနေရာမှာပဲ နေချင်တော့ ဖိအားပေးပြန်ခေါ်တာတွေရှိမှာပဲ”လို့ တပ်ရင်းမှူး မျိုးမင်းထွန်းနဲ့နီးစပ်တဲ့ CDM တပ်ကြပ်ကြီးတစ်ဦးက ပြောပါတယ်။

    အောက်တိုဘာလထဲမှာ မလေးရှားနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာနက မြန်မာနိုင်ငံသား ၁၅၀ ဦးကို နေရပ်ပြန်ပို့ခဲ့ပါတယ်။

    အဲသလိုပြန်ပို့လိုက်တဲ့အထဲမှာ တတိယနိုင်ငံ ခိုလှုံခွင့်တောင်းခံထားတဲ့ မြန်မာရေတပ်အရာရှိဟောင်းတဦးပါဝင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြခဲ့ပါတယ်။

    ဒါ့အပြင် စစ်ကောင်စီက အလိုရှိတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတချို့ ပါနေပြီး သူတို့က ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR ရဲ့အကူအညီကို လျှောက်ထားပြီး အကူအညီရဖို့ စောင့်ဆိုင်းနေသူတွေ ဖြစ်တယ်လို့ မလေးရှားရောက် မြန်မာအသင်းတွေက ပြည်တွင်းသတင်းဌာနတွေကို ဖြေကြားထားပါတယ်။

    စစ်ကောင်စီတပ်သားတွေ၊အရာရှိတွေ ပြည်သူ့ဘက်ကိုပူးပေါင်းဖို့ NUG အနေနဲ့ဖိတ်ခေါ်မှုတွေ ဆက်တိုက် လုပ်ဆောင်နေပေမယ့် သူတို့ကို တာဝန်ယူပေးဖို့လည်း လိုအပ်နေတယ်လို့ CDM စစ်သားတွေ အရေးလှုပ်ရှားနေသူတွေက ပြော ပါတယ်။

    ဒီလိုသတင်းတွေကြားရင် ကိုစိုးစိုးဟာ ရင်ထဲမှာ ကျပ်တည်းလာပြီး ရှေ့ဆက်ရမယ့်အားအင်တွေပင်ပျောက်ခဲ့ရတယ်လို့ဆိုပါတယ်။

    ဒီလိုဖြစ်စဉ်တွေကြောင့် အနိမ့်ဆုံး ဗီဇာလျောက် ထားလိုသူတွေကို အဖွဲ့အစည်းတစ်ခုထားပြီး ကူညီဆောင်ရွက်ပေးဖို့ စနစ်တကျ ခိုင်ခိုင်မာမာ လုပ် ဆောင်သင့်တယ်လို့လည်း ထောက်ပြကြပါတယ်။

    NUG အနေနဲ့ကတော့ ကူညီနိုင်တာတွေကို ကူညီပေးနေပြီး အစိုးရတစ်ရပ်အနေနဲ့မိတ်ဖက်နိုင်ငံတွေကို လက်ခံပေးဖို့ တိုက်တွန်းပြောဆိုနေတယ်လို့ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောပါတယ်။

    သို့သော်လည်း စစ်သားCDMနဲ့အခြား ခိုလှုံခွင့် လျှောက်ထားသူတွေ အတွက် တိကျခိုင်မာတဲ့မူဝါဒဒီနေ့အထိ ပြည်သူကိုချမပြနိုင်သေးပါဘူး။

    ကိုစိုးစိုးတို့လို စစ်သားCDM တွေနဲ့ အခြားလျောက် ထားသူတွေ အတွက် တတိယနိုင်ငံ အိမ်မက်ကတော့ ဒီနေ့အထိ ဝေဝါးနေဆဲ ဖြစ်ပါတယ်။

    ပုံစာ-ပြီးခဲ့သောနိုဝင်ဘာလအတွင်း၌ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်တကွ CDM ပြုလုပ်လာ၍ NUG မှချီးမြင့်သည့် ဆုကြေးငွေ ဘတ်ငါးသောင်းကို ကော်ဘရာစစ်ကြောင်းမှူးမှ ပေးအပ်ခဲ့သည်။