Skip to content

ပျောက်ဆုံးနေဆဲ လူငယ်များ အနာဂတ်

    By Phyoe Ei Naing/005 

    “ကျွန်မဒီအလုပ် လုပ်ရတာမပျော်ဘူး။ကျောင်းဆရာမပဲဖြစ်ချင်တာ ” အသက် ၁၉နှစ်အရွယ်အမျိုးသမီးငယ်ကဆိုသည်။

    အမျိုးသမီးငယ်ကဆံပင်ကို အဝတ်စဖြင့်ပတ်ချည်ထားသည်။လက်မှ မုန့်ထုတ်များ ကို အစီစဥ်တကျအိတ်ထဲထည့်ကာပိတ်နေသည်။မုန့်အကျိုးအကြေများကို ပယ်ကာ မုန့်အကောင်းများကို အိတ်ထဲစီထည့်နေသည်။

    အဆိုပါ အမျိုးသမီးငယ်ဟာ မန္တလေးတိုင်း၊စဥ့်ကူးမြို့နယ်ရှိ ကျေးရွာတစ်ရွာမှဖြစ်ပြီး အသက် ၁၉နှစ်သာရှိသေးသူ မထက်ထက် (အမည်လွှဲ)ဖြစ်သည်။

    သူမသည် အသက် ၁၆နှစ်ပြည့်ပြီးချိန်မှစတင်ကာ မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်မှ မုန့်ထုတ်စက်ရုံတစ်ခုတွင် တစ်လလျှင်လစာငွေ ၈၀၀၀၀ကျပ်ဖြင့်အလုပ်လုပ်ကိုင်နေသည်။

    အလုပ်မှာနေစရာပေး၊ထမင်းကျွေး၍ ရရှိသည့် လစာငွေမှ သုံးသောင်းကျပ်ကိုမိမိအတွက်သုံးကာ ကျန်ငွေငါးသောင်းကျပ်ကို အိမ်သို့ပြန်ပေးသည်ဟုဆိုသည်။

    ” အရင်ကတော့ကိုဗစ်ဖြစ်နေတုန်းလေး၊အပြင်ကျူရှင်ဖိုးလေးရအောင်ဆိုပြီး လာလုပ်တာ၊အခုကျောင်းလည်းမတက်ရ၊ရွာဘက်ကအခြေအနေလည်းမကောင်းတော့ မပြန်ဖြစ်တော့ဘူး “ဟု မထက်ထက်ကဆိုသည်။

    မထက်ထက်က တက္ကသိုလ်ဝင်တန်းစာမေးပွဲတစ်ကြိမ်ကျထားပြီး ဒုတိယအကြိမ်ဖြေဆိုရန်စောင့်ဆိုင်းနေစဥ် ကိုဗစ်-၁၉ရောဂါကြောင့် ကျောင်းပိတ်ရသည်နှင့်ကြုံခဲ့ခြင်းဖြစ်သည်။

    ထို့နောက် ၂၀၂၁ခုနှစ်တွင် စစ်တပ်ကအာဏာသိမ်းလိုက်ချိန်တွင် မထက်ထက်ဖြစ်ချင်ခဲ့သည့် ကျောင်းဆရာမအိပ်မက်စုံးစုံးမြှုပ်ခဲ့ရသည်။

    “ပြန်စဥ်းစားရင်အိပ်မက်လိုပဲ။အစကတော့ခဏပဲပေါ့။ အာဏာပြန်ရပြီး ကျောင်းတွေပြန်ဖွင့်မယ်ထင်နေတာ။အခုက အဲဒီလိုဖြစ်မလာဘူး”ဟု မထက်ထက်က သူမ၏မျှော်လင့်ချက်ကိုပြောပြသည်။

    စစ်တပ်အုပ်ချုပ်မှုလက်အောက်မှ ဖွင့်လှစ်ထားသောကျောင်းများကို စဥ့်ကူးမြို့နယ်မှ ကျောင်းသားအများစုက CDMပြုလုပ်ထားသည်။ထိုအထဲတွင် မထက်ထက်လည်းပါဝင်သည်။CDMကျောင်းသားဦးရေ ဘယ်လောက်များသလဲဆို မထက်ထက်တက်ရောက်ခဲ့သည့် အထက်တန်းကျောင်းအားယနေ့တိုင်ပိတ်ထားရသည်အထိပင် CDMကျောင်းသားဦးရေများပြားသည်။

