ဆိုင်းလီ
စက်တင်ဘာ ၁၅၊ ၂၀၂၂

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံ မှာ လူသတ်မှုတွေဟာ နေ့စဥ်နဲ့အမျှ နိုင်ငံအနှံ့မှာ ဖြစ်ပွား နေပါတယ်။ စစ်တပ်က ပြည်သူတွေကို သတ်ဖြတ်ပြီး နေအိမ် မီးရှို့တာတွေ လုပ် ဆောင်နေသလို စစ်တပ် သတင်းပေး ဒလန် ဆိုသူတွေလည်း မကြာခဏဆိုသလို ရှင်းလင်းခံနေရပါတယ်။
နိုင်ငံအနှံ့မှာ နေ့စဥ် စစ်တပ်သတင်းပေး သုံးဦးခန့် ရှင်းလင်းခံနေရတာကို ပြည်တွင်းမီဒီယာတွေမှာ နေ့စဉ် တွေ့မြင်နေရပါတယ်။ ဒါပေမယ့် အဲဒီလို ဒလန် ရှင်းလင်းရာမှာ လူမှားတာတွေ ရှိလာသလို လုပ်ဆောင်တဲ့ အဖွဲ့အစည်းကိုလည်း မသိရတဲ့ အခြေအနေတွေ ရှိလာတယ်လို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင် ထူးအောင်က သံလွင်ခက်ကို ပြောပါတယ်။
“စစ်ရေးပစ်မှတ် သတ်မှတ်တာနဲ့ ပတ်သက်ပြီးတော့ပေါ့နော်။ စစ်ရေးအရ အရေးယူဖို့ လိုအပ်တဲ့ သတ်မှတ်ချက်နဲ့ ပြည့်စုံတဲ့ လူတွေကိုပဲ တိုက်ခိုက်ဖို့ဆိုပြီး ကျွန်တော်တို့ ညွှန်ကြားခဲ့တာတွေ ရှိပါတယ်။ အခုဆိုရင် ဒီ ဒလန်ရှင်းတယ် ဆိုပြီးတော့ တိုက်ခိုက်တဲ့ နေရာမှာ မှားယွင်းတယ်ဆိုတဲ့ ကိစ္စရပ်တွေ ကြားလာရပါတယ်။
ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ အသေးစိတ် လေ့လာမှုတွေ လုပ်သွားပါမယ်” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက် နံနက် ၉ နာရီခန့်က မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့နယ် လမ်း ၃၀ လမ်းမကြီးပေါ် ၅၇ လမ်းအနီး ဆိုင်ကယ်စီးလာတဲ့ ဇနီးမောင်နှံ နှစ်ဦး သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။ အဲဒီ ဇနီးမောင်နှံဟာ စစ်ကောင်စီရဲ့ မှုခင်းရဲမှူး (CID) ဦးစိုးကိုကို အထင်နဲ့ မန္တလေး မြို့ပြပြောက်ကျား တပ်ဖွဲ့တစ်ဖွဲ့ရဲ့ ပစ်ခတ်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။
သေဆုံးသွားတဲ့ ဇနီးမောင်နှံက သာမန် အရပ်သားတွေ ဖြစ်ကြပြီး သူတို့ကို မှားယွင်း ပစ်ခတ်ခဲ့တာက Tiger Force Mandalay အဖွဲ့လို့ လူမှုကွန်ရက်မှာ ဩဂုတ်လ ၂၄ ရက်က ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲဒီထုတ်ပြန်ချက်ဟာ Tiger Force Mandalay အဖွဲ့နာမည်နဲ့ ထွက်ပေါ်လာတာဖြစ်ပေမယ့် ဘယ်ကနေ စတင် ပျံ့နှံ့လာတာလဲဆိုတာ အတည်မပြုနိုင်သေးပါဘူး။
အဲဒီ ထုတ်ပြန်ချက်မှာတော့ CID ရဲမှူးစိုးကိုကိုဟာ လျို့ဝှက်တာဝန်ထမ်းဆောင်နေပြီး ဆိုင်ကယ်နံပါတ်၊ လူပုံစံတွေကို တပ်တွင်း သတင်းပေးက အတိအကျ သတင်းပေးလာလို့ ပစ်ခတ်ခဲ့တာပါလို့ ဖော်ပြထားပါတယ်။
