Phyoe Ei Naing/Mizzima

ရုပ်ဆိုးဆိုင်ကယ်ဟု ခေါ်သည့် ခပ်စုတ်စုတ် ၀မ်းတူးဖိုက် ဆိုင်ကယ်ကို မောင်းနှင်လာသည့် လူတစ်ဦးကို သောက်စားထားဟန်ရှိသော လက်နက်ကိုင် တစ်ဦးက ရပ်ခိုင်း၍ ရစ်နေသည်။
မျက်လုံးများ နီရဲကာ မျက်နှာပင် ရဲနေသည့် အဆိုပါ လက်နက်ကိုင်ထံက ထွက်လာသည့် ထောင်းထနေသည့် အရက်နံ့က နံဘေးက ဖြတ်သွားသူများ၏ နှာခေါင်းတွင်းသို့ပင် တိုးဝင် လာသည်။ ဆိုင်ကယ် အနောက်ကို ပစ္စည်းတင်လျှင် တုတ်သည့် တုတ်ပင်အား ဆိုင်ကယ် အနောက်မှာ တုတ်ထားသည့် ကိစ္စကို ထိုလက်နက်ကိုင်က ရစ်နေခြင်း ဖြစ်သည်။
ပစ္စည်းတင်သည့် ဆိုင်ကယ် အများစုသည် တုတ်ပင်ဟု ခေါ်သည့် ပစ္စည်းချည်သည့် သရေကြိုးကို ဆိုင်ကယ်တွင် ဆောင်ထားလေ့ ရှိသည်မှာ မဆန်းပေ။ သို့သော် ထိုလက်နက်ကိုင် ရဲသားကတော့ ထူးဆန်း နေဟန်ဖြင့် တခြားလက်နက်ကိုင်များ ဆိုင်ကယ်နှစ်စီး စစ်ပြီးသွားသည် အထိ ရစ်နေသည်မှာ မပြီးသေးပေ။ မန္တလေးမြို့အခေါ် ကြားလမ်းဟုခေါ်သည့် ၇၈လမ်းနှင့်၇၉လမ်းကြား ၂၇လမ်း နေရာ၌ ညနေ ၄နာရီအချိန်ဝန်းကျင်တွင် စစ်ဆေးနေခြင်း ဖြစ်ပြီး အရစ်ခံရသူမှာ အသက် ၃၀ ဝန်းကျင် ချို့တဲ့ဟန် ရှိသည့် အမျိုးသား တစ်ဦး ဖြစ်သည်။
ဇီးရွက်လောက်သာ ရှိသော မျက်နှာနှင့် ဆရာချင်း ထပ်အောင် ခေါ်၍ တောင်းပန် နေသည်။ လက်နက်ကိုင်များ စစ်ဆေးလျှင် အနည်းဆုံး ငါးထောင်၊ တစ်သောင်း ပေးရသည်မှာ မန္တလေး မြို့ခံများ အဖို့ ရိုးနေပြီ ဖြစ်သည်။ သို့သော် ယခု ကာလတွင် အခြေခံ လူတန်းစားများအတွက် ငါးထောင်၊ တစ်သောင်းသည် မနည်းသော ပမာဏ ဖြစ်သည်။ အဆိုပါ အခြေအနေ ဘယ်လို ပြီးသွားသည် မသိ၊ မဆိုင်သူများ သွားကြရန် ဆဲဆို အော်ဟစ်သဖြင့် အားလုံး ထွက်လာခဲ့ရသည်။
