Maung Gyi/Aw Ba/Mizzima

(MCIJ) စာဖတ်သူ ယခုဆောင်းပါးကို ဖတ်နေချိန်မှာ ဒီဆောင်းပါးစတင်အခြေပြုရာအနိဋ္ဌာရုံ ရုပ်သံမြင်ကွင်းတစ်ခုဟာ သတင်းမီဒီယာနဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်ကတစ်ဆင့် ကမ္ဘာပတ်ကောင်း ပတ်နေနိုင်ပါတယ်။
လူတွေ ဖြတ်သန်းသွားလာနေတဲ့ လမ်းမကြီးအလယ်မှာ ပြည်သူ့ကာကွယ်ရေးယူနီဖောင်းဝတ်ထားသူတွေက အမျိုးသမီးတစ်ဦးကို ရိုက်နှက်ပြီး သေနတ်နဲ့ ပစ်သတ်လိုက်တဲ့ ဗီဒီယိုဖိုင်ကို စာဖတ်သူလည်း ကြည့်ပြီးကောင်းကြည့်ပြီး ဖြစ်နေမှာပါ။ ဒီသတင်းဆောင်းပါးမှာ အဲ့ဒီ အနိဋ္ဌာရုံ ရုပ်သံမြင်ကွင်းနောက်ကွယ်က အကြောင်းအရာတွေကို ဖော်ပြပေးသွားမှာပါ။
– ဒီဇင်ဘာလ ၃ ရက်၊ ညနေ ၃ မိနစ် ၃၂စက္ကန့်
စစ်အာဏာရှင်လက်အောက်မှာ နိုင်ငံအနှံ့ နေ့ရက်တိုင်း သတင်းဆိုးတွေ ကြီးစိုးနေခဲ့တာပါ။ နိုင်ငံတော်ဟာ လှုပ်လီလှုပ်လဲ့နဲ့ အားအင်ချိနဲ့နေခဲ့တာ မကြာခင်ဆို နှစ်နှစ်ပြည့်ပါတော့မယ်။ ဒီဇင်ဘာလ ၃ ရက်နေ့တုန်းကလည်း ထုံးစံအတိုင်း စစ်ကောင်စီရဲ့ စစ်ကြောင်းတွေက ပြည်သူလူထုဆီ သတင်းဆိုးတွေ ယူလာပြန်ပါတယ်။
အဲ့ဒီနေ့ မနက်ပိုင်းမှာဆိုရင် စစ်ကောင်စီတပ်က ထီးချိုင့်မြို့၊ သခွပ်ချောင်ရွာနဲ့ ဒီပဲယင်းမြို့ ၊ညောင်လကျေးရွာကို မီးတင်ရှို့လို့ စစ်ကိုင်းတိုင်းရဲ့ကောင်းကင်ယံမှာ မီးခိုးတွေ အူနေခဲ့ပါတယ်။ သခွပ်ချောင်ရွာမှာဆို တိုက်အိမ်တွေအပါအဝင် နေအိမ် ၄၀၀ ကျော် မီးလောင်ကျွမ်းခဲ့ရပါတယ်။ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့ကိုလည်း စစ်ကောင်စီလေယာဥ်တွေက တရစပ်ပစ်ခတ်နေခဲ့လို့ ဒေသခံတွေ အသက်လုပြေးနေရပြန်ပါတယ်။ ဒီသတင်းတွေနဲ့အတူ နောက်ထပ်သတင်းဆိုးတစ်ခုက ဒီဇင်ဘာလ ၃ ရက်ညနေမှောင်ရီတရောမှာ ပြည်သူလူထုဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပါတယ်။
ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကို စစ်ကောင်စီလော်ဘီအချို့ကတစ်ဆင့် စဖြန့်လိုက်တဲ့ ၃ မိနစ် ၃၂ စက္ကန့်စာ ဗီဒီယိုဖိုင်ဟာ စစ်အာဏာရှင်တော်လှန်ရေးအနာဂတ်လားရာအတွက် လူထုကို အံ့သြမင်သေ့စေမှုနဲ့အတူ စိုးရိမ်မကင်းဖြစ်စေခဲ့ပါတယ်။