Tiger Force Mandalay အဖွဲ့ဟာ စစ်အာဏာရှင်ကို လက်မခံနိုင်တဲ့အတွက် တစ်သီးပုဂ္ဂလ တည်ထောင်ထားတဲ့ အဖွဲ့ဖြစ်ပြီး အဖွဲ့တာဝန်ခံ ဗိုလ်လရောင်က အရပ်သားတွေကို ပစ်ခတ် သတ်ဖြတ်ခဲ့မိတဲ့အတွက် တာဝန်ရှိတယ်လို့ ခံယူတာကြောင့် တစ်ချိန်မှာ ပြစ်ဒဏ်ခံယူသွားမယ် လို့လည်း ဆိုပါတယ်။
အဲဒီဖြစ်စဉ် ဖြစ်ပြီး သုံးပတ်ခန့် အကြာမှာတော့ Tiger Force Mandalay အဖွဲ့ရဲ့ ပေ့ခ်ျဟာ လူမှုကွန်ရက် စာမျက်နှာကနေ လုံးဝ ပျောက်ကွယ်နေပါတယ်။ ဒါ့အပြင် အဲဒီအဖွဲ့က ရှင်းလင်းမယ်လို့ ပြောတဲ့ CID ရဲမှူးဟာ တကယ်ရှိ၊ မရှိ မန္တလေးမှာ ရှိတဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်တပ်နဲ့ နီးစပ်သူတချို့ကို မေးမြန်းခဲ့ပေမယ့် ယနေ့အထိ အတည်ပြု မရသေးပါဘူး။
အခုလိုမျိုး ဒလန်အဖြစ် လူမှား ရှင်းလင်းတာတွေကို စာရင်း ပြုစုပြီး အရေးယူမှုတွေ ဆောင်ရွက်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးနိုင်ထူးအောင်က သံလွင်ခက်ကို ပြောပါတယ်။
“သိရက်နဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာလား။ ဒါမှမဟုတ် ရည်ရွယ်ချက်တော့ မရှိဘူး။ ပေါ့ဆမှုကြောင့် ဖြစ်တာလား။ မတော်တဆ ဖြစ်တာလားဆိုတာ လေ့လာ သုံးသပ်ပါမယ်။ သုံးသပ်ပြီးတဲ့အခါ ထုတ်ပြန်ထားတဲ့ ဥပဒေ စည်းမျဥ်းစည်းကမ်းတွေနဲ့ လိုအပ်သလို အရေးယူသွားပါမယ်” လို့ သူက ပြောပါတယ်။
အဲဒီအတွက် လိုအပ်တဲ့ ဥပဒေတွေကို သေချာ ရေးဆွဲနေပြီး စစ်ရေးအရ အရေးယူမှုတွေ ဆောင်ရွက်ရာမှာ အမှားမရှိဖို့ လမ်းညွှန်ချက်တွေ ထုတ်ပေးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ NUG ဟာ မန္တလေးမြို့က ဖြစ်စဉ်အတွက် စုံစမ်းဆဲ အနေအထားမှာပဲ ရှိနေပါသေးတယ်။ NUG အနေနဲ့ အခုလို ဖြစ်စဉ်တွေကို မှတ်တမ်း တင်ထားပြီး အရေးယူဖို့ ရှိတယ် ပြောပေမယ့် တိကျတဲ့ ကိန်းဂဏန်း တစ်ခုကိုတော့ မပေးပါဘူး။
၅၇ လမ်း ဖြစ်စဥ်ကို လုပ်ဆောင်ခဲ့တဲ့ အဖွဲ့ဟာ တကယ် ရှိ၊ မရှိနဲ့ အဲဒီ အဖွဲ့နဲ့ စစ်ဆင်ရေး ပူးတွဲ လုပ်ဆောင်တာမျိုး ရှိခဲ့လား ဆိုတာကို မန္တလေး ပြည်သူ့ကာကွယ်ရေး တပ်မတော်၊Anonymous Force Mandalay နဲ့ မန္တလေးမြို့က သပိတ်ဦးဆောင်သူ တချို့ကို မေးမြန်းခဲ့ပေမယ့် မသိဘူးလို့ ပြောဆိုကြပါတယ်။
မန္တလေးမြို့မှာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ များစွာ ရှိနေသလို ဖမ်းဆီးခံထားရတဲ့ အဖွဲ့ဝင်တွေကလည်း အများကြီး ရှိနေပါတယ်။စစ်ကောင်စီဘက်ကလည်း အယောင်ဆောင်အဖွဲ့တွေနဲ့ ဝင်ရောပြီး ထောက်လှမ်း ဖမ်းဆီးတာတွေ ရှိလာတဲ့အတွက် စစ်ဆင်ရေး လုပ်ဆောင်ရာမှာ သတိထားလာရတယ်လို့ UG အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။