စစ်ဆေးနေသည့် နေရာနှင့် မလှမ်းမကမ်း လမ်းထောင့်ချိုးတစ်နေရာတွင် မိသားစု အစုံ ပါဝင်သည့် ဆိုက်တွဲများ၊ အလုပ်ခွင်မှ ပြန်လာဟန် ရှိသည့် ထမင်းချိုင့်များ ဆွဲထားသည့် အလုပ်ကြမ်း သမားများ၊ ပန်းရံသမား ဖြစ်ဟန်တူသည့် ပန်းရံသုံး ပစ္စည်းများ ကိုင်ဆောင်ထားသူများ စုစုပေါင်း လူဦးရေ သုံးဆယ်ခန့် ရပ်စောင့်နေကြသည်။ သူတို့အားလုံး နီးပါးသည် နံပါတ်ပြား မပါသည့် ဆိုင်ကယ်များ ပေါ်တွင် သုံးယောက်တွဲ စီးလာကြသည်။ မန္တလေး ချမ်းအေးသာဇံမြို့နယ်၊ လျှပ်စစ်ဓာတ်အား ဖြည့်ဖြူးရေးရုံး နံဘေးတွင် အစုလိုက် အပြုံလိုက် ရပ်နေကြခြင်း ဖြစ်သည်။
ပင်ပန်းနေပုံ ပေါက်သော်လည်း ယခုကဲ့သို့ စောင့်ရသည်မှာ ဖြစ်ရိုးဖြစ်စဥ် တစ်ခုလို အေးအေးဆေးဆေးပင် စောင့်နေကြသည်။
သာမာန်အားဖြင့် ကားစီးလာသူများကို မန္တလေးမြို့တွင်း နေရာများ၌ အလွန်အကျွံစစ်ဆေးလေ့ မရှိပေ။ ဌာနဆိုင်ရာများ၊ တပ်အကြီးအကဲများနှင့် နီးစပ်သူများ ဖြစ်နေမည်ကို ယာဥ်ထိန်းရဲ အပါအဝင် လက်နက်ကိုင် စစ်ဆေးသူ အများစုက စိုးရိမ်ကြသည်။
မည်သည့်လိုင်စင်မှ မပါဘဲ စစ်တပ်နှင့် နီးစပ်သူတစ်ဦး၏ နာမည်ကို ပြောလိုက်သည်နှင့် စစ်ဆေးမှု မရှိဘဲ လွှတ်ပေးလေ့ရှိသည်။ မြို့တွင်း လိုင်စင်မဲ့ကားများ ပေါ်ပေါ်ထင်ထင် စီးနေခြင်းကို ကြည့်၍ပင် သိနိုင်သည်။ ယာဥ်ထိန်းရဲနှင့် စစ်သား၊ ရဲများ၏ အဓိကထား ငွေညစ် ခံရသူများမှာ အခြေခံ လူတန်းစားများသာ ဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံး စီးပွားရေးကျကာ အထိနာ ခဲ့ရသော်လည်း ပို၍ အထိနာခဲ့သည်မှာ အခြေခံ လူတန်းစားများပင် ဖြစ်သည်။ အခြေခံ ကုန်စျေးနှုန်း အဆမတန် မြင့်တက်ခဲ့ပြီး လုပ်ခလစာများက ကျဆင်းသွားသည်။ တစ်နေ့လျှင် ပန်းရံ အလုပ်သမားတစ်ဦး ကျပ် ၅,၀၀၀ ဝန်းကျင်မှ ၄,၀၀၀ ဝန်းကျင်သာ ဝင်တော့သည်။ ယခင်က ဆိုင်ကယ်ဆီ တစ်လီတာ ၁,၀၀၀ ကျပ် ဖြင့် လုပ်ငန်းခွင် ၂ ရက်ဆက်တိုက် စီးနိုင်သော်လည်း ယခု တစ်လီတာ ၃,၀၀၀ ကျပ် ဝန်းကျင်အထိ မြင့်တက်လာသည်။
“ဘာတစ်ခုမှ အဆင် မပြေဘူး။ အရင် ခေတ်ကောင်းတုန်းကလို လုပ်စားရတာလည်း အဆင်မပြေ။ အစိုးရက ထောက်ပံ့မလား ဆိုတော့လည်း ကိုယ့်မဖမ်းအောင် ကြည့်ကြပ် နေရသေးတယ်”ဟု ပြည်ကြီးတံခွန် မြို့နယ် ၊ သင်ပန်းကုန်းရပ်ကွက်မှ အမျိုးသား တစ်ဦးက ပြောသည်။
