Skip to content

ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှု နှင့် မြန်မာ့စပါးကျီမြေက လယ်သမားများ၏ ဒုက္ခ (ဆောင်းပါး)

    လင်းအိမ်

    ကမ္ဘာ့အပူချိန်မြင့်တက်လာမှု၏ အကျိုးဆက် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုကြောင့် စိုက်ပျိုးမြေများ ရေငန်ဝင်ရောက်ခြင်းသည် ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိ ဒေသခံလယ်သမားများ၏ ဘ၀ကို ပိုမိုခက်ခဲလာစေကြောင်း ဒေသခံလယ်သမားများ၏ ပြောကြားချက်အရ သိရသည်။

    ဧရာဝတီမြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းဒေသများရှိ လယ်ယာမြေများအတွင်း ပင်လယ်ဆားငန်ရေ ဝင်ရောက်လာခြင်းမှာ တစ်နှစ်ထက် တစ်နှစ် ပိုမိုသိသာလာနေသည်။

    “လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး ရေငန်က စောပြီးဝင်လာတယ်၊ နွေစပါးဆို စိုက်လို့မရတော့ဘူး။ ကျွန်တော်တို့ဘက်မှာက ရေးတားတမံတွေလည်း မရှိဘူး၊ ခါတိုင်းဆို မတ်လကုန်အထိ ရေငန်မရောက်သေးဘူး၊ အခုက ဖေဖော်ဝါရီလောက်ကတည်းက ဝင်လာတယ်” ဟု ငပုတောမြို့အနီးတွင် လယ်လုပ်ကိုင်သူ ဒေသခံ တစ်ဦးက ဆိုသည်။

    ပုသိမ်အောက်ပိုင်းရှိ မြောင်းမြ၊ ငပုတော၊ မော်ကျွန်း၊ ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ စသည့် ဒေသများသည် ရေငန်ရေဝင်ရောက်လာမှုကို ပိုမိုခံစားလာကြရကြောင်း သိရသည်။

    ယခုကဲ့သို့ ရေငန်ဝင်ရောက်လာမှုပြဿနာများအပြင် ရေချိုရရှိမှု ခက်ခဲလာခြင်းကြောင့်လည်း မိုးစပါးကိုသာ အဓိက ထားစိုက်ပျိုးနေရသည်ဟု ဧရာဝတီမြစ်ဝှမ်းအောက်ပိုင်း ကမ်းရိုးတန်းဒေသမှ ဖျာပုံမြို့နယ် အမာမြို့ရှိ ဒေသခံလယ်သမားများက ပြောသည်။

    “ ကျွန်တော်တို့ ဒေသက မိုးစပါးကိုပဲ အဓိကစိုက်ရတယ်၊ နွေဆို လယ်ကွက်တွေကို ဒီအတိုင်းပစ်ထားရတာ၊ တစ်ချို့မလုပ်တော့တဲ့ သူတွေတောင် ရှိလာတယ်၊ စိုက်တာနဲ့ ပြန်ရတာက မကာမိဘူး” ဟု အမာမြို့မှ လယ်အလုပ်လုပ်ကိုင်သူ ဦးဌေးမြင့်က ဆိုသည်။

    ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာပြည်၏ ဆန်စပါး အဓိက စိုက်ပျိုးထွက်ရှိရာ မြန်မာ့စပါကျီဟု တင်စားခေါ်ဝေါ်ရသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကိုသာ အဓိက ထားစိုက်ပျိုးကြသည့် ဒေသတစ်ခုဖြစ်သည်။

    သို့သော်လည်း ရာသီဥတု ပြောင်းလဲမှု၏ အကျိုးဆက်ဖြစ်သည့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှု၊ မုန်တိုင်းမိုပို ဝင်ရောက်လာမှုနှင့် မိုးရွာသွန်းမှု ပုံစံပြောင်းလဲမှုများ၏ ဒဏ်ကိုလည်း အများအပြားခံရသည့်ဒေသဖြစ်သည်။

    ဆန်စပါး အဓိကအားထားစိုက်ပျိုးရာဒေသဖြစ်သည့်အတွက် အထက်ပါ အကျိုးဆက်များသည် ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုကို ဆိုးရွားစွာ ထိခိုက်စေသည့် အကျိုးဆက်များဖြစ်သည်။

    ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရေခဲတောင်၊မြစ်များ အရည်ပျော်လာမှု ပင်လယ်ရေမျက်နှာပြင်ပူနွေးလာမှုကြောင့် ပင်လယ်ရေမျက်နှာပြင်သည် ၂၀၂၀ ပြည့်နှစ်များအတွင်း မြန်မာ့ကမ်းရိုးတန်းတလျှောက် ၅ မှ ၁၃ စင်တီမီတာအကြား ၊ ၂၀၅၀ ပြည့်နှစ်များအတွင်း ၂၀ မှ ၄၁ စင်တီမီတာအကြားနှင့် ၂၀၈၀ ပြည့်နှစ်များအတွင်း ၃၇ မှ ၈၃ စင်တီမီတာ အကြား မြင့်တက်လာနိုင်ပြီး ၁၂၂ စင်တီမီတာအထိ မြင့်တက်နိုင်ဖွယ်ရှိကြောင်း WWF, UN-habitat စသည့်အဖွဲ့များပူးပေါင်းပြီ ထုတ်ပြန်ထားသည့် မူဝါဒရေးဆွဲသူများနှင့် စီမံကိန်းရေးဆွဲသူများအတွက် မြန်မာနိုင်ငံဧ။်ရာသီဥတု ဆိုင်ရာ ဘေးဖြစ်နိုင်မှုအား ဆန်းစစ်ခြင်း အနှစ်ချုပ်တွင်ဖော်ပြထားသည်။

    အထက်ပါ ခန့်မှန်းချက်အရဆိုလျှင် အမြဲတမ်းရေဖုံးလွှမ်းခြင်းမရှိသည့် ကမ်းရိုးတန်းဧရိယာများသည် ရေလျှံမှု ပမာဏနှင့် အကြိမ်ရေ ပိုမိုတိုးလာမည်ဖြစ်ပြီး ရေဖုံးလွှမ်းမှုကို ကုန်တွင်းပိုင်းအထိ ဖြစ်ပေါ်လာမည်ဖြစ်ပြီး သက်ရောက်မှုလည်း ကြီးမားမည်ဟု ဖော်ပြထားသည်။

    ဥပမာ ပင်လယ်ရေမျက်နှာပြင် ၀ ဒဿမ ၅ မီတာ မြင့်တက်လျှင် ဧရာဝတီမြစ်ဝကျွမ်းပေါ်ကဲ့သို့သော ကုန်းနိမ့်ပိုင်းဧရိယာများတွင် ကမ်းရိုးတန်းသည် အတွင်းသို့ ဆယ်ကီလိုမီတာခန့် ဆုတ်သွားမည်ဟု ခန့်မှန်းထားကြသည်။

    ယင်းပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမည့် အန္တရာယ်အပြင် ရာသီဥတု ဖောက်ပြန်လာမှုကြောင့် မိုးမရွာသည့်အတွက် လက်ရှိအချိန်သည် လယ်စိုက်ပျိုးပြီးရမည့် အချိန်ဖြစ်ပြီး စိုက်ပျိုးရေမရှိဘဲ လုပ်ငန်းဆိုင်းငံ့ကာ မိုးကိုသာ မျှော်နေရသည့် အခြေအနေဖြစ်နေသည်။

    “ ဒီနှစ်မှာ ကျွန်တော်တို့ မှန်းထားတဲ့ မိုးရေချိန်အထိ မရသေးဘူး၊ မိုးလယ်မှာ မိုးကလဲ ခေါင်နိုင်တယ်လို့ ကြေညာထားတယ်၊ နောက်ပိုင်းမှာမိုးများရင် မြစ်ရေဖိအားများပြီး ရေငန်တက်တာနောက်ကျမယ်။ ဧရာဝတီအနေနဲ့က မြေအောက်ရေ ထိန်းသိမ်းမှုလုပ်တာ နည်းပါတယ်” ဟု ဧရာဝတီတိုင်း စိုက်ပျိုးရေး ဦးစီးဌာနမှ တိုင်းဦးစီးမှု ဦးစိန်မောင်မြင့်က ဆိုသည်။

    ဧရာဝတီတိုင်းအတွင်း မိုးစပါး ဧက ၃၇သိန်းကျော်၊ နွေစပါး စိုက်ဧကက ၁၃ သိန်းကျော်ရှိပြီး ဆည် ၅၀ရှိကာ ၁၀ ခုကို သောက်သုံးရေအတွက်သုံးပြီး ၄၀ကို စိုက်ပျိုးရေးအတွက် သုံးသည်ဟု ဦးစိန်မောင်မြင့်က ပြောသည်။