“သူတို့ဘက်ကတော့ ဗျူဟာ ကောင်းလာတယ် ပြောရမလား။ စစ်ကောင်စီဘက်ကနေ UG တွေကို ဝင်ရောလို့ ရအောင် အဖွဲ့တစ်ခု ထောင်ပြီး မထိရောက်တဲ့ Mission တွေ လုပ်ပြတာဗျ။ နောက်ပြီး သူတို့ဘက်ကတော့ AI ကင်မရာတွေပါ တပ်ပြီး စောင့်ကြည့်နေတာ။ ကိုယ်တွေ တစ်ချက် မှားတာနဲ့ ပါမှာပဲ” လို့ Anonymous Force Mandalay အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
မန္တလေးမြို့မှာ ပြီးခဲ့တဲ့ ဩဂုတ်လ တစ်လတည်း ဖမ်းဆီးခံထားရတဲ့ မြို့ပြ UG တပ်ဖွဲ့ဝင်ဦးရေဟာ ၁၀၀ နဲ့ အထက် ရှိနေတယ်လို့ မန္တလေးအခြေစိုက်သတင်းဌာနတွေက ဖော်ပြပါတယ်။
ဒါ့အပြင် မန္တလေးတိုင်း၊ အထူးပြောက်ကျားတပ်ဖွဲ့ (MSTF) သိန်းငှက်တပ်ခွဲရဲ့ အရေးကြီး တပ်ဖွဲ့ဝင် တချို့ကို ဩဂုတ်လ ၁၀ ရက်မှာ စစ်ကောင်စီက ဖမ်းဆီးသွားတဲ့အကြောင်းကိုလည်း အဲဒီ အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
“ဒီက UG အဖွဲ့တွေက လက်နက်အတွက်နဲ့ ရှိတဲ့ အဖွဲ့ချင်း အကူအညီ တောင်းရတယ်။ အဲဒါကနေ Mission (တာဝန်) တူတူ ဆင်းရင်း ရဲဘော် ချင်းခင်သွားတဲ့အခါ စောင့်ရမယ့် အတွင်းစည်း တွေ မချန်ဘဲ ညီကိုလို ပေါင်းကြတယ်ဗျ။ ကိုယ့်နေရာကို အသိပေးတာမျိုးပေါ့။ ဒီလိုမျိုး အနေအထားကနေတဆင့် တစ်ယောက်မိသွားချိန်မှာ စစ်ကြောရေးဒဏ် မခံနိုင်တော့ အကုန်ဖော်ရတဲ့ အချိန် မိတဲ့ သူရဲ့ အဖွဲ့တင် မကဘူး။ အကုန် ဆက်စပ်ပြီး ပါသွားကြတာပေါ့” လို့ မန္တလေးမှာ မြို့ပြပြောက်ကျား အဖွဲ့တွေ အဖမ်းခံရပုံကို မန္တလေးမြေအောက်တော်လှန်ရေးသမား တစ်ဦးက ပြောပြပါတယ်။
မန္တလေးမြို့က စစ်ကောင်စီတပ်တွေဟာ အထက်ပါဖြစ်စဉ်တွေရဲ့ လမ်းကြောင်းကိုသိနေပြီး အယောင်ဆောင်အဖွဲ့တွေ ရှိနေတာကြောင့် ၅၇ လမ်းဖြစ်စဉ်နဲ့ပတ်သက်ပြီး မှတ်ချက် မပေးလိုဘူးလို့ မန္တလေး မြေအောက် တော်လှန်ရေး အဖွဲ့တစ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
“မန္တလေးမှာ လျှို့ဝှက်ပြီး လုပ်နေတဲ့ အဖွဲ့တွေ အများကြီး ရှိတာမို့ ကျွန်တော်တို့ ရမ်းပြီးတော့ မှတ်ချက် မပေးရဲဘူးဗျ။ တကယ်ပဲ UG (မြေအောက်တော်လှန်ရေးလုပ်သူများ) ဆိုရင်တောင် သူတို့ အပြစ်လည်း ပါတာပေါ့။ ရင်းမြစ်ကို မစစ်လို့လေ။ CID ရဲမှူး ရှင်းရမယ် ဆိုတဲ့ လောဘတက်တာလည်း ပါတာပေါ့ဗျာ” လို့ ဆိုပါတယ်။