    “ကျောင်းတော့ပြန်တက်ချင်ပါတယ်။ဒါပေမယ့် တော်လှန်ရေး အောင်မှဘဲ ပြန်တက်မယ်”ဟု မထက်ထက်က သူမ၏ခံယူချက်ကို ယတိပြတ်ပြောသည်။

    မထက်ထက်ကဲ့သို့ပင် ရှေ့ရေးအတွက် မျှော်လင့်ချက်ကင်းမဲ့နေသည့်ကလေးငယ်များ၊ကျောင်းသားမိဘများ စဥ့်ကူးမြို့နယ်တွင်အများအပြားရှိနေသည်။တော်လှန်ရေးအားကောင်းသည့်စစ်ကိုင်းတိုင်း၊‌

    ရွှေဘိုခရိုင် ထဲက ဝက်လက်မြို့နယ်၊ရွှေဘိုမြို့နယ်တို့နှင့် ထိစပ်နေသည့်စဥ့်ကူးမြို့နယ်တွင် ကျောင်းတက်သူ ကလေးဦးရေအလွန်နည်းပါးသည်ကိုတွေ့ရသည်။

    CDMကျောင်းဆရာများက စုစည်းထားသည့် အချက်အလက်များအရCDMလုပ်သည့်ကျောင်းသားဦးရေမှာ မြို့နယ်ကျောင်းသားဦးရေစုစုပေါင်း၏၆၀ရာခိုင်နှုန်းနီးပါးရှိသဖြင့်ကျောင်းအများစုပိတ်ထားရပြီး CDMကျောင်းသား၆၀%အထိရှိနေသည်။

    “အခုတော့ခက်နေတာပေါ့။ကိုဗစ်ကတည်းကနဲ့ဆို ၃နှစ်ကျော်နေပြီ။ကလေးတွေကစာမတက်တော့ဘူး။”ဟုစဥ့်ကူးမြို့နယ်သဲအင်းကျေးရွာမှ ကျောင်းသားမိဘတစ်ဦးကပြောသည်။

    ၎င်း၏ သားဖြစ်သူမှာဒုတိယတန်းကျောင်းသားတစ်ဦးဖြစ်သည်။ယခုအချိန်တွင် ကလေးငယ်မှာအသက်၁၀နှစ်ရှိနေပြီး မြန်မာစာကိုသေချာစွာမဖတ်နိုင်သေးကြောင်း ဆိုသည်။

    ယခုအချိန်ထိ စာသေချာမဖတ်နိုင်သေးသလို နောင်နှစ်များတွင်လည်း ကျောင်းတက်ရဖို့မသေချာ၍ သားငယ်၏ရှေ့ရေးကိုစိုးရိမ်မိကြောင်း အဆိုပါကျောင်းသားမိဘကဆိုသည်။

    “စစ်တပ်ကဖွင့်တဲ့ကျောင်းလည်းမထားချင်၊ပြင်ပစာသင်ကျောင်းလိုမျိုးလည်းမရှိတော့ စာတော့မတက်ဘူးပေါ့။အခုချိန်ကတော့ လုံခြုံနေတာပဲတော်သေးတယ်”ဟု ၎င်းကဆက်လက်ပြောကြားသည်။

    ၎င်း၏သားဖြစ်သူ ကလေးငယ်ကို ကျောင်းတက်ချင်လားဟုမေးမြန်းရာ “ကျောင်းတော့တက်ချင်တယ်။မင်းအောင်လှိုင်ဖွင့်တဲ့ကျောင်းမတက်ဘူး”ဟု ပြန်လည်ဖြေကြားခဲ့သည်။

    မြန်မာနိုင်ငံ၌စစ်အာဏာသိမ်းခံရပြီး ၂နှစ်နီးပါးကြာချိန်တွင် ပညာသင်ကြားခွင့်ဆုံးရှုံးနေသည့်ကလေးငယ်များစွာရှိနေသည်။

    ၂၀၂၁ခုနှစ်စစ်အာဏာသိမ်းချိန် ပညာရေးဝန်ထမ်းများ CDMလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသလို ကျောင်းသားများလည်းပါဝင်ခဲ့ကြသည်။