အထက်ပါဗီဒီယိုဖိုင်မှာဆိုရင် ပြောက်ကျားဝတ်စုံဝတ် အမျိုးသားနဲ့အမျိုးသမီးတစ်စုဟာ လက်ထိပ်ခတ်ခံထားရတဲ့ မိန်းမငယ်တစ်ယောက်ကို ရိုက်နှက်ထိုးကြိတ်နေခဲ့ကြပါတယ်။ ပျူစောထီးဖြစ်ကြောင်း ဝန်ခံခိုင်းသလို ဒလန်လို့လည်း အော်ခိုင်းနေတာ မြင်တွေ့ရပါတယ်။ ပိုက်ဆံသိပ်မက်သလားလို့လည်း ဒေါသတကြီး မေးနေကြပါတယ်။ ဆံပင်တွေဖွာလန်ကြဲအောင် ရိုက်နှက်ခံထားရတဲ့ အဲ့ဒီအမျိုးသမီးဟာ ရုပ်သံရဲ့နောက်ဆုံးပိုင်းမှာတော့ ကတ္တရာလမ်းမပေါ်မှာ မျက်စိကို စည်းနှောင်ခံထားရပြီး ဒူးထောက်လျက်အနေအထားနဲ့ ရှိနေချိန် သေနတ်နဲ့ ပစ်သတ်လိုက်တာကို မြင်တွေ့ရပါတယ်။ ဒီအမျိုးသမီးကို ဝိုင်းဝန်း ရိုက်နှက်ပြီး သေနတ်နဲ့ပစ်သတ်လိုက်သူတွေဟာ တမူးမြို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၄)မှ တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက အတည်ပြုချက်ပေးပါတယ်။
– ဒီဖြစ်ရပ်မတိုင်ခင် တမူးမှာ ဘာတွေဖြစ်ခဲ့သလဲ
အမျိုးသမီးတစ်ဦးကို ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့က လူမြင်ကွင်းမှာ သုတ်သင်ရှင်းလင်းလိုက်တဲ့ ရုပ်သံမြင်ကွင်းနောက်ကွယ်မှာ လူငယ်ရဲဘော်တွေ အလွန်နာကျည်းခဲ့ရတဲ့ ဖြစ်ရပ်ဆိုးကြီးတစ်ခုရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသတွင်း တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အရာရှိအချို့က ပြောပါတယ်။
သုတ်သင်ရှင်းလင်းခံရသူဟာ တမူးမြို့စော်ဘွား(၁၂)ရပ်ကွက် မှာနေတဲ့ အသက်(၂၄)နှစ်အရွယ် မအေးမာထွန်းဆိုသူဖြစ်ပါတယ်။ မအေးမာထွန်းဟာ စစ်ကောင်စီသတင်းပေးတစ်ဦးဖြစ်ပြီး တမူးမြို့မှာ နာမည်အကြီးဆုံး ပျူစောထီးခေါင်းဆောင်ချမ်းမြေ့ရဲ့ တူမအရင်းဖြစ်တယ်လို့ တမူးမြို့ခံတွေကပြောပါတယ်။ ဗီဒီယိုဖိုင်ဟာ အခုလတ်တလောဖြစ်ရပ်ကို ရိုက်ကူးထားတာမဟုတ်ပါဘူး။၂၀၂၂ ဇွန်လက ရိုက်ကူးထားတာလို့ အတွင်းသ်ိ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက အခိုင်အမာပြောပါတယ်။
မအေးမာထွန်းနဲ့ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေကြားမှာ ပြင်ပလူတွေ မသိကြတဲ့ ပြဿနာအကြီးကြီးတစ်ခု ၂၀၂၂ မေလထဲမှာ ရှိခဲ့ပါတယ်။
တမူးပြည်သူ့ကာကွယ်ရေးတပ်မတော်ထဲက တပ်ရင်းတစ်ခုရဲ့ အရာရှိတစ်ယောက်က ” ရဲဘော် ဟိန်းဝဏ္ဏအောင် လက်နက်ဝယ်ဖို့ သိန်း ၈၀ ကျပ်ကျော်နဲ့ တမူးမြို့ထဲသွားတုန်းက ပွဲစားလိုလုပ်ပြီး လူရော ငွေပါ စစ်ခွေး ပျူခွေးထံအပ်ပြီး ရက်ရက်စက်စက် သတ်သွားတုန်းက အဓိကပါဝင်သူမို့ ဒီလိုလုပ်ခံရတာပါ” လို့ ပြောပါတယ်။