ထို့အပြင် အခြေခံ လူတန်းစား ရပ်ကွက်များတွင် မဖြစ်မနေ ဧည့်စာရင်း တိုင်ကြရပြီး ၁၅ ရက် တစ်ခါ ဧည့်စာရင်း တစ်ကြိမ်လျှင် အနည်းဆုံး ကျပ် ၂,၀၀၀ မှ ၅,၀၀၀ အထိ လက်ဖက်ရည်ဖိုး လဒ်ထိုး ရသေးသည်။ စစ်ကိုင်းတိုင်း ဇာတိ မှတ်ပုံတင်တွင် ၅/ ဖြစ်နေလျှင် ၁၅,၀၀၀ အထိ ပေးနေရသည်။
“သူတို့ ပေးမယ့်အစား PDF လှူလိုက်မှာပေါ့။ စစ်ခွေး တစ်ကောင်မှ သေသေ” ဟု အထွေထွေ လုပ်သား ကိုချစ်လွင် (အမည်လွှဲ) က ပြောသည်။
စစ်ကိုင်းတိုင်း၊ ကန့်ပလူမြို့နယ် ဇာတိ ၅/ ဖြစ်၍ ရပ်ကွက်ရုံး၌ ဧည့်စာရင်း တိုင်ရသည်က အစ မျက်နှာ ငယ်သည်ဟု ကိုချစ်လွင်က ပြောသည်။
“ဖေ့ဘုတ်မှာလေ သတင်းတွေမှာ တွေ့တယ် မဟုတ်လား။ တခြား တိုင်းရင်းသားတွေ မျက်နှာ ငယ်ရတယ်ပေါ့။ အဲ့တုန်းက ဒီကောင်တွေ အပိုပြောတာလို့ ထင်တာ။ ဘယ်ဟုတ်မလဲ၊ အခု ကိုယ်လည်း အဲ့လို ဖြစ်နေတာ။ ၅/ဆိုတာနဲ့ ဒီကောင်တွေက အမြင် ကပ်နေတာ ” ဟု ကိုချစ်လွင်က ပြောသည်။
ကိုချစ်လွင်က အသက် ၄၀ အရွယ် ရှိပြီး ပိန်ပိန်သွယ်သွယ်နှင့် မျက်နှာရွှင်သည့် လူမျိုး ဖြစ်သည်။ အသက် ၃၀ ကျော်အရွယ် ဇနီးသည်နှင့် အသက် ၉ နှစ်အရွယ် သမီးငယ်တို့ ဖြင့် မန္တလေးမြို့၌ နေထိုင်နေခြင်း ဖြစ်သည်။
ယခုနှစ် အောက်တိုဘာလက အောင်မြေသာစံ မြို့နယ်ရှိ အိမ်ငှားများသည့် ရပ်ကွက် တချို့ကို စစ်တပ်က စစ်ကြောင်း ဆင်းကာ ဧည့်စာရင်း ဝင်စစ်သည်။
ထိုထဲတွင် ကိုချစ်လွင်တို့ ဆင်းရဲသား ရပ်ကွက်လည်း ပါခဲ့သည်။ ဆင်းရဲသား ရပ်ကွက်ဟု ခေါ်သော်လည်း မည်သည့်အချိန်မှ တော်လှန်ရေးအတွက် လက်မနှေးသည့် ရပ်ကွက် ဖြစ်သည်။ ယခု အချိန်တွင် ယခင်ကလောက် မထောက်ပံ့ နိုင်ကြသော်လည်း အနည်းဆုံး လစဥ် ဖုန်းဘေလ် လောက်ကတော့ တော်လှန်ရေး အဖွဲ့သားများအတွက် ထောက်ပံ့လေ့ရှိသည်။
၂၀၂၂ ခုနှစ် အစတွင်မူ ထောက်ပံ့ရသည်မှာ အနည်းငယ် လွယ်ကူသေး၍ အမြဲတမ်း ထောက်ပံ့ ခဲ့ကြသော်လည်း ယခုအချိန်တွင် အချင်းချင်းပင် အသိ မပေးကြတော့ဘဲ တိုးတိုးတိတ်တိတ် ထောက်ပံ့ ကြရသည်။