မြို့ပြမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးအဖွဲ့တွေ များစွာ ရှိနေပေမယ့် အားလုံးက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လက်အောက်မှာ ရှိမနေပါဘူး။ ကလေးမြို့က ဒလန် ရှင်းလင်းရေးအမည်ခံ အဖွဲ့တစ်ဖွဲ့ဟာ ၂၀၂၁ ခုနှစ် မေလကစပြီး ဒလန်ရှင်းလင်းရေးတွေ လုပ်ဆောင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပြည်သူတွေကို နိုင်ထက်စီးနင်း လုပ်တာ၊ ငွေတောင်းခံတာအပြင် ပြည်သူတွေကို သတ်ဖြတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ကလေး PDF က ထုတ်ပြန်ခဲ့ပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်း ကျေးရွာအုပ်စု ငါးခုမှာ ရှိတဲ့ ပြည်သူတွေဆီကနေ အဓမ္မ ငွေကောက်တာ၊ ပစ္စည်းတွေကို လုယူတာ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာအပြင် လူထုအပေါ်ဗိုလ်ကျနေတဲ့ ရှိုင်းသာအောင် ဦးဆောင်တဲ့ ဒလန်ရှင်းလင်းရေး အမည်ခံ အဖွဲ့ စခန်းကို ကလေး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၂၆ ရက်မှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့လည်း ကလေး PDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ နှစ်မှာပဲ မန္တလေး မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် တစ်ယောက်ကို ဒလန် အထင်နဲ့ အခြား PDF တစ်ဖွဲ့က မှားယွင်း ရှင်းလင်းတာမျိုးလည်း ရှိခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်စဉ်နဲ့ လုပ်ဆောင်တဲ့ အဖွဲ့အစည်း အမည်တွေကို မေးမြန်းခဲ့ပေမယ့် မိသားစုဝင်တွေက ဖြေဖို့ ငြင်းဆိုကြောင်း မိသားစုနဲ့ နီးစပ်သူ တစ်ဦးထံက သိရပါတယ်။
“မှားရှင်းတာကို ဘယ်သူမှ မပြောရဲကြတာဗျ။ နောက်ပြီး ရှင်းခံထားရတော့ မိသားစုပါ ထပ်ခံရမှာ ကြောက်ကြတော့ မိသားစုက မပြောရဲဘူးဗျ။ နေရာတွေတော့ မပြောတော့ပါဘူးဗျ။ ကျွန်တော်နဲ့လည်း အဲဒီအဖွဲ့နဲ့က အခုထိ အဲဒီပြဿနာနဲ့ စကား မပြောကြဘူး” လို့ အသတ်ခံရသူနဲ့ နီးစပ်တဲ့ မန္တလေး UG အဖွဲ့ဝင်က ပြောပါတယ်။
NUG အနေနဲ့ အခုလို ဖြစ်စဥ်တွေကို အရေးယူမယ်လို့ ပြောဆိုနေပေမယ့် ဘယ်သူတွေ လုပ်တာလဲ ဆိုတာကိုတောင် မသိရသေးတဲ့ အခြေအနေမှာပါ။ တာဝန်ယူမှု တာဝန်ခံမှုတွေဟာ တိုင်းပြည် ပျက်နေတဲ့ အချိန်မှာ ထုတ်ပြန်ချက်လေး တစ်စောင်နဲ့ ပြီးသွားတဲ့ အနေအထား ဖြစ်နေတယ်လို့ တော်လှန်ရေး စောင့်ကြည်သူ တချို့က ဝေဖန်ပါတယ်။
လက်ရှိမှာ အဲဒီလို ဖြစ်စဉ်ဟာ ရန်ကုန်မြို့မှာတော့ မရှိသေးသလို ပြည်သူတွေကို စစ်ကောင်စီနဲ့ ဝေးဝေးနေဖို့ ရန်ကုန်တိုင်း တပ်မဟာအဖွဲ့ တာဝန်ရှိသူ ရိန်းဘိုးက ပြောပါတယ်။