    ထိုအထဲတွင် အသက်မပြည့်သေးသူ အခြေခံပညာ ကျောင်းသားများစွာလည်းပါဝင်ခဲ့သည်။

    စစ်တပ်အာဏာသိမ်းချိန်ကစပြီး ယနေ့တိုင် မန္တလေးတိုင်း၊စဥ့်ကူးမြို့နယ်တွင် ပညာမသင်နိုင်သည့် မူလတန်းမှအခြေခံပညာအထက်တန်းအဆင့်အထိ အနည်းဆုံးစာသင်ကျောင်း ၅၀ ခန့်ကျောင်းများပိတ်ထားရကြောင်း ဒေသခံများထံကသိရသည်။

    ကျောင်းပိတ်ထားရသည့် ကျေးရွာအများစု ဟာ စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊ဝက်လက်မြို့နယ်နှင့် မန္တလေးတိုင်းစဥ့်ကူးမြို့နယ်အစပ်ကကျေးရွာများဖြစ်သည်။

    ဝက်လက်မြို့နယ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များကနယ်မြေ စိုးမိုးထားသလို စဥ့်ကူးမြို့နယ်ကို စစ်တပ်နှင့်ပျူစောထီးများကစိုးမိုးထားသည်။ ဒီမြို့နယ်နှစ်ခုစလုံးကစီးပွားရေးဖွံ့ဖြိုးမှုနှေးကွေးသောမြို့နယ်များဖြစ်သည်။ စစ်အာဏာရှင်ဆန့်ကျင်ရေးလက်နက်ကိုင်တော်လှန်ရေးအားကောင်းသည့်စစ်ကိုင်းတိုင်းသည် စစ်တပ်၏ရှေ့တန်းပစ်မှတ်ဖြစ်လာသည်။စစ်ကိုင်းတိုင်းကိုချုပ်ကိုင်ရန် ကြိုးစားသည့် စစ်တပ်ဟာ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းနယ်စပ်မှကျေးရွာများမှာတပ်စွဲကာနယ်မြေစီးနင်းနိုင်ရန်ကြိုးစားသည်။စဥ့်ကူးမြို့နယ်အတွင်းကကျေးရွာအများစုကိုစစ်တပ်ကတပ်စွဲထားကြောင်း ဒေသခံများကဆိုသည်။

    အဆိုပါကျေးရွာများတွင် စစ်ကောင်စီလက်အောက်ခံအစိုးရစာသင်ကျောင်းဖွင့်လှစ်ပါကဝက်လက်မြို့နယ်ကဒေသခံကာကွယ်ရေးတပ်ဖွဲ့များက သတိပေးစာများပို့ကာ ပိတ်ခိုင်းခဲ့သလို အရပ်ဘက်စာသင်ကျောင်းများဖွင့်လှစ်ပါကလည်း စစ်ကောင်စီက စစ်ကြောင်းထိုးကာ လာရောက်တိုက်ခိုက်လေ့ရှိသည်။

    အဆိုပါဒေသများမှာ ကျောင်းများပိတ်ထားရသလို စစ်ကောင်စီတပ်စခန်းတွေနဲ့နီးစပ်ရာ မြို့ငယ်များ၊ကျေးရွာများတွင်လည်း ကျောင်းတက်သူဦးရေဟာ အလွန်နည်းပါးသည်ကိုတွေ့ရသည်။CDMကျောင်းဆရာများက စုစည်းထားသည့် အချက်အလက်အရ စဥ့်ကူးမြို့နယ်မှာ အခြေခံပညာကျောင်းသားဦး စုစုပေါင်း ၃၅၀၀၀ကျော်ရှိပြီး ကျောင်းတက်သူဦးရေဟာ၁၅၀၀၀ ဝန်းကျင်ရှိပြီး စုစုပေါင်း ကျောင်းမတက်သူ ကျောင်းသားစာရင်းဟာ ၆၀%အထိရှိနေသည်။

    “တက်တဲ့သူတွေကလည်း စစ်တပ်နဲ့နီးစပ်သူ၊ကြံ့ခိုင်ရေးပါတီကမိသားစုဝင်တွေရဲ့ကလေးတွေပါ။ကျန်တဲ့ကလေးတွေက မတက်ကြဘူး “ဟု စဥ့်ကူးမြို့နယ်ကCDM ကျောင်းဆရာကိုဝေမိုးကျော်ကပြောသည်။