    သို့သော် လယ်သမားများမှ လယ်များအတွင်း ရေငန်များ ဝင်ရောက်လာခြင်းကို ကာကွယ်ရန်အတွက် ရေချိုရရှိရန် မိုးရေကိုသာ အားထားနေရဆဲ ဖြစ်သည်။

    ရာသီဥတု ပြောင်းလဲမှုကြောင့် လယ်သမားများ မျှော်လင့်နေသည့် မိုးကလည်း လက်ရှိအချိန်ထိ အချိန်မှီ မပျက်မကွက် ရောက်မလာနိုင်တော့ပေ။

    လယ်ကွက်များ ဆားငန်ရေဝင်ရောက်ခြင်းအပြင် ပိုးကျခြင်းနှင့် ဓါတ်မြေသြဇာ ဈေးနှုန်းများ ကြီးမြင့်လာခြင်း၊ မိုးမမှန်ခြင်းကြောင့် မြန်မာ့ စပါးကျီမြေက လယ်ယာလုပ်ငန်းကို စွန့်လွှတ်သူများ ရှိလာကြသည်။

    “ ကျွန်တော်အရင်က လယ် ၂၅ ဧက လုပ်တာ၊ မလုပ်တော့တာ ၂နှစ်ရှိပြီ၊ အခုဆို အငှားချတာတောင် လုပ်မယ့်သူမရှိဘူး၊ ကျွန်တော့လယ်အနီးက တစ်ခြားသူတွေလဲ မလုပ်တော့ဘဲ ဒီတိုင်းပစ်ထားတာတွေ ရှိတယ်၊ လယ်အလုပ်မလုပ်ပဲ တစ်ခြားအလုပ်ပြောင်းလုပ်နေကြတဲ့သူတွေ ရှိတယ်” ဟု ငပုတောမြို့နယ်မှ လယ်သမားတစ်ဦးက ဆိုသည်။

    ယင်းအပြင် ဧရာဝတီတိုင်းအတွင်းရှိ လယ်သမားများသည် မုတ်သုံရာသီအတွင်း တစ်ဧကလျှင် ပုံမှန်အားဖြင့် စပါးတင်း ၅၀ခန့် ထွက်ရှိနိုင်ပြီး ယခုနှစ်များအတွင်း အထွက်နှုန်း သိသိသာသာ လျော့ကျလာသည်ဟု သိရသည်။

    “ အခုက ရေငန်ဝင်တာနဲ့ ပိုးကျတာနဲ့ ဆိုတော့ စပါးကောင်းကို စိုက်လို့မရတော့ဘူး၊ အထွက်နှုန်းကလည်း တော်တော်သိသိသာသာကို ဆုတ်သွားတယ်” ဟု ငပုတောမြို့က လယ်သမားတစ်ဦးက ပြောသည်။

    စိုက်ပျိုးရေးလုပ်ငန်းများ ကောင်းမွန်လာစေရန်နှင့် သီးနှံများပိုမို ထုတ်လုပ်လာနိုင်ရန် ရာသီဥတုကို မမှီခိုဘဲ စိုက်ပျိုးမှုပုံစံကို စနစ်တကျ ပြောင်းလဲ ကြပ်မတ်မှုမျိုးနှင့် လိုအပ်သည့် ပံ့ပိုးမှုလုပ်ခြင်းမျိုးကို ပိုလုပ်ပေးသင့်ကြောင်း မိုးလေဝသပညာကို ၁၀နှစ်ကျော်လေ့လာနေသည့် ဦးဝင်နိုင်က ဆိုသည်။

    ” ရာသီဥတုပြောင်းလဲတာကတော့ ဖြစ်နေတာ ဆယ်စုနှစ် တစ်နှစ်စာ မကတော့ပါဘူး၊ ပိုပြီး ပူလာတယ်၊ အရင်က မတိုက်ခဲ့ဖူတဲ့နေရာတွေမှာ လေပြင်းတိုက်တာတွေ၊ မိုးများတာတွေလဲ ဖြစ်လာတယ်ပေါ့။ ဒီနှစ်ဆိုရင် လာနီညာကလဲ ဖြစ်တော့ ကျနော်တို့ဆီမှာ မုတ်သုံအဝင်စောတယ်၊ မိုးစောတယ်၊ ပြီးတော့ အပူချိန်တွေ ပြန်ပြီး မြင့်တက်လာတယ်၊ သမားရိုးကျ မိုးလေဝသကို ခန့်မှန်းပြီးစိုက်ပျိုးရေးလုပ်တာတွေမှာ အခက်အခဲတွေ ဖြစ်လာတယ်” ဟု ဦးဝင်းနိုင်က ပြောသည်။