“ကောလဟာလ တွေကလည်း တအား ပြန့်တာ ကျုပ်တို့ ရပ်ကွက်က။ စစ်သားလာရင်လည်း ကြောက်ကြတာ ပြာလို့ဗျာ။ ပြန်သွားရင် ဆဲဆိုပြီး PDF ပြန်လှူကြတာပဲ။ ဘယ်လောက် မွဲမွဲ လစဥ်တော့ ကူကြတယ်ဗျ” ဟု ကိုချစ်လွင်က ပြောသည်။
စစ်သားကိုလည်း အလွန်အကျွံ ကြောက်သည့် ကိုချစ်လွင်တို့ ရပ်ကွက်တွင် စစ်သားနှင့် တည့်တည့်တိုး ကာ မျက်ရည်နှင့် မျက်ခွက် ဖြစ်ခဲ့ရသည့် အချိန် ရှိခဲ့သေးသည်။
အရပ်ဝတ် တစ်ယောက်မှ မပါသည့် စစ်အင်အား ၂၀ ခန့် ၎င်းတို့ ရပ်ကွက်သို့ ရောက်လာခြင်း ဖြစ်သည်။ ရွေ့ပြောင်း နေထိုင်ကြသူ အိမ်ငှားအားလုံး ဧည့်စာရင်း မတိုင်ထားမိ၍ ဖမ်းဆီး ခံလိုက်ရသည်။
“အရင်က တိုင်တယ်။ မတိုင်ဖြစ်ကြတာ တစ်လလောက်ပဲ ရှိသေးတယ်။ အကုန်ဖမ်းခံရတာပဲ “ဟု ကိုချစ်လွင်က ဆိုသည်။
တချို့ရပ်ကွက်မှ ဖမ်းဆီးလာသူများကို ရပ်ကွက်ရုံးတွင် ဧည့်စာရင်း လုပ်ကာ ပြန်လွှတ် ပေးသော်လည်း ကိုချစ်လွင်တို့ ရပ်ကွက်က ၎င်းအပါအဝင် အယောက် ၃၀ ခန့် အမှတ် (၅) ရဲစခန်းသို့ အချုပ်ကားဖြင့် ခေါ်ဆောင်ခြင်း ခံခဲ့ရသည်။
“ဘာမှ မလုပ်ဘူး ဆိုပြီး ရပ်ကွက်ရုံး ခေါ်တာဗျာ။ ကျုပ်တို့က ရယ်ရယ်မောမောပဲ ပိုက်ဆံလေး ၅,၀၀၀ စီလောက် ယူပြီး လိုက်သွားတာပေါ့။ ည ၁၀ နာရီလောက် ရောက်တော့ ရဲစခန်းကို အကုန် ခေါ်သွားတာ။ အချုပ်ကားပေါ် ရောက်တော့ အကုန် ကြောက်ရတာပဲ။ စခန်း ရောက်ရောက်ချင်း ပုံစံထို င်ခိုင်းတာ။ မော့ကြည့်တဲ့ကောင် အသေဆော်တာ “ဟု ကိုချစ်လွင်က ပြောသည်။
ထိုတစ်ညလုံး သက်ကြီးရွယ်အို အဘိုးကြီးများမှအစ မည်သူမျှ အပေါ့အပါး မသွားရဘဲ တစ်နေရာထဲတွင် စုပြုံ နေကြရသည်။ မနက်ပိုင်း ရောက်တော့ တစ်ယောက်လျှင် ငွေကျပ် ၅၀,၀၀၀ ဒဏ်ကြေး ဆောင်ရမည်၊ ပြီးလျှင် တရားရုံးတွင် လက်မှတ်ထိုးပြီး ပြန်ရပြီဟု ကြားရသည်။
အုပ်ချုပ်ရေးမှူး ဆိုသူက ၎င်းတို့အား လာကြည့်သည်။ အာမခံ ပေးသော်လည်း မရ။ မည်သည့် တရားရုံးမှလည်း မသွားရ၊ ငုတ်တုပ်သာ ထိုင်နေရသည်။