    ထို့အပြင် အဆိုပါကျေးရွာများတွင် အပြင်ကျူရှင်များ၊ကြားကာလပညာရေး(ယာယီစာသင်ကြားမှု)များလည်းမရှိပေ။

    “ဒေသခံဆရာ၊ဆရာမတွေကတော့ CDMလုပ်ကြတယ်။အရင်ကတော့ တခြားနယ်ကဆရာတွေ လာကြတယ်။ဒါပေမယ့်ကလေးတွေကလည်းကျောင်းမတက်ကြဘူး။စစ်တပ်ထောက်ခံတဲ့ကလေးနည်းနည်းလောက်ပဲကျောင်းတက်တာ။အခုတော့ PDFတွေကသတိပေးစာပို့လို့တခြားနယ်ကဆရာမတွေလည်းပြန်ကုန်ပြီ။ကျောင်းပြန်ပိတ်လိုက်ရတယ်”ဟု စဥ့်ကူးမြို့နယ်မှ CDM ကျောင်းဆရာမ တစ်ဦးကပြောသည်။

    ပြင်ပစာသင်ကျောင်းဖွင့်ရန်မှာလည်း မြို့နယ်အတွင်းက ကျေးရွာအများစုတွင်စစ်တပ်ကတပ်စွဲထားသည်။

    “အပြင်ကျောင်းမဖွင့်တာတောင် စစ်တပ်လာတိုင်းအကုန်ပြေးနေရတာ။ဒီဖက်က PDFထောက်ခံတဲ့သူနဲ့စစ်တပ်ထောက်ခံတဲ့သူတွေမျှတော့ နှစ်ဖက်ကြည့်နေရတာ။ဘယ်ဘက်နဲ့ပတ်သက်တာမှမလုပ်ရဲဘူး။ဒီဘက်ကဆရာ၊ဆရာမတွေအကုန်အဲဒီလိုပဲ “ဟု ၎င်း၏အခက်အခဲကိုပြောပြသည်။

    အဆိုပါဒေသများသည် ခေတ်အဆက် ခေါင်သောဒေသများဖြစ်ပြီး ပညာရေး၊ကျန်းမာရေး၊စီးပွားရေးဖွံ့ဖြိုးမှုအားနည်းသည့်ဒေသများဖြစ်သည်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက်ကကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းများနှင့်ဆေးရုံများ၊လမ်းများဖောက်ကာ အနည်းငယ်ဖွံ့ဖြိုးလာသည့်ဒေသများဖြစ်သည်။

    “ပညာရေးကို အဲ့လောက်အားထားရမှန်းမသိကြသလို အားမစိုက်နိုင်ကြဘူး။စားဝတ်နေရေးကရှိသေးတော့လေ။NLDလက်ထက်တော့ အစိုးရထောက်ပံ့ကြေးလေးတွေရ၊ကျောင်းစရိတ်တွေသက်သာလာတော့ ကျောင်းထားလာကြတယ်။အရင်က ၁၀တန်းအောင်စာရင်းထွက်ရင် တစ်ရွာမှ အများဆုံးအောင်ရင် ၅ယောက်ပဲ။အဲဒီ၅ယောက်ကလည်းနှစ်ကျပြန်ဖြေတဲ့သူတွေ”ဟု ကျေးရွာရပ်မိရပ်ဖတစ်ဦးကပြောသည်။

    လက်ရှိ ၂၀၂၃တွင်လည်းအဆိုပါကျေးရွာများမှကျောင်းများပိတ်ထားရဆဲဖြစ်သည်။

    တော်လှန်ရေးကာလအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ကြားကာလပညာရေးကိုအကောင်အထည်ဖော်ရန်ဆောင်ရွက်ခဲ့သော်လည်း တစ်နိုင်ငံလုံးအတိုင်းမတာအထိ မဆောင်ရွက်နိုင်သေးပေ။

    ဒေသခံကာကွယ်ရေးတပ်ဖွဲ့အင်အားကောင်းသည့် စစ်ကိုင်းတိုင်းထဲမှယင်းမာပင် မြို့နယ်များတွင် NUGအစိုးရ စာသင်ကျောင်းများဖွင့်ထားသည်။တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်အွန်လိုင်းစာသင်ကျောင်းများလည်းဖွင့်လှစ်ထားသော်လည်း ကျေးလက်က ကလေးငယ်များအတွက် အွန်လိုင်းစာသင်ကျောင်းကမထိရောက်ခဲ့ပေ။