    “ရာသီဥတုက ဖောက်ပြန်ပြောင်းလဲနေတယ်၊ ဖောက်ပြန်ပြောင်းလဲနေတဲ့ ရာသီဉတုကို ကြံ့ကြံခိုင်စိုက်ပျိုးနိုင်ဖို့ နည်းတွေလိုလာတယ်၊ အခုဆိုရင် ဓာတ်မြေသြဇာတွေ သုံးတာများတယ်၊ ပိုးသတ်ဆေးတွေသုံးတာတွေ များတော့ စိုက်ပျိုးမြေတွေက ပျက်စီးလာပြီး၊ အဲ့တာတွေကို မသုံးဘဲ အထွက်ကောင်းအောင် လုပ်လို့ရတယ်၊ အဲ့လိုလုပ်ရင် အခုဖောက်ပြန်နေတဲ့ ရာသီဥတုပြောင်းလဲတာကိုလည်း ခံနိုင်တယ်၊ နောက်တစ်ခုကတော့ ဆားငန်ရေဝင်တာကို ခံနိုင်တဲ့ စပါးမျိုးတွေ စိုက်ရမှာပေါ့၊ ဧရာဝတီတိုင်းကတော့ အခုဆို မိုးကရွာချင်သလိုရွာနေတာ” ဟု ရေရှည်တည်တံ့သည့် စိုက်ပျိုးရေးလုပ်ငန်းနှင့်ပတ်သက်ပြီး အသိပညာပေးနေသည့် စိုက်ပျိုးရေး ပညာရှင် ဦးသိန်းဆုကလည်း ပြောသည်။

    လယ်ယာမြေများ ဆားငန်ရေ မဝင်ရောက်နိုင်ရန် တစ်ပိုင်တစ်နိုင်အနေဖြင့် တာပတ်ခြင်းများကိုလည်း ပြုလုပ်နိုင်သည်ဟု ၎င်းက အကြံပြုသည်။

    ရာသီဥတုပြောင်းလဲလာသည့် ဖြစ်စဉ်အတွက် စိုက်ပျိုးရေးကဏ္ဍမှာ ထိခိုက်မှုနည်းရန်အတွက် ပိုမိုကောင်းမွန်သည့် ရေအသုံးချမှုစနစ်၊ မြေဆီလွှာဆုံးရှုံးနိုင်ခြေ လျှော့ချရေးအတွက် စီမံခန့်ခွဲမှုကောင်းများ လိုအပ်ပြီး လွန်ကဲသည့် မိုးခေါင်မှုနှင့် ရေလွှမ်းမိုးမှုမျာအတွက် ခံနိုင်ရည်ရှိသည့် အပင်မျိုးစိတ်စိုက်ပျိုးခြင်း လုပ်ဆောင်သင့်ကြောင်း အထက်ပါ မြန်မာနိုင်ငံ၏ရာသီဥတု ဆိုင်ရာ ဘေးဖြစ်နိုင်မှုအား ဆန်းစစ်ခြင်း အနှစ်ချုပ်တွင်ဖော်ပြထားသည်။

    သို့သော် အဆိုပါ နည်းပညာများ၊ နည်းလမ်းများ၊ အသိပညာများသည် ဒေသခံလယ်သမားများဆီ ရောက်ရှိရန် ခက်ခဲနေဆဲ ဖြစ်ပြီး အချို့မှာ နည်းလမ်းမသိသူများလည်း ရှိသည်။

    ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ ရာသီဥတုဖောက်ပြန်မှုသည် တဖြည်းဖြည်း ဆိုးရွားလာနေပြီး လယ်ယာမြေကဲ့သို့သော ထိခိုက်နိုင်မည့် ကဏ္ဍလည်း အများကြီးရှိသည်။

    သို့သော် အဆိုပါ ထိခိုက်မှုအတွက် မည်သို့ မည်ပုံ ပြင်ဆင်ရမည်ကို မြန်မာ့စပါးကျီ ဒေသက လယ်သမားများကတော့ အဆင်သင့်ဖြစ်မနေကြသေးပေ။