ဖမ်းဆီးခံရပြီး နောက်ရက် မွန်းလွဲပိုင်း ၃ နာရီ ရောက်မှသာ ၎င်းတို့ ရပ်ကွက်ထဲရှိ စစ်တပ် အကြီးအကဲနှင့် ပိုင်နိုင်သူ တစ်ဦးက လာကူညီသည်။ ထိုမှသာ အစာ စားခွင့်နှင့် အပေါ့အပါး သွားလာခွင့် ရသည်။
“အုပ်ချုပ်ရေးမှူးတောင် ပြန်အဆူ ခံရသေးတယ်။ အကြီးပိုင်းနဲ့ အပေးအယူ ရှိတဲ့ သူတစ်ယောက်က လာမှ အဆင်ပြေသွားတာ။ ဟိုကလည်း အတော်ကိုပိုင်တာ။ စခန်းတစ်ခုလုံး ရဲရော၊ စစ်သားရော အငြိမ်ပဲ “ဟု ကိုချစ်လွင်က ၎င်း၏ အတွေ့အကြုံကို ပြောသည်။
ထို့နောက် အောင်မြေသာစံ မြို့နယ် တရားရုံးတွင် လက်မှတ်ထိုးကာ ပြန်လွတ်ခဲ့သည်။ တရားရုံး ဒဏ်ကြေးငွေ ကျပ် ၁၀,၀၀၀ နှင့် ရဲစခန်းပေးရငွေ ကျပ် ၁၀,၀၀၀ ကုန်ခဲ့သည်။
သို့သော် ယခုအချိန်တွင် ဧည့်စာရင်း မတိုင်မိလျှင် ငွေကျပ် ၅၀,၀၀၀ အပြင် ထောင်ဒဏ် တစ်လပါ ပိုလာသည်။
“သက်သက်မဲ့ ဖိနှိပ်တယ် ဆိုတာ အားလုံး သိနေတာပဲ။ တစ်ဖက်ကလည်း စစ်ကောင်စီ လက်အောက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ နောက်လိုက်တွေကို ငွေပြန်ရှာပေးတဲ့ သဘောပဲ” ဟု မန္တလေးမြို့ခံ လူငယ်တစ်ဦးက ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် တော်လှန်ရေးကို ပါဝင်ခဲ့ကြသူများတွင် အခြေခံ လူတန်းစားများ အများအပြား ပါဝင်ခဲ့ပြီး စစ်တပ်ကလည်း ခေတ်အဆက်ဆက် လူချမ်းသာ အသိုင်းဝိုင်းထက် အခြေခံ လူတန်းစားများကို ပိုမို ဖိနှိပ်ခဲ့သည်။
“ဟာ ကျွန်တော်တို့က အရင်ခေတ်က လူဆင်းရဲ ရပ်ကွက်ဆို အစိုးရရော ၊တခြား ပြည်သူတွေ ကရော ပိုဂရုစိုက် ခံရသေးတယ်။ ကိုဗစ်ကာလ တုန်းကတောင် လှူကြတာတွေရော၊ အစိုးရ ထောက်ပံ့ကြေးတွေရော ရခဲ့သေးတယ်။ ဒီ စစ်အစိုးရလက်ထပ်မှ ခံရတဲ့ ဘက်ကချည်းပဲ။ ကြောက်တာကတော့ ကြောက်တာပဲ။ ကျုပ်တို့က ဆက်ထောက်ပံ့ နေအုံးမှာ။ ပြောရရင် ကိုယ်တိုင် သေနတ်ကိုင်ပြီးတောင် သွားတိုက်လိုက်ချင်သေးတယ်” ဟု ကိုချစ်လွင်က ရယ်မောရင်း ပြောသည်။