    အင်တာနက်လိုင်းအခက်အခဲနှင့်ဖုန်းဘေလ်အခက်အခဲကြောင့် အွန်လိုင်းစာသင်ကျောင်းများတက်ရောက်ရန်မှာ မဖြစ်နိုင်ကြောင်း ကျောင်းသားမိဘတစ်ဦးကပြောသည်။

    “ကိုယ့်တောသူတောင်သား ဖုန်းဘေလ်တစ်ထောင်တစ်လလောက်ဖုန်းပြောရတာ။ဘယ်လိုလုပ်ဒီအင်တာနက်ကြည့်ပြီးစာသင်နိုင်မှာလဲ။”ဟုဆို သည်။

    ဖွံ့ဖြိုးဆဲဒေသဖြစ်နေသည့်စဥ့်ကူးမြို့နယ်အတွင်း ကလေးငယ်များပညာသင်ကြားခွင့်ရရှိရေးနှင့်ပတ်သက်၍ CDMကျောင်းဆရာ၊ဆရာမများအပါအဝင် တော်လှန်ရေးအင်အားစုများလည်း တက်နိုင်သလောက်ကြိုးစားကြသည်။

    မန္တလေးမြို့တွင် စစ်တပ်၏အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိပြီး မြို့တွင်းကို တော်လှန်ရေးတပ်များဝင်ရောက်လာနိုင်သည့် လမ်းကြောင်းတွင်တည်ရှိနေသည့် စဥ့်ကူးမြို့နယ်သည် စစ်တပ်အတွက် လုံခြုံရေးအရေးကြီးသည့် မြို့နယ်ဖြစ်သည်။

    “ကျွန်တော်တို့နယ်က တပ်စိုးမိုးတဲ့နယ်ဖြစ်နေတယ်။NUGကျောင်းကိုသင်မယ့်ဆရာမတွေရဲ့လုံခြုံရေး၊အဲဒီကျောင်းလာတပ်မယ့်ကလေးတွေရဲ့လုံခြုံရေးလည်းအဆင်မပြေဘူး။တပ်ရင်းတွေအကုန် လုံခြုံရေးယူပေးရင်တောင်အဆင်မပြေနိုင်ဘူး “ဟု ကိုဝေမိုးကျော်ကဆက်ပြောသည်။

    ၂၀၁၈-၁၉ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲပြန်ဖြေရန် ပြင်ဆင်ထားကြသည့် အဆိုပါကျေးရွာများမှ လူငယ်များအားလုံး ယခုလုပ်ငန်းခွင်ဝင်ရောက်နေကြပြီဖြစ်သည်။

    “နှမြောစရာကောင်းတာပေါ့။တကယ်ကိုရည်မှန်းချက်ရှိတဲ့ကလေးတွေ အခုအပြင်လောကရောက်ကုန်ပြီ။မင်းအောင်လှိုင်သာအာဏာမသိမ်းခဲ့ရင် အခုဆိုကလေးတွေက တက္ကသိုလ်ကောင်းကောင်းတက်ပြီး နောက်၂နှစ်လောက်ဆို နိုင်ငံတာဝန်ထမ်းဆောင်နေပြီ။ဒီကောင်အာဏာရူးလိုက်တာ နှမြောစရာကောင်းတယ် “ဟု ကိုဝေမိုးကျော်က​ပြောသည်။

    အကြမ်းဖက်မှုတွေအမျိုးမျိုးနှင့်လုံခြုံရေးအာမခံချက်မရှိသည့် လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ စစ်မှန်တဲ့ငြိမ်းချမ်းရေးမရမချင်း ဝက်လက်မြို့နယ် နှင့် စဥ့်ကူးမြို့နယ်ရှိ ကျောင်းသားအရွယ်လူငယ်လေးများ ၏အနာဂတ်သည်ဝေဝါးမှေးမှိန်နေဆဲပင်ဖြစ်သည်။ စာသင်ခန်းထဲပြန်ရောက်မည့်အလားအလာမရှိသလောက်ဖြစ်နေသေးသည်။