အသက် ၁၇ နှစ်သာရှိသေးတဲ့ ဟိန်းဝဏ္ဏအောင်ဟာ တပ်ဖွဲ့ထဲမှာ လူချစ်လူခင်ပေါပြီး အလွန်လိမ္မာတဲ့ကလေးမို့ အားလုံးက ဝိုင်းချစ်နေကြတဲ့ PDF ရဲဘော်တစ်ဦးဖြစ်ပါတယ်။ မအေးမာထွန်းက တစ်ဖက်လက်နဲ့ လှည့်ဖြားပြီး စစ်ကောင်စီလက်ထဲ အပ်တာခံလိုက်ရတဲ့ ဟိန်းဝဏ္ဏအောင်ကို စစ်ကောင်စီက ရက်ရက်စက်စက်သတ်ပစ်ခဲ့ပြီး ဒီဖြစ်ရပ်ဟာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကို နာကျည်းစေခဲ့ပါတယ်။
တမူးမြို့ခံတစ်ဦးကလည်း ” သူ(အေးမာထွန်း) သတင်းပေးလို့ ရဲဘော်တစ်ယောက်(ဟိန်းဝဏ္ဏအောင်)ကို စစ်ကောင်စီက ဖမ်းသွားတာ၊ သတ်တော့လည်း နားရွက်တွေကို လှီးဖြတ်သတ်ပြီး အလောင်းကို ပစ်သွားတာ။ ဒါတွေ တကယ်ဖြစ်ခဲ့ပါတယ်” လို့ ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက “သူတို့ သူငယ်ချင်းရဲဘော်တစ်ယောက် ရက်ရက်စက်စက်သတ်သွားတာဆိုတော့ မထိန်းနိုင်ကြတော့ဘူးလေ။ အသတ်ခံရတဲ့ ရဲဘော်လေးက ငယ်ငယ်လေးရှိသေး၊ လူလိမ္မာလေးမို့ အသုဘချတဲ့နေ့က တအားငိုကြတာ”လို့ ပြောပါတယ်။

– ရုပ်သံဖိုင် စစ်ကောင်စီလက်ထဲ ဘယ်လိုရောက်သွားတာလဲ
အိန္ဒိယနိုင်ငံနဲ့ နယ်စပ်ဖြစ်တဲ့ တမူးမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ၊ အောက်တိုဘာနဲ့ နိုဝင်ဘာလထဲမှာ ပြင်းထန်တဲ့တိုက်ပွဲတွေ မဖြစ်ခဲ့ပေမဲ့ မုန်တိုင်းဝင်ကာနီး လေငြိမ်သက်နေသလို အနေအထားရှိနေခဲ့တာပါ။ စစ်ကောင်စီတပ်က အိန္ဒိယဘက်ကနေသွင်းလာတဲ့ သံချပ်ကာကားအချို့အပါအဝင် ကြီးမားတဲ့ စစ်လက်နက်တွေကို တမူးမြို့ကနေ ကလေးမြို့ကို တမူး-ကလေး အာရှလမ်းမကြီးအတိုင်း ကုန်းလမ်းကတစ်ဆင့် သယ်ဖို့ကြိုးစားနေခဲ့ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မဟာမိတ်တွေကလည်း စစ်ကောင်စီကို မြို့ပြင်ကနေ ပိတ်ဆို့ထားခဲ့ပါတယ်။ မိုင်းအန္တရာယ်ကို ကြောက်လန့်နေတဲ့ စစ်ကောင်စီဟာ မြို့ပြင်ကိုမထွက်ရဲဘဲ လနဲ့ချီ ပိတ်မိနေခဲ့ပါတယ်။ လွယ်လွယ်နဲ့ ထွက်လို့မရတော့တဲ့ စစ်ကောင်စီတပ်ဟာ နိုဝင်ဘာလဆန်းပိုင်းမှာတော့ လေကြောင်းကနေ အင်အားဖြည့်တင်းလိုက်ပါတယ်။
နိုဝင်ဘာလ ၁၅ရက်မှာတော့ တမူးမြို့က ပြည်သူ့ကာကွယ်ရေး ညီနောင်မဟာမိတ်တပ်ရင်းတပ်ဖွဲ့ ခြောက်ခုရဲ့ စခန်းတွေကို စစ်ကောင်စီက အင်အားအများအပြားနဲ့ စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။ မဟာမိတ်အနေနဲ့စုဖွဲ့တည်ဆောက်ထားတဲ့ တမူးပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၄) ၊တမူး ပကဖ၊ ABSDF, BSO (Burma Student Organization, FRTနဲ့ CDM Police Fighterတို့ဟာ စခန်းတွေကို စွန့်ခွာခဲ့ရပါတယ်။ အဲ့ဒီစီးနင်းတိုက်ခိုက်ခံရမှုမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ပေမဲ့ ဖုန်းနဲ့လက်တော့တွေ၊ ပရင့်တာတွေကို စစ်ကောင်စီက သိမ်းယူသွားနိုင်ခဲ့ပါတယ်။ မအေးမာထွန်းရှင်းလင်းခံရတဲ့ ရုပ်သံဖိုင်ဟာ တမူးပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၄)က ရဲဘော်တစ်ဦးရဲ့ ဖုန်းထဲက ဖိုင်ဖြစ်တယ်လို့ ဒီအကြောင်းကို သိတဲ့ PDF ရဲဘော်တစ်ဦးက ပြောပါတယ်။