“မြို့ပြတွေမှာ ရန်သူက ပြည်သူကို အကာကွယ် ယူထားပြီး လှုပ်ရှားနေတယ် ဆိုတာ ပြည်သူတွေအနေနဲ့ သိစေချင်ပါတယ်။ ရန်ကုန်တိုင်းမှာတော့ အခုထိ အဲဒီလို အဖြစ်မျိုး မကြားဖူးသေးပါဘူး။ ဒါကြောင့် ရန်ကုန်တိုင်းက ပြည်သူတွေကို တောင်းဆိုချင်ပါတယ်။ ရန်သူနဲ့ တတ်နိုင်သမျှ ဝေးဝေးနေကြခြင်းဖြင့် တော်လှန်ရေးကို ကူညီကြပါလို့ မေတ္တာရပ်ခံပါရစေ” လို့ တောင်းဆိုထားပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှု ကျုးလွန်ထားသူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တချို့ကို လက်နက်တွေ ဖြုတ်သိမ်းနိုင်ဖို့ ဆောင်ရွက်နေပြီး အမြန်ဆုံး ရုံးတင်စစ်ဆေးနိုင်ဖို့ အကျဉ်းစစ်တရားရုံးကို အမြန်ဆုံး ဖွဲ့စည်းသွားမယ်လို့ NUG က စက်တင် ဘာလ ၁၂ ရက်မှာ ထုတ်ပြန်လာခဲ့ပါတယ်။
လက်လုပ်ကျေးရွာနဲ့ ပြောင်းပြကျေးရွာကြားမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလက သပြေအေးဆရာတော် (ခ) ဗိုလ်သံမဏိခေါင်းဆောင်တဲ့ အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ တိုက်ကောင်း(ခ) ဗိုလ်ဘုန်းထက်ရဲ့ အဖွဲ့ဟာ CDM မပြုလုပ်ထားတဲ့ မီးသတ်ရဲဘော်တစ်ဦးအပါအဝင် စုစုပေါင်း လေးဦးကို ဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့ ကပိုင်ရွာကို အာမခံလာပေးတဲ့ Hero Tiger အဖွဲ့က ဗိုလ်ထိုက်မောင်နှင့် ရဲဘော် ငါးဦးကိုလည်း ဗိုလ်သံမဏိအဖွဲ့က ဖမ်းဆီးခဲ့ပြီး အားလုံးကို သတ်ဖြတ်ခဲ့တာပါ။
အဲဒီဖြစ်စဉ်မှာ စုစုပေါင်း လူ ၁၀ ဦးကို မှားယွင်းစွပ်စွဲသတ်ဖြတ်ခဲ့တယ်လို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် အရင်ရန်ငြိုးရန်စနဲ့ အခြေတင်ဖြစ်ခဲ့ဖူးတာကြောင့် သတ်ဖြတ်ခဲ့တာလို့ NUG က ဆိုထားပါတယ်။
တိုက်ကောင်းကို စစ်ဆေးဖို့ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလတို့အတွင်း ဆင့်ခေါ်စာ သုံးကြိမ်နဲ့ NUG က ဆင့်ခေါ်ခဲ့ပေမယ့် လာရောက် ဖြေဆိုခြင်း မရှိခဲ့ဘူးလို့ NUG ထုန်ပြန်ချက်အရ သိရပါတယ်။ အခုဖြစ်စဉ်မှာ NUG အနေနဲ့ တရားခံနဲ့ ဖြစ်စဉ်တွေကို သိနေရပြီဆိုပေမယ့် လက်ရှိအချိန်အထိ အရေးယူဖို့ ခက်ခဲနေပါသေးတယ်။
ပြီးခဲ့တဲ့လက မန္တလေးမြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုဟာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလို့ ပြောဆိုနေကြပြီး ဘယ်သူဘယ်ဝါတွေဆိုတာ မသိသေးတဲ့အတွက် NUG အနေနဲ့လည်း အရေးမယူနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။
မြန်မာပြည်မှာ မန္တလေး ဖြစ်စဥ်လို မှားယွင်းပြီး ဒလန် ရှင်းလင်းအဖြစ် ရှင်းလင်းခံရပေမယ့် လူမသိဘဲ ပြီးဆုံး သွားတာတွေ ရှိနေပါတယ်။ တော်လှန်ရေးကာလတွေမှာ အပြစ် မရှိဘဲ ကြားညပ်ပြီး သေဆုံးသွားတဲ့အတွက် ဒီမန္တလေး ဖြစ်စဉ်က နောက်ထပ် တူညီတဲ့ အမှားမျိုး မဖြစ်ဖို့ အချက်ပေး ခေါင်းလောင်း ထိုးလိုက်သလို ဖြစ်လာပါတယ်။