တမူးက ပြည်သူ့ကာကွယ်ရေး ညီနောင်မဟာမိတ်တွေရဲ့ စခန်းကို စီးနင်းတိုက်ခိုက်ပြီး ၁၈ရက် အကြာမှာတော့ အဲဒီရုပ်သံဖိုင်ကို စစ်ကောင်စီဘက်က မီးစိမ်းပြထုတ်ပြန်လိုက်တာပါ။
– သွေးခွဲဗျူဟာမှာ လက်သွက်နေတဲ့ စစ်ကောင်စီ
မအေးမာထွန်း သုတ်သင်ရှင်းလင်းခံရတဲ့ ဗီဒီယိုဖိုင်ဟာ ဒီဇင်ဘာလ ၃ ရက် ညနေမှာ ထွက်ပေါ်လာပါတယ်။ အဲ့ဒီညမှာပဲ စစ်ကောင်စီလော်ဘီအကောင့်တွေမှာ ” တမူးမြို့က NonCDM ဆရာမ မအေးမှာထွန်းကို PDF တွေက ရက်ရက်စက်စက်သတ်ဖြတ်လိုက်ပြီ။ ပြည်သူတွေ ရှုစားကြပါ” ဆိုပြီး ဖြန့်ဝေနေကြပါပြီ။ စစ်လော်ဘီတစ်ချို့ကဆို တောထဲခေါ်သွားပြီး အဓမ္မပြုကျင့်မှုတောင်ပြုခဲ့လိုက်သေးတယ်လို့ရေးသားပါတယ်။ နောက်တစ်နေ့ ဒီဇင်ဘာ ၄ ရက် နံနက်မှာတော့ စစ်ကောင်စီလုံခြုံရေးလိုက်ပါလာတဲ့ PDF ဆန့်ကျင်ရေးဆန္ဒပြပွဲကို လူတစ်ရာခန့်က တမူးမြို့မှာ လုပ်ခဲ့ကြပါတယ်။ စစ်ကောင်စီလော်ဘီတွေပြောနေသလို မအေးမာထွန်းဟာ Non CDM ဆရာမ မဟုတ်ပါဘူး။ သာမန်လက်လုပ်လက်စား အမျိုးသမီးတစ်ဦးဖြစ်ပြီး ဦးလေးဖြစ်သူ ပျူစောထီးခေါင်းဆောင်ရဲ့ အရှိန်နဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ အမာခံသတင်းပေးတစ်ဦးအဖြစ် ရပ်တည်နေသူလို့ တမူးမြို့ခံတွေက ပြောပါတယ်။
ဒီဗီယိုဖိုင်ဟာ စစ်ကောင်စီက ပြည်သူလူထုနဲ့ PDF ကြားကို မဟာဗျူဟာကျကျ အချိန်ကိုက် သွေးခွဲသပ်လျှိုလိုက်တာလို့ တော်လှန်ရေးအင်အားစုတွေက သုံးသပ်ပါတယ်။
ဗီဒီယိုဖိုင်ကို စစ်ကောင်စီက အခု ထုတ်ပြန်လိုက်တာဟာ ပြည်သူကြားမှာ ဒိီလို တရားလက်လွှတ်တွေဖြစ်လာနေလို့ သေဒဏ်တကယ်ပေးနေရတာလို့ ကမ္ဘာကမြင်အောင် ဖန်တီးတာဖြစ်နိုင်ကြောင်းနဲ့ ဒါမျိုးတွေအတွက် လုံခြုံမှုပေးနိုင်တာက တပ်မတော်ပဲ ရှိတာလို့ ဝါဒဖြန့်ပြီး ပျူစောထီးတွေထပ်မွေးလာနိုင်တယ်လို့ စစ်ကိုင်းတိုင်း တော်လှန်ရေးအင်အားစုဝင် ဦးစိုးဝင်းဆွေက သုံးသပ်ထားပါတယ်။
ဒါ့အပြင် ဒီဗီဒီရိုဖိုင်ကို ကမ္ဘာသိအောင်လုပ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ပုံဖျက်လာနိုင်တယ်လို့ သူက သုံးသပ်ထားပါတယ်။
တမူးပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း(၄)ကတော့ ဒီဗီဒီယိုဖိုင်မှတ်တမ်းဟာ သူတို့ဖိုင်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးမဟာမိတ်တွေကို နှုတ်အားဖြင့် အတည်ပြုဝန်ခံထားပေမယ့် တရားဝင်ထုတ်ပြန်ချက်ကိုတော့ ဒီနေ့ ဒီဇင်ဘာလ ၅ရက်အထိ မလုပ်သေးပါဘူး။
တာဝန်ယူမှု တာဝန်ခံမှုရှိစွာနဲ့ ပြည်သူလူထုကို အကြောင်းစုံရှင်းပြဖို့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့တွေက ဝိုင်းပြီး တိုက်တွန်းနေကြတယ်လို့ စစ်ကိိုင်းတိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဦးဆောင်သူတစ်ဦးကပြောပါတယ်။ ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ဒီဖြစ်ရပ်ကို ခပ်မြန်မြန်စုံစမ်းစစ်ဆေးပြီး အရေးယူဖို့ စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးအင်အားစုတွေက ဖိအားပေး တိုက်တွန်းနေကြပါတယ်။
ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဒီဇင်ဘာလ ၄ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကလည်း အခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေကြောင်းနဲ့ ဒီလို တရားမဲ့သတ်ဖြတ်မှုကို အပြင်းအထန် ရှုတ်ချတယ်တယ်လို့ ရေဒီယိုဖရီးအေးရှား (RFA) နဲ့ အင်တာဗျူးမှာ ထုတ်ပြောထားပါတယ်။
” NUG အစိုးရရဲ့မူဝါဒနဲ့ ဆန့်ကျင်နေတယ်။ ဒါ့ကြောင့် NUG အစိုးရအနေနဲ့ ဒါမျိုးကို ဘယ်လိုမှလက်ခံနိုင်စရာမရှိဘူး” လို့ ဦးကျော်ဇော်က ပြောကြားထားပါတယ်။
ပြည်သူလူထုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား သွေးခွဲသပ်လျှိုနိုင်တဲ့ ဂျိုကာဖဲတစ်ချပ်ကတော့ စစ်ကောင်စီလက်ဝယ် ရောက်နေပါပြီ။ ပြည်သူလူထုရဲ့ ယုံကြည်မှုကို လက်ဆုပ်လက်ကိုင်ရထားတဲ့
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဒီပြဿနာကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာတော့ မြန်မာကရော ကမ္ဘာကပါ စောင့်ကြည့်နေပါပြီ။
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဒီပြဿနာကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာတော့ မြန်မာကရော ကမ္ဘာကပါ စောင့်ကြည့်နေပါပြီ။
ဓာတ်ပုံ- (၁) မအေးမာထွန်းက စစ်ကောင်စီတပ်ကို သတင်းပေးလိုက်၍ ဖမ်းဆီးခံရပြီး စစ်ကြောရေးတွင်အသတ်ခံလိုက်ရသော အသက် ၁၇ နှစ်အရွယ် PDF ရဲဘော် ဟိန်း၀ဏ္ဏအောင်
ဓာတ်ပုံ (၂) မအေးမာထွန်းကို PDF ရဲဘော်တစ်ဦးက ရိုက်နှက်မေးမြန်းသောပုံ- ဗီဒီယို screen shot